သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်း


မြန်မာကျပ်ငွေတန်ဖိုး ရက်ဆက်ကျဆင်းနေတာကို ထိန်းထားနိုင်အောင် ဗဟိုဘဏ်ကကြိုးစားခဲ့ပေမဲ့ ငွေလဲနှုန်းဟာဒီနေ့ မနက်ဈေးဖွင့်ချိန် တဒေါ်လာကို၁၅၆၀ကျပ် အထိရှိခဲ့ပြီးညနေပိုင်းမှာတော့ တဒေါ်လာကို ရောင်းဈေး ၁၅၈၀၀န်းကျင်အထိ ဆက်ကျသွားခဲ့ပါတယ်။ ရွှေဈေးကလည်းဒီနေ့ ဈေးပိတ်ချိန်မှာ အခေါက်ရွှေဈေး တကျပ်သားကို ဆယ်သိန်းခွန်ထောင့်ငါးရာ အထိ ဈေးပေါက်သွားပါတယ်။ ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် ရေရှည်မှာကုန်ထုတ်လုပ်ငန်းတွေအပေါ်ထိခိုက်မှုတွေရှိလာနိုင်တဲ့အတွက် ရှေရှည်အတွက် ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့လုပ်ငန်းရှင်တွေဘက်က အစိုးရနဲ့ဗဟိုဘဏ်ကိုအကြံပြုချက်တွေ ပေးပို့နေကြတဲ့အကြောင်း မမေခသတင်းပေးပို့ထားပါတယ်။

မြန်မာကျပ်ငွေတန်ဖိုး ကျတာနဲ့အတူ၊ ရွှေဈေးတက်သွားသလို စက်သုံးဆီဈေးလည် းသုံးလခွဲအတွင်း ၁၃ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့တဲ့အကြောင်း ပြည်တွင်းသတင်းတွေမှာ ရေးပါတယ်။ နိုင်ငံခြားငွေလဲနှုန်းနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်ကို အခြေခံတဲ့ ကုန်ပစ္စည်းတွေလိုက်ပြီး ဈေးတက်သွားတာကြောင့် အခြေခံစားကုန်တွေအပေါ် ရိုက်ခတ်မှုတွေရှိလာပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းကတော့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းတဲ့အတွက် ရိုက်ခတ်မှုတွေကို အခုလိုပြောပြပါတယ်။

"စီးပွားရေးက ကျနော်တို့ပြောမယ်ဆိုရင်တော့ ဒေါ်လာဈေးတက်တိုင်း တချို့ပစ္စည်းတွေက ဆွဲတင်လို့မရဘူးလေ။ ဒေါ်လာဈေးကမနက်နဲ့ ညပြောင်းလဲ တက်နေတယ်။ ကုန်ဈေးနှုန်းကကျတော့ မနက်နေ့လည် ညနေပြောင်းလဲတက် လို့မရဘူးပေါ့နော်။ တက်တဲ့နှုန်းကတဖြေးဖြေး တက်လာတာမို့ဒီဘက်က လုပ်ငန်းတွေပိုင်း ဆုံးရှုံးမှုပိုများလာတဲ့ တပိုင်းရှိတယ်။ နောက်တခုကတော့ လူတွေရဲ့ သုံးစွဲနိုင်မှု ပါဝါကျလာလို့ စီးပွားရေးလုပ်တာမှာ လုပ်ရကိုင်ရ ခက်တဲ့ အနေအထားဖြစ်လာတယ်လို့ မြင်ပါတယ်။ ဘယ်လောက်ထိဈေးတက်မလဲ ဆိုတာကတော့ပြောရ ခက်တယ်။ လက်ရှိမှာ တရုတ်ကို အမေရိကန်ကကုန်သွယ်ရေးကပြေလည်မှုမရှိဘူး။ တရုတ်ကိုအမေရိကန်က တင်း ကျပ်တဲ့ စီးပွားရေးလုပ်တာလဲပါတာပေါ့။ ဒါတွေလည်းပါတယ်လို့ မြင်ပါတယ်။"

စီးပွားရေးပညာရှင်ဦးမင်းခင်ကလည်း ဒီအတိုင်းကျပ်ငွေတန်းဖိုး ကျမယ်ဆိုရင် ရေရှည်မှာကုန်ထုတ်လုပ်မှုကို ထိခိုက်နိုင်တယ်လို့ အခုလိုသုံးသပ်ပါတယ်။

"ဒါကလည်းနိုင်ငံတကာအခြေအနေရော၊ ကိုယ့်အခြေအနေနဲ့ ပက်သတ်နေတာကို။ ဘာသက်ရောက်လာလဲ ဆိုရင်တော့ သွင်းကုန်တွေဈေးကြီး လာတာ၊ ဒေါ်လာဈေးပေါ်အခြေခံတဲ့ ကုန်ထုတ်သွင်းအားစုတွေ ဈေးတက်လာ တာ၊ အများသုံးတဲ့ပစ္စည်းတွေ ဒီထက်သုံးအားပိုလျော့လာတာပေါ့။ ထိခိုက်နိုင် တာကတော့ ကုန်ထုတ်လုပ်မှု သွင်းအားစုဈေးတက်လာတော့ ရေရှည်မှာ ကုန်ထုတ်လုပ်မှုပိုင်းထိခိုက်လာနိုင်တာပေါ့။"

နိုင်ငံတကာငွေကြေး ဈေးကွက် ရဲ့ရိုက်ခတ်မှုတွေကို လွန်ဆန်နိုင်သေးမှာမဟုတ်ဘူးဆိုတဲ့သုံးသပ်ချက်တွေနဲ့ အတူအစိုးရဘက်က ရေရှည်အတွက် ပြုပြင်ပြောင်းလဲမှုတွေလုပ်သင့်ပြီဆိုပြီး စီးပွားရေးပညာရှင်တွေက သတိပေးနေကြပါတယ်။တချိန်တည်းမှာ စီးပွားရေးပညာရှင်တွေကလည်း ဗဟိုဘဏ်နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့တွေကို ရေရှည်အတွက် ပြုပြင်ပြောင်းလဲသင့်တဲ့ အကြံပြုချက်တွေ ပေးပို့ထားတယ်လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

"လက်ရှိမှာတရားမဝင် ဟွန်ဒီတွေကနေ ဝင်နေတာတွေ တရားဝင်ဆောင် ရွက်ပေးနိုင်ရင် မလိုလားအပ်တာတွေလျော့ချနိုင်မယ်။ နောက်တခုက market မှာ ၂ခုဖြစ်နေတာတွေပေါ့။ ဒါတွေကိုပြင်နိုင်ရင် ကောင်းမယ်ပေါ့"

ဗဟိုဘဏ်အနေနဲ့ ပြည်တွင်း ငွေကြေးလှဲလည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးညှိ့နိုင်း တာမျိုးတွေလုပ်သင့်တယ် လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။တချိန်တည်းမှာပို့ကုန်မြှင့်တင်ရေးလုပ်ငန်းတွေကို ပြန်လည်သုံးသပ်ပေးဖို့နဲ့၊ တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းတွေကိုကာကွယ်နိုင်အောင် ထိထိရောက်ရောက်ဆောင်ရွက်ဖို့လိုမယ်ဆိုပြီး နိုင်ငံတော်အစိုးရကိုလုပ်ငန်းရှင်တွေဘက်အကြံပေးတင်ပြထားကြပါတယ်။

မြန်မာကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်း
please wait

No media source currently available

0:00 0:04:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG