မြန်မာ့ကိုဗစ်တိုက်ဖျက်ရေး ဝန်ထမ်းအင်အားထပ်ဖြည့်ဆည်းပေးဖို့ ပြင်ဆင်ထား (ကျန်းမာရေးဝန်ကြီး) 

တာဝန်ထမ်းဆောင်နေကြသော PPE ဝတ်စုံနှင့် ကျန်းမာရေးဝန်ထမ်းများကို ရန်ကုန်မြို့ရှိ လမ်းတခုတွင်တွေ့ရ။ (စက်တင်ဘာ ၂၇၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုအပြင် သေဆုံးမူပါ တိုးလာနေတာကြောင့် ပြည်သူတွေအနေနဲ့ ရောဂါကာကွယ်ရေးအပြည့်အဝလုပ်ကြဖို့ ကျန်းမာရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင်ထွေးက ပုံမှန် ပါးစပ်နဲ့နှာခေါင်းစည်းတပ်၊ လက်ဆေး၊ ခပ်ခွာခွာနေတာအပြင်၊ အထူးသဖြင့် ကူးစက်မူမြန်မြန်ပျံ့နိုင်တဲ့ လူအများစုဝေးရာနေရာ ဈေး၊ ဆေးရုံ၊ အလုပ်ရုံ၊ ဘုန်းကြီးကျောင်း၊ တပ်မတော်နဲ့ရဲဝန်ထမ်းဝင်းနဲ့ လူအိုရုံနဲ့ ထောင်တွေမှာ စားသောက်ချိန်တွေ ခွာစားကြဖို့နဲ့ အဝင်အထွက်ကန့်သတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် သေဆုံးမူလျော့ချနိုင်ရေး၊ ဆေးရုံနေရာသစ်တွေပြင်နေတာအပြင်၊ တပ်မတော်နဲ့လည်း ပူးပေါင်းဆောင်ရွက်ပြီး၊ ဆေးရုံဝန်ထမ်းတွေထပ်ဖြည့်ဆည်းရေး၊ ဆေးကျောင်းက ဆရာတွေနဲ့ ဘွဲ့လွန်တက်နေသူတွေပါ ဝင်ကူဖို့ပြင်ထားတယ်လို့ ဝန်ကြီးက ဆိုပါတယ်။ခုလိုအချိန်မှာ ဆေးပစ္စည်းတွေ မလုံမလောက်ဖြစ်နေတယ်လို့ လူမူကွန်ယက်မီဒီယာမှာ စိုးရိမ်တကြီး ပြောဆိုနေကြသလို မဟုတ်ပဲ၊ လိုအပ်တာကို အမြဲကြည့်နိုင်တဲ့ ကွန်ပြူတာ DashBoard စနစ်နဲ့ လိုအပ်တာချက်ချင်းကြိုသိပြီး အပြည့်အဝ ပံ့ပိုးပေးနေတယ်လို့ ဒေါက်တာမြင့်ထွေးက ရှင်းပြပါတယ်။

“ COVID နဲ့ ပတ်သက်တဲ့ ပစ္စည်းလက်ကျန်ဆိုရင် ကျနော်တို့ ဗဟိုမှာလည်း လက်ကျန်စာရင်းရှိတယ်။ အဲဒီလက်ကျန်စာရင်းတွေကို ကြည့်ပြီးတော့ ကျနော်တို့ ဒီကနေပြီးတော့ အကုန်လုံး မပြတ်အောင်ပေါ့လေ PPE ကအစ Mask ကအစ အကုန်လုံး မပြတ်အောင် ကျနော်တို့ပေးတယ်။ အဲဒီအချက်တော့ ကျနော်တို့ လုပ်နေတာ ပြောချင်ပါတယ်။ ပြည်သူတွေက စိုးရိမ်တယ် တချို့ Facebook မှာတင်ကြတယ်လေ။ ဟိုဟာမရှိပါဘူး ဒီဟာမရှိပါဘူး ဆိုတာ အမှန်ကတော့ အဲလိုမဟုတ်ပါဘူး ရှိပါတယ် ကျနေ်ာတို့က အလုံအလောက်ကို ဒီကနေ ပေးထားပါတယ်။ အလျှံပယ်လည်း ကျနော်တို့ ဝယ်ထားတယ်။ ဒီ COVID အချိန်မှာ အဓိက အရေးကြီးတာက logistic ပါ။”

ဒါ့အပြင် အမြန်စစ်ဆေးနိုင်မယ့် Antigen Test Kit ၄ သိန်းလည်း တောင်ကိုရီယားကနေ ရောက်နေသလို၊ နောက် အမေရိကန်နာမည်ကြီး Abbott ဆေးကုမ္ပဏီကဘက်ကလည်း Test Kit တွေမှာဖို့အတွက် ဆက်သွယ်လာပြီဖြစ်လို့ ၊ ပိုစစ်၊ ပိုတွေ့၊ ပိုထိန်းချုပ်ဖို့ကြိုးပမ်းနေတယ်လို့ ဝန်ကြီးကပြောပါတယ်။

မနေ့ စက်တင်ဘာ ၂၉ ရက်နေ့ကတော့ ကိုဗစ် ၁၉ နောက်ထပ်ကူးစက်သူ ၇၉၅ ယောက်နဲ့ သေဆုံးသူ ၂၈ ယောက်ရှိတာကြောင့် စုစုပေါင်း ရောဂါကူးစက်သူ ၁၂၄၂၅ ယောက် နဲ့ သေဆုံးသူ ၂၈၄ ယောက်ရှိသွားပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့ကိုဗစ်တိုက်ဖျက်ရေး ဝန်ထမ်းအင်အားထပ်ဖြည့်ဆည်းပေးဖို့ ပြင်ဆင်ထား (ကျန်းမာရေးဝန်ကြီး)


..............


(Unicode)





