ထိုင်းမှာပြစ်ဒဏ်ကျခံပြီး မြန်မာကိုပြန်ပို့ခံရသူ ၁၈၀ကျော်  စစ်မှုထမ်း ခေါ်ဆောင်ခံရ

ယခင်မှတ်တမ်းရုပ်ပုံ | စစ်မှုထမ်းသင်တန်းအပတ်စဉ်(၃) တက်ရောက်ရန်ရောက်ရှိလာကြသူများကိုတွေ့ရစဉ် (ဇွန်၊ ၂၀၂၄)

ထိုင်းနိုင်ငံထဲမှာ တရားမဝင်ခိုးဝင်မှု အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ရာဇဝတ်ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံခဲ့ပြီး မြန်မာပြည်ဘက်ပြန်ပို့လိုက်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၆ ဦးကို စစ်မှုထမ်းဖို့စစ်ကောင်စီက ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ နိုဝင်ဘာလ ၁၃ရက်နေ့က ထိုင်းအာဏာပိုင်တွေက ရနောင်းလှေဆိပ်ကနေ မြန်မာနိုင်ငံကော့သောင်းဘက်ကို ပြန်လွှဲပြောင်းပေးလိုက်တဲ့သူတွေကို စစ်ကောင်စီဘက်က ခမောက်ကြီးအခြေစိုက် ခလရ ၂၆၂ တပ်ထဲကို ခေါ်ဆောင်သွားပြီး စစ်ဆေးမှုတွေပြုလုပ်နေကာ စစ်သားစုဆောင်းဖို့ လုပ်ဆောင်ခဲ့တာပါ။ သတင်းအပြည့်အစုံ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ တရားမဝင်ခိုးဝင်မှုအပါအဝင်အကြောင်းအမျိုးမျိုးရာဇဝတ်ပြစ်မူ့တွေ နဲ့ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၆ ဦးကို နိုဝင်ဘာလ ၁၃ရက်နေ့ကထိုင်းအာဏာပိုင်တွေက ရနောင်းမြို့ကနေ မြန်မာနိုင်ငံ တနင်္သာရီတိုင်း ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ပါတယ်။ ပြန်ပို့ခံရသူတွေကိုတော့စစ်ကောင်စီက ကျန်းမာရေးစစ်ဆေးတာအပြင် စစ်မှုထမ်းလုပ်ခိုင်းဖို့ စစ်မှုမထမ်းချင်သူတွေကို ငွေနဲ့လာရွေးခိုင်းတာတွေ လုပ်ဖို့ ခလရ ခြေလျင်တပ် ၂၆၂ကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။

"၁၈၆ ယောက်အများစုက အမျိုးသားတွေချည်းပဲ အမျိုးသမီးကနည်းနည်းလေးပဲပါတယ်၊ ကော့သောင်းဘက်ကို ပို့တဲ့နေ့မှာပဲ ခမောက်ကြီးဘက်ကိုခေါ်သွားတာပါ၊ ဟိုမှာ စစ်ဆေးမယ်ဆိုပြီးပြောပါတယ်။"

ဒီလိုပို့ဆောင်တာဟာ အခုမှ မဟုတ်ပဲ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက အရွယ်ရောက်ပြီးသားမြန်မာလူငယ်တွေကို စစ်တပ်ထဲကိုခေါ်ဆောင်သွားတာပါ။ အရင်လတွေတုန်းကတော့ဒီလိုခေါ်ဆောင်ပြီး မိသားစုဝင်တွေက ကျပ်ငွေ သိန်း၂၀လောက်ပေးမှ ပြန်လွှတ်ပေးတာရှိသလို ငွေနဲ့မရွေးနိုင်သူတွေကိုတော့မြိတ်ဘက်က စစ်သားစုဆောင်းရေးနေရာဘက်ကိုပို့ဆောင်ခဲ့တယ်လို့လည်း ပြောပြပါတယ်။

"ပုံမှန်အားဖြင့် ကော့သောင်းလှေဆိပ်ကိုရောက်တဲ့သူတွေကိုတော့ပုံမှန်အားဖြင့် ခလရ ၂၆၂ ကိုပို့တယ် ခြေလျင်တပ်ပေါ့ ၊ပုံမှန်အားဖြင့်တော့ ဒီတပ်မှာထားပြီးရှေ့တုန်းကလည်း ၂၆၂ကိုပဲပို့တယ်အခြားတပ်ကိုပို့တာမကြားမိဘူး အဲဒီတပ်ကို ပို့ပြီးမှ ပိုက်ဆံနဲ့လာရွေးထုတ်ခိုင်းတယ် လာမရွေးနိုင်တဲ့သူတွေ အသက်ပြည့်ပြီးသူတွေကို လှေနဲ့မြိတ်ကိုပြန်ပို့တာ။"

ထိုင်းကနေ လွတ်ရက်စေ့လို့ နေရပ်ပြန်ပို့ခံရပြီးနောက် စစ်သားစုဆောင်းခံရတဲ့ အမျိုးသား၂၇ ဦးဟာ စစ်တင်ဘာလ၈ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းနဲ့အတူ ကော့သောင်းကနေ ပုလောမြို့နယ်ဘက်ကို စက်လှေနဲ့ပို့ဆောင်တုန်းမှာ လှေပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကို သေနတ်နဲ့ပစ်ခတ်ပြီး KNU တပ်မဟာ (၄) နယ်မြေ၊ KNDO တပ်ရင်း (၇) တပ်ခွဲ (၅)ထံ ထွက်ပြေးသွားပါတယ်။

အသက် ၁၆ နှစ်မှ ၃၃ နှစ်ကြား မြန်မာအမျိုးသား ၂၇ ဦးကတော့ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မွန်၊ ကရင်၊ ဗမာ၊ ရခိုင် တိုင်းရင်းသားတွေဖြစ်ပြီးအခုလိုမျိုး ရနောင်း-ကော့သောင်းလမ်းကနေ ပြန်ပို့ခံရပြီးတဲ့နောက် စစ်သားအဖြစ် စုဆောင်းခံခဲ့ရတာဖြစ်ပါတယ်။

အခုဆိုရင် စစ်မှုမထမ်းလိုတဲ့ နေရပ်ပြန်တွေကို တောင်းယူတဲ့ငွေကြေးက သိန်း ၂၀လောက်နဲ့ မရတော့ပဲ သိန်း ၅၀အထက်တောင်းယူတာတွေလုပ်လာတယ်လို့လည်း နေရပ်ပြန်တွေရဲ့မိသားစုတွေကလည်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေထွက်လာပြီးကတည်းက လူငယ်အတော်များများဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်လာကြသလို အလုပ်အကိုင် ရှာဖွေဖို့အတွက် အစုလိုက်အပြုံလိုက်ထွက်လာကြတာပါ ။ ဒီအတွက်ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး ပြစ်ဒဏ်ချပြီးတဲ့နောက် အခုလိုမျိုးနေရပ်ပြန်ပို့တာတွေကိုလုပ်ခဲ့ပါတယ်။ မြန်မာ ရနောင်း-ကော့သောင်းဘက်မှာတော့ တလကို၂ကြိမ်ခန့် နေရပ်ပြန်ပို့လေ့ရှိပါတယ်။

Your browser doesn’t support HTML5

ထိုင်းမှာပြစ်ဒဏ်ကျခံပြီး မြန်မာကိုပြန်ပို့ခံရသူ ၁၈၀ ကျော်  စစ်မှုထမ်း ခေါ်ဆောင်ခံရ