မြန်မာပဋိပက္ခ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး စိန်ခေါ်မှုအဖြစ် ထိုင်းနဲ့အင်ဒိုလက်ခံ

asean flags (asean.org)

{{Zawgyi/Unicode}}

မြန်မာ့အရေး အာဆီယံ အရေးပေါ် စည်းဝေးပွဲဟာ အာဆီယံအပေါ် ယုံကြည် လေးစားမှုနဲ့ အာဆီယံရဲ့ ညီညွတ်ရေးကို စမ်းသပ်မယ့် စည်းဝေးပွဲဖြစ်ကြောင်း ထိုင်းအစိုးရ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဒီကနေ့ ကြာသပတေးနေ့မှာ ပြောပါတယ်။

အင်ဒိုနီးရှားသမ္မတ Joko Widodo နဲ့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-O-Cha တို့မြန်မာ့အရေး အာဆီယံ ထိပ်သီးစည်းဝေးပွဲနဲ့ပတ်သက်လို့ ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောဆိုခဲ့ကြတာမှာ မြန်မာ့ပဋိပက္ခဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် စိန်ခေါ်မှုတရပ်ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြု ပြောကြားခဲ့ကြောင်း ထိုင်းအစိုးရကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီစည်းဝေးပွဲကနေ တိကျခိုင်မာတဲ့ ရလဒ်တခုထွက်လာဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက မျှော်လင့်နေတယ်ဆိုတာကို အာဆီယံအနေနဲ့ သဘောပေါက်ကြောင်း ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရ Tanee Sangrat ကလည်း ပြောပါတယ်။

စနေနေ့မှာကျင်းပမယ့် ဒီ စည်းဝေးပွဲကို အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေ တက်ကြဖို့ အစောပိုင်းက စီစဉ်ထားခဲ့တာဖြစ်ပေမယ့် ထိုင်းဝန်ကြီးချုပ်က သူကိုယ်တိုင်မတက်နိုင်ဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့သလို ဖိလစ်ပိုင်သမ္မတကလည်း လူကိုယ်တိုင် မတက်နိုင်ကြောင်း ပြောထားပါတယ်။ ဗီယက်နမ်နိုင်ငံကတော့ ဝန်ကြီးချုပ် Pham Minh Chinh တက်မယ်လို့ ပြောထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgenerဟာ ဒီ စည်းဝေးပွဲကို တက်ရောက်ခွင့်မရပေမယ့်လည်း စည်းဝေးပွဲပြင်ပမှာ တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်သွားမယ်ဆိုတဲ့သတင်းလည်း ထွက်ထားပါတယ်။

.......................................................

Your browser doesn’t support HTML5

မြန်မာပဋိပက္ခ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး စိန်ခေါ်မှုအဖြစ် ထိုင်းနဲ့အင်ဒိုလက်ခံ

{{Unicode}}




