မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်တဒေါ်လာကို ငွေလဲနှုန်း ၁၆၅၀ အထိ ကျဆင်းသွားတာကနေ၊ ဒီရက်ပိုင်းမှာတော့ တဒေါ်လာကို ၁၅၄၀ ပြန်ဖြစ်ပြီး မြန်မာငွေတန်ဖိုး အနည်းငယ် ပြန်တက်သွားပါတယ်။ ဗဟိုဘဏ်က ဒေါ်လာ တသန်းကျော် ထုတ်ရောင်းပြီး ငွေကြေးကစားသူတွေကို အရေးယူမယ်လို့ အစိုးရဘက်က သတိပေးပြီးချိန်မှာ မြန်မာငွေ ငွေတန်ဖိုး အနည်းငယ် ပြန်တက်သွားတာဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ပေးပို့ ထားပါတယ်။
ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျနေတာကို ဟန့်တားဖို့အတွက် ဗဟိုဘဏ်က ဒေါ်လာတသန်းနဲ့ သုံးသိန်း ဒီနေ့စက်တင်ဘာ၂၄ရက်မှ ာထုတ်ရောင်းထားပါတယ်။ ကျပ်ငွေတန်ဖိုးဟာအရင်ရက်နဲ့ စာရင် အနည်းငယ် ပြန်တက်ပြီး ဒီနေ့ညနေဈေးပိတ်ချိန်မှာ တဒေါ်လာကို ငွေလဲနှုန် း၁၅၄၀ ကျပ် ဖြစ်သွားပါတယ်။ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုကတော့ ကျပ်ငွေပြန်ခိုင်မာလာအောင် လုပ်ဖို့ အချိန်အတိုင်းအတာ တစ်ခုယူပြီး အဘက်ဘက်ကလုပ်ဆောင်ရမှာဖြစ်သလို တိုင်းပြည်ရဲ့အရန်ငွေကြေး အလုံအလောက် မရှိသေးသရွှေ့ မြန်မာကျပ်ငွေ တန်ဖိုးကကျဆင်းမယ့် အလားအလာတွေရှိတယ်လို့ ပြောပါတယ်။
“ကာလတိုကတော့ ငွေကြေးဈေးကစားနေတာတွေ ဘာတွေ ဒါတော့အရေးယူရမယ်။ သူ့လူကိုယ့်လူမခွဲခြားနဲ့ အရေးယူပါ။ အရေးယူပါ ပြောလိုက်ရင် ဈေးကနည်းနည်းကျသွားတယ် မြန်မာကျပ်ငွေတန်ဖိုး တက်လာတယ်ပေါ့ဗျာ ဒါက ဘာကြောင့်လဲဆိုတော့ ဈေးကစားတယ် ဆိုတာရှိနေတယ်ဆိုတဲ့ သဘောပဲ။ ဒါပေမဲ့ အကျမမြန်အောင်ပဲ ထိန်းဖို့လိုတာ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာမှ တိုင်းပြည်စီးပွားရေး တိုးတက်မယ်ဆိုတဲ့အယူအဆ ဒါလည်းမမှန်ဘူး မဟုတ်ဘူး မှန်တယ်။ တရုတ်တို့ ၊ဗီယက်နမ်တို့ ဒီလိုပဲ လုပ်ခဲ့တာပဲ။ ပြည်တွင်းရင်းနှီး မြှုပ်နှံမှုတွေလည်း မြန်မြန်ဆန်ဆန်များများပြားပြား လုပ်သာကိုင်သာရှိအောင်လည်းပဲ ကြိုးနီစနစ်တွေကို ဖြေလျှော့ပေးရမယ်။ Transaction ပိုမြန်လာတယ်ဆိုရင် ကျပ်ငွေကို ပိုမိုသုံးတယ်ပေါ့ဗျာ။ လည်ပတ်မှု ပိုအားကောင်းလာပြီဆိုရင် း ကျပ်ငွေတန်ဖိုးကလည်း အထိုက်အသင့် ခိုင်မာလာမယ်ပေါ့ဗျာနော်။”
လက်ရှိ မြန်မာငွေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတန်ဖိုးသတ်မှတ်မှုမှာ ပြင်ပဈေးကွက်နဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေကြားသတ်မှတ်တဲ့ ဈေးကွက်ဆိုပြီး နှစ်ခုရှိနေပါတယ်။ ငွေလဲနှုန်းတည်ငြိမ်ဖို့ဆိုရင် နိုင်ငံခြားငွေရောင်းဝယ်ရေးအဖွဲ့အစည်းတစ်ခုကို ကြားခံအဖွဲ့အစည်းနေနဲ့ ဖော်ဆောင်ပေးသင့်တယ်လို့ စီးပွားရေးပညာရှင်တချို့ကထောက်ပြပါတယ်။ ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းတဲ့နေရာမှာ ပုဂ္ဂလိကဘဏ်တွေကိုပဲရောင်းချပေးတာဖြစ်လို့ ဈေးကွက်ထဲမှာ နိုင်ငံခြားငွေပုံမှန်အတိုင်းပြန်ပြီးလည်ပတ်စေချင်ရင် ငွေလဲကောင်တာတွေနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေကိုလည်းထုတ်ရောင်းပေးသင့်တယ်လို့ လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဒေါက်တာဦးစိုးထွန်းက ပြောပါတယ်။
“နောက်တစ်ခုက ကျွန်တော်တို့ နိုင်ငံခြားငွေ လဲလှယ်တဲ့နေရာမှာ မဂိုလမ်းတို့ ဘာတို့ရှိနေတယ်ပေါ့နော်။ informal market ကြီး ရှိတယ်။ အစိုးရကလည်း ဗဟိုဘဏ်ဆိုတာ ရှိတယ်။ ကျွန်တော်တို့ အဲဒါတွေပေါင်းပြီး နိုင်ငံခြားငွေ လဲလှယ်ရေး စင်တာတစ်ခု ရန်ကုန်မှာဖော်ဆောင် ပေးမယ်ဆိုရင် ဗဟိုဘဏ်နဲ့ informal နဲ့formal market တစ်ခုတည်းဖြစ်သွားနိုင်တယ်ပေါ့။ stock exchange center တောင်ရှိသေးတာပဲ။ နောက်ဒီနိုင်ငံခြားငွေလဲလှယ်ရေး စင်တာတစ်ခု ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ပေါ့နော် ကျွန်တော်တို့မြင်တာကတော့ ပြန်ကျမယ့်သဘောတော့ ရှိပါတယ်။ ဒီနေ့ကျွန်တော်တို့မှန်းတာ ၁၆၀၀အောက်ရှိသွားပြီ ရွှေဆိုလည်း ၁၀ သိန်းအောက်လောက်ရှိသွားပြီ။ လက်ရှိကတော့ အကောင်းဘက်ရှိနေတယ်။ အခုတစ်ဘက်ကလည်း ကျွန်တော်တို့ ဗဟိုဘဏ်ကို မေတ္တာရပ်ခံတယ်ပေါ့နော်။ ခုနကသူတို့ရဲ့ဒီ CBM Rate (ဗဟိုဘဏ်ငွေလဲနှုန်း) ကို မတင်ဖို့ပေါ့နော်။ နောက်ပိုရောင်းဖို့။ ဒီနေ့လည်း သူတို့ ၁.၃ မီလီယံ(ဒေါ်လာ)လောက် ရောင်းပေးတယ်လို့ ခုနကကျွန်တော်တို့သိရတယ်ပေါ့နော်။ ဘာပဲပြောပြောဒီနေ့ကျွန်တော့်အမြင်ကတော့ ဈေးပြန်အေးမယ့်သဘောတော့ရှိပါတယ်။”
ဗဟိုဘဏ်က သတ်မှတ်တဲ့ ဒီနေ့အတွက် ဒေါ်လာဈေး သတ်မှတ်တဲ့နှုန်းကတော့၁၅၉၀ ကျပ်ပါ။ ပြင်ပဈေးကွက်မှာတော့မနက်ပိုင်းမှာ ၁၅၅၀ကျပ် ဖြစ်ပြီး ဒီညနေမှာတော့ ၁၅၄၀ ကျပ်နဲ့ ငွေတန်ဖိုး အနည်းငယ်ပြန်တက်လာတာကိုတွေ့ရပါတယ်။ ဒီရက်ပိုင်းအတွင်း ကျပ်ငွေတန်ဖိုး ဒီထက်ပြန်ပြီး တက်လာနိုင်တယ်လို့လည်း စီးပွားရေးပညာရှင် တချို့က ခန့်မှန်းကြပါတယ်။
Your browser doesn’t support HTML5