သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ဆေးရုံကြီး ၉ ရုံမှာ ကိုဗစ်စစ်ဆေးပေး


COVID 19 ရောဂါရှိမရှိ swab နမူနာယူ စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - MRTV- စက်တင်ဘာ ၁၈၊ ၂၀၂၀)
COVID 19 ရောဂါရှိမရှိ swab နမူနာယူ စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - MRTV- စက်တင်ဘာ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

ဒီကနေ့ကစပြီးတော့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းက ခရိုင်အဆင့် ဗဟိုအဆင့်ဆေးရုံကြီး ၉ ရုံမှာ အုပ်စုလိုက် တပြိုင်နက်တည်း COVID 19 ရောဂါပိုး ရှိ-မရှိ စတင်စစ်ဆေးနေပြီဖြစ်တဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က ပြောပြပေးပါမယ်။

မြန်မာနိုင်ငံတဝန်းလုံးအတိုင်းအတာနဲ့ ကူးစက်မြန် COVID 19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုပေါင်းက စက်တင်ဘာ၂၉ ရက်နေ့ ည ၈နာရီ နောက်ဆုံး ထုတ်ပြန်ထားချက်အရ နောက်ထပ် လူနာသစ် ၇၉၅ ယောက်မှာ ပိုးတွေ့တာကြောင့် အခုဆိုရင် စုစုပေါင်းပိုးတွေ့ရှိသူ ၁၂,၄၂၅ ဦးအထိ ရှိသွားပြီဖြစ်ကြောင့် COVID ကြောင့်သေဆုံးမှုက ၂၈၄ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ ရောဂါပိုးတွေ့ရှိမှုအများဆုံးဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်းဒေသကြီးက ခရိုင်အဆင့် ဆေးရုံကြီး ၄ ရုံ ဗဟိုအဆင့်ဆေးရုံကြီး ၅ ရုံ စုစုပေါင်း ဆေးရုံကြီး ၉ ရုံမှာ အုပ်စုလိုက် လူတွေအများကြီးကို တပြိုင်နက်တည်း COVID 19 ရောဂါပိုးရှိမ-ရှိ စတင်စစ်ဆေးနေပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဗွီအိုအေမြန်မာပိုင်းကို နောက်ဆုံးအခြေအနေ ရှင်းပြပါတယ်။

"ဒီနေ့ စတာပါခင်ဗျ။ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ခရိုင်အဆင့် ဆေးရုံကြီး ၄ ရုံနဲ့ ဗဟိုအဆင့်ဆေးရုံကြီး ၅ ရုံ။ ဆေးရုံကြီး ၉ ရုံမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စတာပါ။ အဲ့ဒီ့ဆေးရုံကြီး ၉ ရုံမှာ ဒီနေ့ကစပြီးတော့ ခွဲတမ်းက အစ ကျနော်တို့က ခွဲတမ်းချ ရပါတယ်။ ဘယ်ဆေးရုံက ဘယ်လောက်ခွဲတမ်းယူမလဲဆိုတာ ခွဲတမ်းချပြီး စပြီးတော့ စစ်ပါတယ်။ ဦးတည်အုပ်စုတွေက သုံး ခုရှိပါတယ်။ နံပတ် ၁ ဦးတည်အုပ်စုက ကျန်းမာရေးဝန်ထမ်းတွေဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေထဲက ပိုးတွေ့ရှိလူနာနဲ့ ထိတွေ့ထားတဲ့ပုဂ္ဂိုလ်တွေ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးစစ်ပါတယ်။ နံပတ် ၂ ဦးစားပေးအုပ်စုကတော့ PUI (Persons Under Investigation) လို့ခေါ်တဲ့ စောင့်ကြည့်လူနာတွေပေါ့နော်။ ရောဂါလက္ခဏာပြတဲ့ဆေးရုံရောက်လာတဲ့လူနာတွေကို ဦးစားပေးစစ်ပါတယ်။ နံပတ် ၃ အုပ်စုကတော့ Primary Contact ပေါ့ အတည်ပြုလူနာနဲ့ အနီးကပ်ထိတွေ့ထားတဲ့အုပ်စုကသူတွေပေါ့။ ဒီလိုအုပ်စုတွေကို ဦးတည်ပြီး စစ်ပါတယ်။"

ဒီကနေ့ စတင်စစ်ဆေးတဲ့သူတွေထဲမှာ တကယ်လို့ ပိုးတွေ့ရှိသူတွေ အုပ်စုလိုက် လူအများကြီး ပေါ့စတစ်ဖြစ်လာရင် ဘယ်လိုရှေ့ဆက်စောင့်ရှောက်မှုပေးမလဲ ပိုးမတွေ့ နက်ဂတစ်ဖြစ်တဲ့သူတွေကိုရော ဘယ်လိုဆက်စောင့်ကြည့်မလဲဆိုတာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးကိုယ်တိုင် ဦးဆောင်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရန်ကုန်တိုင်း COVID ကာကွယ်ထိန်းချုပ်ရေးကော်မတီတို့ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ခဲ့ပြီးတော့ ကြိုတင်ပြင်ဆင်ထားပါတယ်လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

"ကျနော်တို့ အများကြီးတွေ့လာရင် ဘာလုပ်ကြမလဲ မတွေ့ရင် ဘာလုပ်မယ်ဆိုတာ မနေ့ကညအထိကို ဆွေးနွေးခဲ့ကြပါတယ်။ တကယ်လို့ ပေါ့စတစ်တွေဖြစ်သွားပြီဆိုရင် လူနာကို ၄မျိုး ၄စား ခွဲပါမယ်။ ၁ က ပေါ့စတစ်ဖြစ်တယ်၊ ဘာလက္ခဏာမှ မပြဘူး။ ၂ ကတော့ Mild Symptoms ပြတယ်။ ၃ ကတော့ Severe Symptoms ပြတယ်။ နံပတ် ၄ ကတော့ လုံးဝကို Severe ဖြစ်နေတဲ့အုပ်စုပေါ့နော်။ အဲ့ဒီ့ ၄ အုပ်စုထဲမှာ ရိုးရိုးရှင်းရှင်း Symptoms တွေပဲပြပြီး မပြင်းထန်တဲ့ လူနာပေါ့နော် ... သက်ဆိုင်တဲ့ Designated Hospital ဆေးရုံတွေရှိတယ် ရိုးမ ၁-၂အောင်မြင့်မိုရ်ပေါ့နော် ... ကုတင်ပေါင်း ၅,၀၀၀၊ ၆,၀၀၀ လောက် ကျနော်တို့ ပြင်ဆင်ထားပြီးသားဖြစ်ပါပြီ။ နောက်ထပ်လည်း ထပ်တိုးနေတာတွေရှိပါတယ်။ နောက် နည်းနည်းပိုပြီးတော့ ပြင်းထန်တဲ့ရောဂါလက္ခဏာရှိတဲ့သူတွေကို သုဝဏ္ဏလို ယူနစ်တွေ ရှိတဲ့နေရာတွေ ဝေဘာဂီတို့ ဖောင်ကြီးတို့ တောင်ဥက္ကလာတို့ ဒီလိုနေရာတွေမှာလည်း ကုတင်လွတ်ရင် လွတ်သလိုပေါ့နော်... ထည့်သွင်းပြီးတော့ ကုသသွားမှာဖြစ်ပါတယ်ခင်ဗျ။"

ဒီကနေ့စစ်ဆေးမှုတွေအပြီး ပိုးတွေ့ရှိမှုတွေထဲမှာ တကယ်လို့ ကျန်းမာရေးဝန်ထမ်းတွေ ဆရာဝန် သူနာပြုတွေက အများဆုံးဖြစ်ခဲ့တယ် ဆိုရင် လက်ရှိ ကိုဗစ်တိုက်ဖျက်ကုသရေး ကျန်းမာရေးလုပ်ငန်းခွင်တွေမှာ ရှေ့တန်းကနေ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကုသပေးနေရတဲ့ ကျန်းမာရေးပညာရှင်တွေအတွက် အရေးပေါ်ကြိုတင်ပြင်ဆင်ထားလို့ အရေးတကြီးလိုအပ်တယ်လို့ လူထုကို ကျန်းမာရေးပညာပေးနေတဲ့ အထွေထွေရောဂါကုဆရာဝန်ကြီးဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုပါတယ်။

"တကယ်လို့များ သိပ်များပြားလွန်းရင် အဲ့အထဲမှာမှ ကျန်းမာရေးဝန်ထမ်းတွေမှာ အဲ့လိုတွေ့ခဲ့လို့ရှိရင် သူတို့ကို သီးသန့်ဖယ်ထားလိုက်ရင် အလုပ်လုပ်နေတဲ့သူတွေအတွက်ကို အခက်အခဲများဖြစ်မလား။ အဓိကကတော့ ကျန်းမာရေး ဝန်ထမ်းတွေထဲကမှ လက္ခဏာမရှိသော ကောင်းနေသောသူတွေ ပေါ့စတစ်ဖြစ်ခဲ့ရင် သူတို့တွေရဲ့နေရာမှာ အစားထိုးဆောင်ရွက် ကုသပေးမယ့်သူတွေ အရေးတကြီး လိုအပ်တယ်ပေါ့။ ဆိုတော့ အဲ့ဒီ့အတွက်ကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်အထိ ပေါ့စတစ်ဖြစ်တဲ့သူတွေကနေ ကျန်တဲ့သူတွေ မကူးစက်အောင် သီးသန့်ဖယ်ရှားထားမယ်၊ နိုင်သလောက်လုပ်မယ် ဆိုတဲ့အခြေအနေမှာ ရှိတဲ့အတွက်ကြောင့်လစ်လပ်သွားတဲ့ ကျန်းမာရေးဝန်ထမ်းတွေနေရာမှာ အစားထိုးနိုင်ဖို့ ပေါ့စတစ် ထွက်သွားတဲ့သူတွေနေရာမှာ အစားထိုးဖြည့်ဖို့အတွက် ကျန်းမာရေးပညာရှင် အင်အားတွေကိုဖြည့်တင်းထားဖို့ လိုတယ်ပေါ့နော်။ တဘက်မှာလည်း ကျန်းမာရေးဝန်ထမ်း ဆရာဝန်တွေ သူနာပြုတွေကို Volunteers တွေ စင်တာတွေမှာ ခေါ်ထားတာ တွေ့တယ်။ ဆိုတော့ လိုအပ်တဲ့နေရာမှာ ဖြည့်နိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်ထားလိမ့်မယ်လို့ ကျနော့်အနေနဲ့ ယူဆမိပါတယ်။"

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့ စက်တင်ဘာလ၂၈ ရက်နေ့တုန်းက နိုင်ငံကိုပြောတဲ့ အစီရင်ခံမိန့်ခွန်းထဲ တောင်ကိုရီးယားနိုင်ငံက မှာယူထားတဲ့ အမြန်စစ် ဓါတ်ခွဲ စမ်းသပ်ကိရိယာ Antigen Test Kit တွေ ၂၀၀,၀၀၀ ရောက်ရှိလာပြီဖြစ်လို့ ပိုးစစ်နိုင်မှုနှုန်းမြန်လာသလို လူထုကြား ရောဂါပိုးတွေ့တာတွေ ပိုများလာနိုင်တယ်လို့လည်း ပြည်သူကို သတိပေးပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG