မြန်မာနိုင်ငံ ကုန်ထုတ်လုပ်မှုနဲ့ စီးပွားရေး အလားအလာ

ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းမြင်ကွင်းတခု။ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူမှုတချို့ကို ဖြေလျှော့ထားပါတယ်။ ဒီဇင်ဘာ ၈၊ ၂၀၁၅။

မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးုတိုးတက်မှုဟာ အထည်ချုပ်လုပ်ငန်းတွေနဲ့ ပြည်ပပို့ကုန်တွေ အားကောင်းလာတဲ့အတွက် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ဖွံဖြိုးမှုနှုန်း ၇ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိလာမယ်လို့ အာဆီယံ + 3 မက်ခရိုစီးပွားရေး သုတေသနရုံး (AMRO) က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ခန့်မှန်းပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာဘဏ်ကတော့ မြန်မာစီးပွားရေးဖွံ့ဖြိုးမှုနှုန်း ခန့်မှန်းချက်ကို မကြာသေးခင်ရက်ပိုင်းက ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ ခန့်မှန်းတဲ့ အတိုင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် သဘာဝဘေးဒဏ်နဲ့ ပြည်တွင်းရင်ဆိုင်ရတဲ့ အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားရမယ်လို့လည်း ပညာရှင်တွေက သုံးသပ်ပါတယ်။ မမေခက စုစည်းတင်ပြထားပါတယ်။

အာဆီယံ + ၃ မက်ခရိုစီးပွားရေး သုတေသနရုံး (AMRO) က မြန်မာ့စီးပွားရေးဟာ တည်တံ့ခိုင်မာတဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုတ်နှံမှုတွေ ရှိတာ။ ဆက်လက်ခိုင်မာတဲ့ အဝတ်အထည်ပို့ကုန်တွေနဲ့ ပြည်တွင်းစားသုံးမှု ဖွံ့ဖြိုးလာတဲ့ အထောက်အကူတွေကြောင့် ၂၀၁၈၊ ၂၀၁၉ ခုနှစ်အတွင်း ၇ ဒသမ ၄ ရာခိုင်နှုန်း အထိ တိုးတက်လာနိုင်တယ်လို့ မကြာသေးခင်ရက်ပိုင်းက သုံးသပ်ချက် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီ အစီရင်ခံစာထုတ်ပြန်တဲ့အချိန်ဟာ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အီးယူ ဥရောပ သမဂ္ဂဘက်က ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေးတွေ ရုပ်သိမ်းဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အချိန်ဖြစ်ပါတယ်။ AMRO သုသေသနဌာနက က စီးပွားရေးဆိုင်ရာ အကြီးအကဲ Dr. Hoe Ee Khor က အခုလို ပြောပါတယ်။

" မြန်မာနိုင်ငံရဲ့ အနေအထားက လုပ်အားခ သက်သက်သာသာနဲ့ အလုပ်သမားတွေ ငှားရမ်းနိုင်တဲ့ အခြေအနေကြောင့် တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ တကယ်လို့ ဥရောပ သမဂ္ဂဘက်က ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ မရတော့ဘူးဆိုရင်တောင် တခြား ဈေးကွက်တွေ ရှာနိုင်တဲ့အနေအထားလို့ ကျနော်တို့က သုံးသပ်ပါတယ်။ တရုတ်နိုင်ငံဟာလည်း ကမ္ဘာပါ်မှာ အဝတ်အထည်ပို့ကုန်တွေ အများဆုံး တင်ပို့တဲ့ နိုင်ငံဖြစ်ပါတယ်။"

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းတွေကနေ ၂၀၁၈၊ ၂၀၁၉ ခုနှစ်အတွင်း ပြည်ပပို့ကုန် ပမာဏဟာ အမေရိကန် ဒေါ်လာ သန်းသုံးထောင်ကျော်ဖိုး အထိ ရှိမယ်လို့ AMRO သုသေသနဌာနအဖွဲ့က ခန့်မှန်းပါတယ်။ ဒီလို ပြောပေမဲ့လည်း မြန်မာနိုင်ငံအတွင်း အထည်ချုပ်စက်ရုံတွေ တော်တော်များများ တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြုပ်နှံတာဖြစ်ပြီး ကုန်သွယ်ခွင့် အထူး အခွင့်အရေးတွေကို ရယူရင်း ဥရောပ ဈေးကွက်ကို အဓိက အားထားနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး ကတော့ အခုလို ရှင်းပြပါတယ်။

"အမေရိကန်ဒေါ်လာပြောတဲ့ အခါကျနော်တို့က အကျီတန်ဖိုးတွေဘဲပြောတာပေါ့။ မြန်မာပြည်က အကျီတန်ဖိုးရတာမဟုတ်ဘူး ချုပ်ခဘဲရတာ။ စုစုပေါင်းပြီးခဲ့တဲ့ နှစ်ကပို့ခဲ့တာဆိုရင် ဒေါ်လာဘီလီယံနဲ့ချီ ပြီးဥရောပကိုပို့ခဲ့တယ်ပေါ့နော်။ ကုန်သွယ်မှုမမာဏထက်ကျနော်တို့ဆီမှာ အထည်ချုပ်မှာ အလုပ်အကိုင်အခွင့်အလမ်း ကိုပိုပြီးအဓိကကျပါတယ်။ ဒီဈေးကွက်ပျောက်ရင် အလုပ်အကိုင်အခွင့်အလမ်းဘယ်လောက်ပျောက်လဲဆိုတာ အဓိကထားပြောကြပါတယ်။ "

အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာဘဏ်ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနုန်းဟာ ၂၀၁၈-၂၀၁၉ ခုနှစ်မှာ မူလရည်မှန်းထားတာထက် သုည ဒသမ ငါး ရာခိုင်နှုန်း လျော့ကျသွားပြီး ၆ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိမယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း လာမယ့်သုံးနှစ်အတွင်း လျော့ကျသွားနိုင်တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီနှစ် မြန်မာနိုင်ငံ တဝှမ်း ရေလွှမ်းမိုးမှုတွေကြုံရတာ၊ ကုန်ပစ္စည်းဈေးတွေတက်တာ၊ ငွေကြေးဖေါင်းပွမှု ဖိအားတွေ ရင်ဆိုင်ရတာတွေအပြင် ရခိုင်ပဋိပက္ခရဲ့ ရိုက်ခတ်မှုကြောင့်လည်း မြန်မာ့စီးပွားရေးဟာ မူလက မှန်းထားသလောက် တိုးတက်မှု ရှိမှာ မဟုတ်ဘူးဆိုပြီး ကမ္ဘာဘဏ်က မူလခန့်မှန်းချက်ကို ပြန်လည် ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

စီးပွားရေးပညာရှင်တဦးဖြစ်တဲ့ ဦးခင်မောင်ညို ဗောဂဗေဒကတော့ မြန်မာ စီးပွား ရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ကို အခုလို ပြောဆိုပါတယ်။

"တချို့ကဏ္ဍတွေကတော့နော် လောလောဆယ်မှာထိမယ့်သဘောရှိတာပေါ့နော်။ ခြုံပြီးပြောရတာ ခက်တယ်။ စိုက်ပျိုးရေးဆိုရင် ရေလ ျှံတာကြောင့်ဘယ်လောက်ထိလဲပြောလို့မရသေး ဘူး။ သိသိသာသာ ကျဆင်းတာကတော့ အနောက်ကလာတဲ့ ကမ္ဘာလှည့်ခရီးသွားဝင်တာကျပြီးတရုတ်နဲ့ အရှေ့တောင်အာရှဘက်က များလာတယ်။ ရခိုင် ဂယက်ရိုက်ခတ်မှုကရှိတော့ရှိတယ်။ ငွေလဲနှုန်း က စီးပွားရေးလုပ်ငန်းအတွက် အခက်အခဲရှိစေတာမှန်တယ်။ ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုကကျဆင်း မယ်လို့မထင်ဘူး။ မှန်းရတာတော့ခက်တယ်။ အားလုံးတော့မမြင်ရဘူး။ တက်မယ့်အလားလားရှိသလို ကျမယ့်အလားအလားလည်းရှိတယ်။ ဆရာကတော့ အကောင်း ဘက်ကိုဘဲရှုမြင်ပါတယ်"

ဦးခင်မောင်ညို (ဗောဂဗေဒ) ပြောဆိုသွားတာပါ။

ADB အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ် စီးပွားရေး စစ်တမ်းမှတော့ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာစတင်မယ့် ဘဏ္ဍာနှစ်အသစ်မတိုင်ခင် ဧပြီလကနေ စက်တင်ဘာလအထိ ခြောက်လတာ ကာလမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု ၆.၈% ရှိမယ်လို့ ADB က ခန့်မှန်းထားပြီး ၂၀၁၉ ဘဏ္ဍာနှစ်မှာ ၇.၂% ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

စီးပွားရေးတိုးတက်လာတာရဲ့ အဓိကအကြောင်းတွေအဖြစ် စိုက်ပျိုးရေးကဏ္ဍ အားကောင်းလာတာ၊ ပြည်ပပို့ကုန် တက်လာတာနဲ့ ပုဂ္ဂလိကစားသုံးမှုနှုန်း ပိုတက်လာတွေကို ADB က ထောက်ပြထားပါတယ်။ အခုအချိန်အထိတော့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ကြိုတင် ခန့်မှန်းချက်တွေနဲ့ပတ်သက်လို့ ကမ္ဘာဘဏ်လို ADB ဘက်က ပြန်လည် ပြင်ဆင်တာမျိုးတော့ မတွေ့ရသေးပါဘူး။

Your browser doesn’t support HTML5

မြန်မာနိုင်ငံ ကုန်ထုတ်လုပ်မှုနဲ့ စီးပွားရေး အလားအလာ