နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဖိတ်​ခေါ်ထားတဲ့ စစ်ကောင်စီက (၁၀) ရက်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် (၄၀) နီးပါး တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ လေကြောင်းက ဗုံးကြဲခံရပြီးနောက်မြင်ကွင်း (အောက်တိုဘာ ၁၀၊ ၂၀၂၄)

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ဖိတ်ခေါ်တယ်လို့ စစ်ကောင်စီက ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့က ကမ်းလှမ်းခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ကမ်းလှမ်းမှုအတွင်းမှာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးနဲ့ ရွေးကောက်ပွဲဝင်ကြဖို့ ထုတ်ပြန်ချက်အတွင်းမှာ ထည့်သွင်းထားပါတယ်။

စစ်ကောင်စီရဲ့ ကမ်းလှမ်းမှုအဟာ ဟန်ပြကမ်းလှမ်းမှုသာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက တုံ့ပြန်ကြပါတယ်။ စစ်ကောင်စီဘက်က တော်လှန်ရေး အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့တာနဲ့ အကြမ်းဖက်မှုတွေကို လုပ်ဆောင်နေပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်တာဟာ ယုတ္တိမရှိသော လုပ်ရပ်တခုသာဖြစ်တယ်လို့ အောက်တိုဘာလ (၁) ရက်နေ့မှာ NUCC နဲ့ NUG က ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံမှာ လူသားအရင်းအမြစ်တွေ ပြည်သူပိုင် အခြေခံအဆောက်အဦတွေ၊ ပြည်သူ့အသက်အိုးစည်းစိမ်တွေ ဆုံးရှုံးနေရတာကြောင့် တော်လှန်ရေးအင်အားစုတွေကို လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးနဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို လုပ်ဆောင်ဖို့ ကမ်းလှမ်းတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုမှုတွေမှာ စစ်ကောင်စီကို လက်နက်ကိုင် တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် ခေါ်ဝေါ်သုံးစွဲထားတာကိုလည်း တွေ့ရပါတယ်။

စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ ကမ်းလှမ်းတဲ့ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တဲ့ စက်တင်ဘာလ (၂၆) ရက်နေ့ကနေစပြီး အောက်တိုဘာလ (၅) ရက်နေ့အထိ ၁၀ ရက်တာအတွင်း ပြည်နယ်နဲ့ တိုင်းဒေသ (၇) ခုရဲ့ မြို့နယ်ပေါင်း (၂၁) မြို့နယ်မှာ စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုပေါင်း ( ၃၉ )ကြိမ် ထက်မနည်း လုပ်ဆောင်ထားပါတယ်။ ၁၀ ရက်တာအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုအများဆုံးပြုလုပ်ထားပါတယ်။ လာရှိုး၊ သီပေါ နဲ့ မိုင်းရယ်တို့မှာ စစ်ကောင်စီက (၁၆) ကြိမ်ထက်မနည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ (၂၀) ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာလည်း ၁၀ ရက်တာအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၁၀) ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာတော့ ၁၀ ရက်တာအတွင်းက စစ်ကောင်စီက (၉) ကြိမ်ထက်မနည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် နိုင်ငံတဝန်းမှာ အရပ်သားပြည်သူထိခိုက်သေဆုံးမှုက (၆၅) ဦးထက်မနည်းရှိခဲ့ပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီလေကြောင်းကဗုံးကြဲခဲ့အပြီး မြင်ကွင်း (အောက်တိုဘာ ၄၊ ၂၀၂၄)

လေကြောင်းတိုက်ခိုက်မှုအပါအဝင် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုကြောင့် ၁၀ ရက်တာအတွင်းမှာ အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း (၆၀) ကျော်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် (၃၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး ချင်းပြည်နယ် မင်းတပ်မြို့ မှာ စစ်ကောင်စီက နေအိမ်တွေကို မီးရှို့မှုကြောင့် အရပ်သားနေအိမ် (၃၀) ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁) လအတွင်းမှာ စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ် (၃၅၀) တိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ (၂၁၇) ဦး သေဆုံးခဲ့ရတယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေး (BMC) က အောက်တိုဘာလ (၅) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပြုလုပ်နိုင်ဖို့ ပြင်ဆင်နေပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ( ၁) ရက်နေ့ကနေ စတင်ပြီး သန်းခေါင်စာရင်းကောက်ယူမှုကို စတင်လုပ်ဆောင်လာပါတယ်။ စစ်ကောင်စီက သန်ခေါင်စားရင်ကောက်ယူမှု နဲ့ ရွေးကောက်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ နိုင်ငံတဝန်း လက်နက်ကိုင်တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁) လအတွင်းမှာတင် ပြည်နယ်နဲ့တိုင်းဒေသ (၁၀)ခု ရဲ့ (၅၂) မြို့ထက်မနည်းမှာ လက်နက်တိုက်ပွဲကြီးငယ်တွေ ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီ အပြည့်အ၀ထိန်းချုပ်ထားနိုင်တဲ့ ရန်ကုန်၊မန္တလေး မြို့ကြီးတွေမှာလည်း မြို့ပြပြောက်ကျားတိုက်ခိုက်မှုတွေကို ရှိခဲ့ပါတယ်။ အာဏာသိမ်းမှု (၃) နှစ်ကျော်လာချိန်မှာ နိုင်ငံတဝန်း မြို့ပေါင်း (၈၀) ခန့်ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထိန်းချုပ်ထားနိုင်တာကိုတွေ့ရပါတယ်။

စစ်ကောင်စီက နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကမ်းလှမ်းထားပေမယ့် တဖက်မှာလည်း အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ လျော့ကျသွားခြင်းမရှိဘဲ နေ့စဉ်နီးပါး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဒရုန်းအသုံးပြုတိုက်ခိုက်မှုတွေ ရှိနေတာတွေ့ရပါတယ်။