မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၃၀,၄၃၇၊ သေဆုံး ၆၉၃

COVID ရောဂါစစ်ဆေးတဲ့ test kit တွေကို ကိုင်ဆောင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းများကို ရန်ကုန်မြို့မှာ တွေ့ရ။ (အောက်တိုဘာ ၁၃၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ဒီကနေ့ COVID-19 ကူးစက်သူ ၁,၁၂၃ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့ အတွက် ကူးစက်သူ စုစုပေါင်း ၃၀,၄၃၇ ယောက်ရှိပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၁၃ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁၃,၂၅၈ ခုကို စစ်ဆေးခဲ့တာမှာ အခုလို လူနာသစ် ၁,၁၀၀ ကျော်ထပ်ပြီး အတည်ပြုခဲ့တာပါ။ COVID-19 ကြောင့် သေဆုံးသူဒီကနေ့ အတွက် ၂၉ ယောက်ရှိတာကြောင့် သေဆုံးသူပေါင်းက ၆၉၃ ယောက်ရှိပါတယ်။

အခုထိ ဓာတ်ခွဲနမူနာပေါင်း ၄၄၁,၉၂၆ ခုစစ်ဆေးပြီးခဲ့ပြီး အတည်ပြုလူနာတွေထဲ ပြန်ပြီးကျန်းမာလာသူက ၁၁,၇၆၉ ယောက်ရှိပါတယ်။

COVID-19 ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း သီတင်း ၂ ပတ်ကျော်ကြာ ယာယီပိတ်ထားခဲ့တဲ့ စက်ရုံ၊ အလုပ်ရုံပေါင်း ၃,၀၀၀ လောက်ကို မနေ့ကစပြီး ပြန်ဖွင့်ခွင့်ပြုလိုက်ပါတယ်။ ဒီစက်ရုံ၊ အလုပ်ရုံတွေကို ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စိစစ်မှုတွေ ပြုလုပ်ခြင်းမရှိဘဲ ပြန်ဖွင့်ခွင့်ပြုလိုက်တယ်ဆိုပြီး အလုပ်သမားတွေကြား ရောဂါကူးစက်ပြန့်ပွါးမှု ရှိမှာကို စိုးရိမ်နေကြပါတယ်။ အစိုးရဘက်ကတော့ ကိုဗစ်ဆိုင်ရာကျန်းမာရေးညွှန်ကြားချက်မလိုက်နာတဲ့ စက်ရုံအလုပ်ရုံတွေကို ချက်ခြင်းလုပ်ငန်း ဆိုင်းငံ့အရေးယူမယ်လို့ ပြောထားပါတယ်။

[Unicode Version]




SEE ALSO: ရန်ကုန်ကပ်ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ထမ်းတွေ အားဖြည့်ထား
