သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ စီးပြားေရးနာလန္ထူဖို႔ ကာကြယ္ေရးလိုအပ္ခ်က္ေတြနဲ႔အညီ စက္ရံု၊ အလုပ္ရံုေတြ အျမန္ဆံုးဖြင့္ဖို႔ လိုအပ္


မွတ္တမ္းဓါတ္ပံု - ေမလ ၂၈ ရက္ေန႔က COVID ကာကြယ္ေရးလုပ္ငန္းစဥ္ႏွစ္အညီ ဖြင့္ထားေသာ ရန္ကုန္ရွိ အထည္ခ်ဳပ္စက္ရံုတခု

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါေၾကာင့္ စီးပြားေရးအထိနာေနတဲ့ ျမန္မာႏိုင္ငံမွာ စက္ရံု၊ အလုပ္ရံုေတြပါ ၾကာၾကာရပ္ဆိုင္းထားမယ္ဆိုရင္ ရင္းႏွီးျမွုပ္ႏွံမႈေတြနဲ႔ အတူ ေနာက္ဆက္တဲြ အလုပ္သမားေတြရဲ႕ ဘ၀ရပ္တည္မႈကိုပါ ထိခိုက္လာမယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သတိေပးလိုက္ပါတယ္။ ေရာဂါကာကြယ္ေရး စည္းမ်ဥ္းစည္းကမ္းေတြကို အတိအက်လိုက္နာၿပီး လုပ္ငန္းေတြလည္ပတ္ဖို႔လည္း သူက တိုက္တြန္းသြားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈ ဗဟိုအခ်က္အခ်ာျဖစ္ေနတဲ့ ရန္ကုန္တိုင္းအတြင္း ေအာက္တိုဘာလ ၁၂ ရက္ တနလၤာေန႔က စၿပီး ေရာဂါ ကာကြယ္ေရး လိုအပ္ခ်က္ျပည့္မွီတဲ့ အဆင့္ A အထိ ရေအာင္ ျပင္ဆင္ထားတဲ့ ကုန္ၾကမ္းယူ၊ ကုန္ေခ်ာေပး လက္ခစားေဆာင္႐ြက္တဲ့ CMP အပါအဝင္ စက္႐ုံ၊ အလုပ္႐ုံေတြကို ျပန္ဖြင့္ခြင့္ ေပးလိုက္တဲ့ အေျခအေန အေသးစိတ္ ကိုၿငိမ္းခ်မ္းက တင္ျပထားပါတယ္။

ေရာဂါပိုးကူးစက္မႈေတြ မ်ားေနတဲ့ အတြက္ လူေတြကို အိမ္ထဲမွာပဲ ေနဖို႔ သတ္မွတ္ထားတဲ့ ရန္ကုန္တိုင္းအတြင္းမွာေရာဂါပိုး မကူးစက္ႏိုင္ေအာင္ Grade A အဆင့္ အထိ စီမံထားတဲ့ စက္႐ုံေတြ၊ အလုပ္႐ုံေတြကို COVID-19 ေရာဂါ ကာကြယ္၊ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီ ရဲ႕ ဆုံးျဖတ္ခ်က္ နဲ႔ ျပန္လုပ္ပိုင္ခြင့္ေပးမယ္လို႔ က်န္းမာေရး နဲ႔ အားကစား ဝန္ႀကီးဌာနက ေအာက္တိုဘာလ ၁၀ ရက္ေန႔ က အမိန႔္ထုတ္ျပန္လိုက္တာပါ။ ဘာေၾကာင့္ အခုလို ျပန္ဖြင့္ခြင့္ေပးလိုက္တယ္ ဆိုတာ နဲ႔ ပတ္သက္ၿပီး COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ က ျပည္သူကို အစီရင္ခံတင္ျပတဲ့ ေအာက္တိုဘာလ ၁၂ ရက္ေန႔ မိန႔္ခြန္းမွာ အခုလို ေျပာခဲ့ပါတယ္။

”ဒီလို လုပ္ငန္း လည္ပတ္ႏိုင္ဖို႔အတြက္ လုပ္တယ္ဆိုတာက အခုေရတို တင္မကပါဘူး။ ေရရွည္က်မတို႔ ႏိုင္ငံရဲ႕ စီးပြားေရးအတြက္ ၾကည့္ၿပီးေတာ့ လုပ္ရပါတယ္။ ဒီလိုအခ်ိန္မွာ က်မတို႔ စက္႐ုံေတြ၊ အလုပ္႐ုံေတြ ၾကာၾကာရပ္သြားရတယ္ဆိုရင္ အဲ့ဒီရင္းႏွီးျမွဳပ္ႏွံမႈေတြက ဆက္ၿပီးရခ်င္မွ ရမွာပါ။ အဲ့ဒီလိုနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈေတြ က ဆုံးရႈံးသြားရတယ္ဆိုရင္ ေရရွည္မွာက်မတို႔ရဲ႕ စီးပြားေရး၊ က်မတို႔ အလုပ္သမားမ်ားရဲ႕ ဘဝကို ထိခိုက္ႏိုင္ပါတယ္။ ဒါေၾကာင့္ စက္႐ုံ၊ အလုပ္႐ုံမ်ားကိုျမန္ျမန္ဆန္ဆန္ ျပန္ၿပီးေတာ့ လည္ပတ္ေစခ်င္ပါတယ္။ ဒီလိုလည္ပတ္ႏိုင္ဖို႔ အဓိက က်တာကေတာ က်မတို႔ အလုပ္သမားမ်ားဟာ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြအရေနရမွာ ျဖစ္ပါတယ္။စက္႐ုံ၊ အလုပ္႐ုံ ပိုင္ရွင္ေတြ မွလည္း တာဝန္ရွိသလို အလုပ္သမား တဦးခ်င္း တဦးခ်င္းစီမွာလည္း တာဝန္ရွိပါတယ္။”

ေအာက္တိုဘာလ ၁၁ ရက္ေန႔မွာ စက္မႈလုပ္ငန္းငန္းရွင္မ်ားကို ရည္ၫႊန္းထုတ္ျပန္ထားတဲ့ လႈိင္သာယာ စက္မႈဇုန္စီမံခန႔္ခြဲေရးေကာ္မတီ စာမွာေတာ့ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ စစ္ေဆးမႈကို ခံယူၿပီး Grade A နဲ႔ Grade B ရတဲ့ စက္႐ုံေတြကိုပါလုပ္ငန္းလိုအပ္ခ်က္မ်ားကို ျပဳျပင္ၿပီး ျပန္ဖြင့္ခြင့္ေပးမယ္လို႔ ေရးထားပါတယ္။ ဒါ နဲ႔ ပတ္သက္ၿပီး Grade A နဲ႔ Grade B ကြာျခားမႈေတြ အေၾကာင္းကို ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း အေထြေထြ အတြင္းေရးမႉး ေဒၚခိုင္ခိုင္ႏြယ္က အခုလို ရွင္းျပပါတယ္။

“ရန္ကုန္တိုင္း အလုပ္သမားဝန္ႀကီးဆီက ၾကားတဲ့သတင္းအရေတာ့ Grade A က ၂၀၀၀ ေက်ာ္ ရွိတယ္လို႔ ၾကားတာေပါ့ေနာ္။ ၂၂၀၀ နီးပါးေတာ့ ရွိတာေပါ့ေနာ္။ က်န္းမာေရးအတြက္ လိုအပ္ခ်က္ေတာ့ အမ်ားႀကီးရွိတာေပါ့ေနာ္။ ဒီလိုအပ္ခ်က္ေတြ ျပည့္မွီတယ္ဆိုရင္ေပါ့။ အားလုံးဆိုရင္ေတာ့ A category ထဲဝင္သြားတယ္လို႔ ဒီလိုနားလည္ပါတယ္။ အနည္းအက်ဥ္း ျပင္ဆင္ရမယ္ဆိုရင္ေတာ့B ထဲ ဝင္တယ္လို႔ နားလည္ပါတယ္။ ေတာ္ေတာ္မ်ားမ်ား ျပင္ဆင္ရမယ့္ အပိုင္းဆိုရင္ C ထဲဝင္တယ္လို႔ နားလည္ပါတယ္။ အခု ဒီတစ္ေခါက္ က်မတို႔ နားလည္လိုက္တာက လုပ္ငန္းေတြ အားလုံးကို ရန္ကုန္တိုင္း အစိုးရ ကပဲလည္း က်မတို႔ကို ႏႈိးေဆာ္ထားတာ ရွိပါတယ္။ ကိုယ့္ရဲ႕ လုပ္ငန္းေတြကို ကိုယ္ ခုနက Category level ေပါ့ေနာ္ လက္ခံႏိုင္ေလာက္တဲ့ A အဆင့္ ျဖစ္ေအာင္ ျပင္ဆင္ထားပါ။ ဒီလို ျပင္ဆင္ထားတယ္လို႔ ကိုယ္ဘာသာကိုယ္ ယုံၾကည္မႈရွိရင္ က်မတို႔ ဖြင့္လို႔ရပါတယ္။”

ဒါေပမဲ့လည္း အလုပ္သမားေတြဘက္ကလည္း တခ်ိဳ႕စက္႐ုံေတြမွာ ေရာဂါပိုး ကာကြယ္ေရး အစီအမံေတြ မလုံေလာက္တဲ့အေၾကာင္း Running Tex အလုပ္သမား သမဂၢ ဥကၠ႒ မတင္တင္ေဝက အခုလို ေျပာပါတယ္။

“ညီမ ဥပမာ ေျပာျပမယ္ဆို ညီမတို႔ အလုပ္သမားေတြ အတြက္ကို Mask ေပးဖို႔၊ Mask ကို တေန႔ တခုေပးဖို႔ ဆိုရင္ စက္႐ုံ အလုပ္ရွင္ဘက္ေနၿပီးေတာ့ တေန႔ကို တခုမေပးႏိုင္ဘူး။ တပတ္ကိုမွ ၂ ခုေလာက္ပဲေပးႏိုင္တယ္။ ၿပီးေတာ့ စက္႐ုံမွာက ညီမတို႔ ဒီ လက္ေဆး ဆပ္ျပာေတြ၊ ၿပီးရင္ ကိုယ္ အပူတိုင္းတဲ့ဟာေတြ တိုင္းေတာ့ တိုင္းတယ္ေပါ့ေနာ္။ လက္ေဆး ဆပ္ျပာေတြက အလုံအေလာက္မရွိဘူး။ လက္ဆပ္ ဆပ္ျပာရည္ မရွိလို႔ သြားသြား ေျပာရတဲ့ ေနရာေတြလည္း ပါတယ္ေပါ့ေနာ္။ အလုပ္သမားေတြ တစ္ေယာက္ နဲ႔ တစ္ေယာက္ ၆ ေပ မကြာဘူး။ ဒီ အလုပ္သမားေတြက လူစုလူေဝး ျဖစ္ေနတာပဲ။ ညီမတို႔ ထမင္းစားေသာက္ေနတာ ဆိုလည္း တအားမ်ားတယ္။ လူဦးေရ ၈၀၀ ေက်ာ္ ၉၀၀ - ၁၀၀၀ နီးပါး ရွိတဲ့ စက္႐ုံက ၂ ခ်ိန္ ခြဲစားတယ္။ လူေတြက ခုံတခုံမွာ ေလး ငါးေယာက္ေတြ စားေနတာေတြလည္း ရွိတယ္။”

စက္႐ုံအလုပ္႐ုံေတြဟာ ကိုဗစ္ မတိုင္ခင္က ေဆာက္လုပ္ ျပင္ဆင္ထားတဲ့ျဖစ္တဲ့ တေယာက္ နဲ႔ တေယာက္ ၆ ေပခြာဖို႔ ျဖစ္ႏိုင္သလားဆိုတာ ကို ေမးၾကည့္တဲ့အခါမွာေတာ့ ေဒၚခိုင္ခိုင္ႏြယ္က အခုလို ေျပာပါတယ္။

“က်မတို႔ အထည္ခ်ဳပ္စက္ရဲ႕ စားပြဲ ၁ လုံးက ၃.၅ မီတာ ရွိပါတယ္။ စားပြဲတခုက။ အမ်ားေသာအားျဖင့္ က်မတို႔က စားပြဲ ၂ ခုကို ဆက္ထားပါတယ္။ အလုပ္သမား တစ္ေယာက္ နဲ႔ တေယာက္ ထိုင္တဲ့ အကြာအေဝးဟာ အနည္းဆုံး မရွိဘူးဆိုရင္ ၅ ေပေလာက္ေတာ့ ရွိပါတယ္။ ၿပီးေတာ့ သူတို႔ Mask ကို တပ္ပါတယ္။ စကားလည္း မေျပာၾကပါဘူး။ တကယ္လို႔ အဲ့လို မကြာႏိုင္တဲ့ ေနရာမ်ိဳးမွာဆိုရင္ေတာ့ Quality Control လုပ္တဲ့ေနရာမွာ ဆိုရင္ Plastic Shield ေတြ ကာပါတယ္။ ၿပီးရင္ တေယာက္ နဲ႔ တေယာက္ က်မတို႔ က မ်က္ႏွာခ်င္းဆိုင္ မထားပါဘူး။ မ်က္ေစာင္းထိုး ေနခိုင္းပါတယ္။ သူတို႔ကလည္းပဲ စကားမေျပာရပါဘူး။”

ဇြန္လ ၂၅ ရက္ က ထုတ္ျပန္ခဲ့တဲ့ ကမာၻ႔ဘဏ္ရဲ႕ ျမန္မာ့စီးပြားေရးေလ့လာေစာင့္ၾကည့္ျခင္း အစီရင္ခံစာအရ ကိုဗစ္ ၁၉ကပ္ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးအေပၚျပင္းထန္တဲ့ သက္ေရာက္မႈေတြ ရွိမွာျဖစ္ၿပီး ၂၀၁၈-၂၀၁၉တုန္းက ျမန္မာ့စီးပြားေရးဟာ ၆.၈% တိုးတက္မႈႏႈန္းရွိခဲ့ေပမဲ့၂၀၁၉ - ၂၀၂၀ ခုႏွစ္အတြင္း တိုးတက္ႏႈန္းဟာ ဝ.၅% ပဲ ရွိမယ္လို႔ ခန႔္မွန္းထားပါတယ္။

...............

(Unicode)

COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးအထိနာနေတဲ့ မြန်မာနိုင်ငံမှာ စက်ရုံ၊ အလုပ်ရုံတွေပါ ကြာကြာရပ်ဆိုင်းထားမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အတူ နောက်ဆက်တွဲ အလုပ်သမားတွေရဲ့ ဘဝရပ်တည်မှုကိုပါ ထိခိုက်လာမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို အတိအကျလိုက်နာပြီး လုပ်ငန်းတွေလည်ပတ်ဖို့လည်း သူက တိုက်တွန်းသွားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ဗဟိုအချက်အချာဖြစ်နေတဲ့ ရန်ကုန်တိုင်းအတွင်း အောက်တိုဘာလ ၁၂ ရက် တနင်္လာနေ့က စပြီး ရောဂါ ကာကွယ်ရေး လိုအပ်ချက်ပြည့်မှီတဲ့ အဆင့် A အထိ ရအောင် ပြင်ဆင်ထားတဲ့ ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားဆောင်ရွက်တဲ့ CMP အပါအဝင် စက်ရုံ၊ အလုပ်ရုံတွေကို ပြန်ဖွင့်ခွင့် ပေးလိုက်တဲ့ အခြေအနေ အသေးစိတ် ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

ရောဂါပိုးကူးစက်မှုတွေ များနေတဲ့ အတွက် လူတွေကို အိမ်ထဲမှာပဲ နေဖို့ သတ်မှတ်ထားတဲ့ ရန်ကုန်တိုင်းအတွင်းမှာရောဂါပိုး မကူးစက်နိုင်အောင် Grade A အဆင့် အထိ စီမံထားတဲ့ စက်ရုံတွေ၊ အလုပ်ရုံတွေကို COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ရဲ့ ဆုံးဖြတ်ချက် နဲ့ ပြန်လုပ်ပိုင်ခွင့်ပေးမယ်လို့ ကျန်းမာရေး နဲ့ အားကစား ဝန်ကြီးဌာနက အောက်တိုဘာလ ၁၀ ရက်နေ့ က အမိန့်ထုတ်ပြန်လိုက်တာပါ။ ဘာကြောင့် အခုလို ပြန်ဖွင့်ခွင့်ပေးလိုက်တယ် ဆိုတာ နဲ့ ပတ်သက်ပြီး COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြည်သူကို အစီရင်ခံတင်ပြတဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ မိန့်ခွန်းမှာ အခုလို ပြောခဲ့ပါတယ်။

”ဒီလို လုပ်ငန်း လည်ပတ်နိုင်ဖို့အတွက် လုပ်တယ်ဆိုတာက အခုရေတို တင်မကပါဘူး။ ရေရှည်ကျမတို့ နိုင်ငံရဲ့ စီးပွားရေးအတွက် ကြည့်ပြီးတော့ လုပ်ရပါတယ်။ ဒီလိုအချိန်မှာ ကျမတို့ စက်ရုံတွေ၊ အလုပ်ရုံတွေ ကြာကြာရပ်သွားရတယ်ဆိုရင် အဲ့ဒီရင်းနှီးမြှုပ်နှံမှုတွေက ဆက်ပြီးရချင်မှ ရမှာပါ။ အဲ့ဒီလိုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ က ဆုံးရှုံးသွားရတယ်ဆိုရင် ရေရှည်မှာကျမတို့ရဲ့ စီးပွားရေး၊ ကျမတို့ အလုပ်သမားများရဲ့ ဘဝကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် စက်ရုံ၊ အလုပ်ရုံများကိုမြန်မြန်ဆန်ဆန် ပြန်ပြီးတော့ လည်ပတ်စေချင်ပါတယ်။ ဒီလိုလည်ပတ်နိုင်ဖို့ အဓိက ကျတာကတော ကျမတို့ အလုပ်သမားများဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရနေရမှာ ဖြစ်ပါတယ်။စက်ရုံ၊ အလုပ်ရုံ ပိုင်ရှင်တွေ မှလည်း တာဝန်ရှိသလို အလုပ်သမား တဦးချင်း တဦးချင်းစီမှာလည်း တာဝန်ရှိပါတယ်။”

အောက်တိုဘာလ ၁၁ ရက်နေ့မှာ စက်မှုလုပ်ငန်းငန်းရှင်များကို ရည်ညွှန်းထုတ်ပြန်ထားတဲ့ လှိုင်သာယာ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ စာမှာတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စစ်ဆေးမှုကို ခံယူပြီး Grade A နဲ့ Grade B ရတဲ့ စက်ရုံတွေကိုပါလုပ်ငန်းလိုအပ်ချက်များကို ပြုပြင်ပြီး ပြန်ဖွင့်ခွင့်ပေးမယ်လို့ ရေးထားပါတယ်။ ဒါ နဲ့ ပတ်သက်ပြီး Grade A နဲ့ Grade B ကွာခြားမှုတွေ အကြောင်းကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က အခုလို ရှင်းပြပါတယ်။

“ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီးဆီက ကြားတဲ့သတင်းအရတော့ Grade A က ၂၀၀၀ ကျော် ရှိတယ်လို့ ကြားတာပေါ့နော်။ ၂၂၀၀ နီးပါးတော့ ရှိတာပေါ့နော်။ ကျန်းမာရေးအတွက် လိုအပ်ချက်တော့ အများကြီးရှိတာပေါ့နော်။ ဒီလိုအပ်ချက်တွေ ပြည့်မှီတယ်ဆိုရင်ပေါ့။ အားလုံးဆိုရင်တော့ A category ထဲဝင်သွားတယ်လို့ ဒီလိုနားလည်ပါတယ်။ အနည်းအကျဉ်း ပြင်ဆင်ရမယ်ဆိုရင်တော့B ထဲ ဝင်တယ်လို့ နားလည်ပါတယ်။ တော်တော်များများ ပြင်ဆင်ရမယ့် အပိုင်းဆိုရင် C ထဲဝင်တယ်လို့ နားလည်ပါတယ်။ အခု ဒီတစ်ခေါက် ကျမတို့ နားလည်လိုက်တာက လုပ်ငန်းတွေ အားလုံးကို ရန်ကုန်တိုင်း အစိုးရ ကပဲလည်း ကျမတို့ကို နှိုးဆော်ထားတာ ရှိပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းတွေကို ကိုယ် ခုနက Category level ပေါ့နော် လက်ခံနိုင်လောက်တဲ့ A အဆင့် ဖြစ်အောင် ပြင်ဆင်ထားပါ။ ဒီလို ပြင်ဆင်ထားတယ်လို့ ကိုယ်ဘာသာကိုယ် ယုံကြည်မှုရှိရင် ကျမတို့ ဖွင့်လို့ရပါတယ်။”

ဒါပေမဲ့လည်း အလုပ်သမားတွေဘက်ကလည်း တချို့စက်ရုံတွေမှာ ရောဂါပိုး ကာကွယ်ရေး အစီအမံတွေ မလုံလောက်တဲ့အကြောင်း Running Tex အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ မတင်တင်ဝေက အခုလို ပြောပါတယ်။

“ညီမ ဥပမာ ပြောပြမယ်ဆို ညီမတို့ အလုပ်သမားတွေ အတွက်ကို Mask ပေးဖို့၊ Mask ကို တနေ့ တခုပေးဖို့ ဆိုရင် စက်ရုံ အလုပ်ရှင်ဘက်နေပြီးတော့ တနေ့ကို တခုမပေးနိုင်ဘူး။ တပတ်ကိုမှ ၂ ခုလောက်ပဲပေးနိုင်တယ်။ ပြီးတော့ စက်ရုံမှာက ညီမတို့ ဒီ လက်ဆေး ဆပ်ပြာတွေ၊ ပြီးရင် ကိုယ် အပူတိုင်းတဲ့ဟာတွေ တိုင်းတော့ တိုင်းတယ်ပေါ့နော်။ လက်ဆေး ဆပ်ပြာတွေက အလုံအလောက်မရှိဘူး။ လက်ဆပ် ဆပ်ပြာရည် မရှိလို့ သွားသွား ပြောရတဲ့ နေရာတွေလည်း ပါတယ်ပေါ့နော်။ အလုပ်သမားတွေ တစ်ယောက် နဲ့ တစ်ယောက် ၆ ပေ မကွာဘူး။ ဒီ အလုပ်သမားတွေက လူစုလူဝေး ဖြစ်နေတာပဲ။ ညီမတို့ ထမင်းစားသောက်နေတာ ဆိုလည်း တအားများတယ်။ လူဦးရေ ၈၀၀ ကျော် ၉၀၀ - ၁၀၀၀ နီးပါး ရှိတဲ့ စက်ရုံက ၂ ချိန် ခွဲစားတယ်။ လူတွေက ခုံတခုံမှာ လေး ငါးယောက်တွေ စားနေတာတွေလည်း ရှိတယ်။”

စက်ရုံအလုပ်ရုံတွေဟာ ကိုဗစ် မတိုင်ခင်က ဆောက်လုပ် ပြင်ဆင်ထားတဲ့ဖြစ်တဲ့ တယောက် နဲ့ တယောက် ၆ ပေခွာဖို့ ဖြစ်နိုင်သလားဆိုတာ ကို မေးကြည့်တဲ့အခါမှာတော့ ဒေါ်ခိုင်ခိုင်နွယ်က အခုလို ပြောပါတယ်။

“ကျမတို့ အထည်ချုပ်စက်ရဲ့ စားပွဲ ၁ လုံးက ၃.၅ မီတာ ရှိပါတယ်။ စားပွဲတခုက။ အများသောအားဖြင့် ကျမတို့က စားပွဲ ၂ ခုကို ဆက်ထားပါတယ်။ အလုပ်သမား တစ်ယောက် နဲ့ တယောက် ထိုင်တဲ့ အကွာအဝေးဟာ အနည်းဆုံး မရှိဘူးဆိုရင် ၅ ပေလောက်တော့ ရှိပါတယ်။ ပြီးတော့ သူတို့ Mask ကို တပ်ပါတယ်။ စကားလည်း မပြောကြပါဘူး။ တကယ်လို့ အဲ့လို မကွာနိုင်တဲ့ နေရာမျိုးမှာဆိုရင်တော့ Quality Control လုပ်တဲ့နေရာမှာ ဆိုရင် Plastic Shield တွေ ကာပါတယ်။ ပြီးရင် တယောက် နဲ့ တယောက် ကျမတို့ က မျက်နှာချင်းဆိုင် မထားပါဘူး။ မျက်စောင်းထိုး နေခိုင်းပါတယ်။ သူတို့ကလည်းပဲ စကားမပြောရပါဘူး။”

ဇွန်လ ၂၅ ရက် က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးလေ့လာစောင့်ကြည့်ခြင်း အစီရင်ခံစာအရ ကိုဗစ် ၁၉ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ်ပြင်းထန်တဲ့ သက်ရောက်မှုတွေ ရှိမှာဖြစ်ပြီး ၂၀၁၈-၂၀၁၉တုန်းက မြန်မာ့စီးပွားရေးဟာ ၆.၈% တိုးတက်မှုနှုန်းရှိခဲ့ပေမဲ့၂၀၁၉ - ၂၀၂၀ ခုနှစ်အတွင်း တိုးတက်နှုန်းဟာ ဝ.၅% ပဲ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG