သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာငွေတန်ဖိုး ဆက်ကျဆင်း၊ ပြည်ပသွင်းကုန် ဈေးတက်


မြန်မာကျပ်ငွေတန်ဖိုးဟာ ဒီနေ့ ညနေပိုင်း အမေရိကန် တဒေါ်လာကို ငွေလဲနှုန်း ၁၆၁၀ ကျပ် ဝန်းကျင်အထိ ကျဆင်းနေဆဲဖြစ်ပါတယ်။ ဈေးကွက်ရဲ့ ရိုက်ခတ်မှုအဖြစ် နိုင်ငံခြားငွေနဲ့ မှာယူတဲ့ ဆေးဝါးနဲ့ ကျန်းမာရေးသုံး ပစ္စည်းတချို့ ဈေးတက်သွားပြီး ဖြန့်ဖြူးရောင်းချသူ သူတချို့ကတော့ ဈေးကွက်ကို စောင့်ကြည့်တဲ့အနေနဲ့ အရောင်းအဝယ် ခဏရပ်ထားပါတယ်။ စက်သုံးဆီဈေးတွေလည်း ဆက်တက်နေတာကြောင့် ခရီးသွားလုပ်ငန်းတွေ အပေါ်မှာလည်း ရိုတ်ခတ်မှုတွေ ရှိနေပါတယ်။ VOA သတင်းထောက် ကိုထက်အောင်ခန့် သတင်းပေးပို့ထားပါတယ်။

ကျပ်ငွေတန်ဖိုးကျဆင်းတာဟာ နိုင်ငံတကာငွေကြေးဈေးကွက်ရဲ့ ရိုက်ခတ်မှု ဆိုပေမယ့် မြန်မာနိုင်ငံရဲ့ အခြေခံစီးပွားရေး အားနည်းချက်တွေကြောင့် တခြားနိုင်ငံတွေထက် ပိုပြီး အထိနာတဲ့အကြောင်း စီးပွားရေးပညာရှင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ဒီနေ့ ဈေးကွက်မှာ တဒေါ်လာကို ကျပ်ငွေ ၁၆၁၀ ကျော်အထိ ရှိပြီးခဲ့ပြီး ပြီးခဲ့တဲ့ သုံးလက ငွေလဲနှုန်းနဲ့ နိုင်းယှဉ်ရင်၊ ကျပ်ငွေတန်ဖိုးဟာ ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားတာဖြစ်ပါတယ်။ ကျပ်ငွေတန်ဖိုးကျဆင်းတဲ့တချိန်တည်းမှာ ဒေါ်လာနဲ့ မှာယူတဲ့ ဆေးဝါနဲ့ ကျန်းမာရေးသုံး ပစ္စည်းတွေ ဈေးတက်သွားပြီး ဈေးကွက်အခြေအနေကို စောင့်ကြည့်တဲ့အနေနဲ့ ဖြန့်ဖြူးတာကို ရပ်ဆိုင်းထားတာတွေလည်း ရှိနေပါတယ်။ ပြည်တွင်း ဆေးကုမ္ပဏီတခုက အရောင်းမန်နေဂျာတစ်ဦးက အခုလို ပြောပါတယ်။

"ဘာကြောင့်လည်းဆိုတော့လေ ဈေးတအားတက်တဲ့အချိန်ကျရင် ပိတ်တယ်ဆိုတာ ခဏစောင့်ကြည့်တဲ့ သဘောပါ။ အဲ့သဘောပါပဲ ပြန်ဖွင့်မှာပါ။ ဈေးတအားတက်ရင် အရောင်းပိတ်လိုက်တယ်။ တခြားကုမ္ပဏီ ဘာလုပ်လည်းပြန်ကြည့်တယ်။ ငွေဈေးတက်ရင် ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါပေမယ့် ပိတ်တယ်ဆိုတာ ခဏပဲဖြစ်မှာပါ။ ၁ ရက် ၂ ရက် အဲ့လောက်ပဲဖြစ်မှာပါ။ ငွေဈေးကလည်း တခါမှမကြုံဖူးတဲ့ ဈေးကို ရောက်သွားတာလေ။ အမြင့်ဆုံးလို ဖြစ်နေတာပေါ့။ အရင်တုန်းကဆို အဲ့လောက်ထိ မတက်ဘူးလေ။"

ကျပ်ငွေတန်ဖိုး ကျဆင်းသလို၊ စက်သုံးဆီဈေးကလည်း ၁၃ ရာခိုင်နှုန်းကျာ် ထိုးတက်သွားတာကြောင့် ခရီးသည်တင် အဝေးပြေးကားတချို့က ကားခတွေတိုးကောက်ခွင့်ပေးဖို့ တာဝန်ရှိသူတွေကို တင်ပြသွားမယ့်အကြောင်း ပြည်တွင်း သတင်းတွေမှာ ရေးပါတယ်။ JJ Express ရဲ့ ဥက္ကဌ ဦးမြင့်ဦးက အခြေအနေကို အခုလို ပြောပါတယ်။

"စောင့်ကြည့်နေတုန်း။ ကျွန်တော်လည်း ဘယ်လောက် တောင့်ခံနိုင်မလည်းပေါ့ဗျာ။ ဘယ်လိုပြောပြော မိုးတွင်းကာလကလည်း ခရီးသည်ကပါး ဒီကြားထဲ ရိုက်ခတ်မှုကတော့ တော်တော်များတယ်။ ကျွန်တော် ပိုစိတ်ပူ တာက ဒီလောက်ကိုပဲ လှုပ်ခတ်နေရင် ဒီထက်ပိုကြောက်တာ ဘယ်လိုလုပ်ရမှန်းကို မသိတာခင်ဗျ။ တော်တော်တော့ အကျပ်အတည်းတော့ ရိုက်နေတယ်။"

ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် အခြေခံစားကုန်တွေအပေါ် ဈေးကွက်ရဲ့ ရိုက်ခတ်မှုတွေ ရင်ဆိုင်နေရချိန်မှာ၊ ပြည်တွင်း ဆန်ဈေးလည်း ဆက်တက်နေပါတယ်။ ဆန်လုပ်ငန်းရှင်တချို့ကတော့ ဆန်ဈေးတက်တာဟာ ကျပ်ငွေတန်ဖိုး ကျဆင်းတာထက်၊ နယ်ကနေ ရန်ကုန်ကို ဆန်အဝင်နည်းလို့ အဓိက ဖြစ်တဲ့အကြောင်း ရှင်းပြါတယ်။ အဝယ်များလို့ တက်တာဖြစ်တဲ့အကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ ဆန်ပွဲရုံပိုင်ရှင်တစ်ဦးက အခုလိုရှင်းပြပါတယ်။

"ရိုက်ခတ်မှုရှိလားဆိုတော့ ပါးပါးတော့ ရိုက်ခတ်မှုရှိတာပေါ့။ Export ပို့တဲ့သူတွေအတွက်တော့ ပိုကျန်တာပေါ့။ ဒါပေမယ့် လောလောဆယ်တော့ အဲ့ဒါကြောင့်မဟုတ်ဘူး။ အခုဟာက ပြည်တွင်းဈေးကွက်ကိုက မြင့်နေတာ။ ဆန်ဈေးကွက်က ပစ္စည်းပါးလို့သာ ဆန်ဈေးတက်သွားတာ။ အသစ်ပေါ်ချိန်ကျရင် ဒါကပြန်ငြိမ်သွားမယ့်အရာ တွေ ပြည်တွင်းက ပစ္စည်းရှားတဲ့အတွက် ဈေးတက်တာ အရင်ကဆိုရင် အိတ် ၁ သိန်းလောက် ရှိတယ်ဆိုရင် ၃ သောင်းလောက်ပဲရှိတယ်။ လိုအပ်ချက်များလို့တက်တာပေါ့။"

ကျပ်ငွေတန်ဖိုး အမေရိကန် တဒေါ်လာကို ငွေလဲနှုန်း ၁၆၁၀ ကျော်အထိ ကျသွားတဲ့အချိန်မှာပဲ ရွှေဈေးကလည်း ဒီနေ့ အခေါက်ရွှေဈေး တကျပ်သားကို ဆယ်သိန်း သုံးသောင်းရှစ်ထောင်အထိ ရောက်သွားပါတယ်။ ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် ရေရှည်မှာ ကုန်ထုတ်လုပ်ငန်းတွေအပေါ် ထိခိုက်မှုတွေ ရှိလာနိုင်တဲ့အတွက် ရှေရှည်အတွက် ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လုပ်ငန်းရှင်တွေဘက်က အစိုးရနဲ့ ဗဟိုဘဏ်ကို အကြံပေးတင်ပြနေကြပါတယ်။ ကုန်သွယ်ရေး လိုငွေပြမှုအပြင် ငွေတန်ဖိုး အပြောင်းအလဲမြန်တာကို အခွင့်ကောင်းယူပြီး ဈေးကစားတဲ့ လုပ်ရပ်တွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းဖို့လည်း အကြံပေးပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG