ဂျပန်ရောက် မြန်မာနိုင်ငံသားအားလုံးမဲပေးခွင့်ရဖို့ စီစဉ်ပေးနေ

မြန်မာသံအမတ်ကြီးက ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနဲ့ လူငယ်ကိုယ်စားလှယ်များကို တွေ့ဆုံဆွေးနွေးခဲ့တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Embassy of the Republic of the Union of Myanmar, Tokyo - ဇူလိုင် ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

၂၀၂၀ ရွေးကောက်ပွဲမှာ ဂျပန်ရောက်မြန်မာနိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးနဲ့အညီ အားလုံး မဲပေးနိုင်ခွင့်ရဖို့ စီစဉ်နေတဲ့အကြောင်းကို မဆုမွန်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကိုလာမယ့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ မှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပြီးတဲ့နောက်မှာပဲ ဒီ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ မဲပေးနိုင်ကြဖို့ သက်ဆိုင်ရာနိုင်ငံအသီးသီးက မြန်မာသံရုံးတွေက ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ လျှောက်ထားနိုင်ဖို့ ပုံစံ ၁၅တွေကို ဒီဇူလိုင်လဆန်းကစလို့ စတင်ဖြန့်ဝေပေးပြီး သြဂုတ်လနောက်ဆုံးထားဖြည့်သွင်းပေးပို့ဖို့ တိုက်တွန်းထားပါတယ်။

ပြည်ပရောက်မြန်မာအများဆုံးနေထိုင်ရာ အာရှနိုင်ငံတွေမှာအထူးသဖြင့် ကမ္ဘာ့ကပ်ရောဂါ COVID 19 ကပ်ရောဂါကာလအတွင်း အသွားအလာ လူစုလူဝေးကန့်သတ်မှုတွေကြားက မဲပေးရမယ့်ပုံစံတွေဖြည့်သွင်းပေးပို့နိုင်ရေး သက်ဆိုင်ရာမြန်မာသံရုံးတွေနဲ့ ပူးပေါင်းပြီး ပြည်ပရောက်နိုင်ငံသားအချင်းချင်း ဝိုင်းဝန်းကူညီပေးကြတာပါ။

SEE ALSO: မဲဆန္ဒရှင်စာရင်း သွားကြည့်ကြဖို့ တိုက်တွန်းနှိုးဆော်ထား

ဒီနိုင်ငံတွေထဲ မြန်မာနိုင်ငံသား သောင်းချီနေထိုင်တဲ့ ဂျပန်နိုင်ငံမှာ ဇူလိုင်လ ၂၆ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးမှာ မြန်မာသံအမတ်ကြီးနဲ့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက်မှာ ဂျပန်ရောက် မြန်မာနိုင်ငံသားတိုင်း မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေပြနိုင်တယ်ဆိုရင် နိုင်ငံသားတို့အခွင့်အရေးနဲ့အညီ အားလုံးပါဝင် မဲပေးနိုင်ခွင့်ရရေး မြန်မာသံရုံးကနေ စီစဉ်ပေးနေတဲ့အကြောင်း သံအမတ်ကြီးကသတင်းစကားပါးတယ်လို့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိမှာ သက်တမ်းကုန်ဆုံးနေသည်ဖြစ်စေ နိုင်ငံကူးလက်မှတ်ရှိရင်-လျှောက်ထားနိုင်သလို၊ နိုင်ငံကူးလက်မှတ် လက်ဝယ်မရှိတော့ဘူးဆိုရင်လည်း မိမိရဲ့မှတ်ပုံတင်မိတ္တူ ၊ သန်းခေါင်စာရင်း မိတ္တူနဲ့တကွ မဲပေးခွင့်ပုံစံ လျှောက်ထားနိုင်တယ်လို့ ဂျပန်ရောက်တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ ညီညွှတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်)ရဲ့ဥက္ကဋ္ဌ ဦးမိုင်ကျော်ဦးက ရှင်းပြပါတယ်။

“ပြီးခဲ့တဲ့တနင်္ဂနွေနေ့ မနေ့က ကျနော်တို့တွေ ဂျပန်တိုကျိုသံအမတ်နဲ့ သွားရောက်တွေ့ဆုံဆွေးနွေးပါတယ်။ မဲပေးတဲ့သူတိုင်း အဆင်ပြေအောင်ပေါ့။ ဂျပန်မှာက အမျိုးမျိုးနဲ့ရောက်လာကြတာ တချို့ကျတော့ စာအုပ်တွေ မရှိတော့တဲ့သူတွေရှိတယ်။ တချို့ကျတော့ မြန်မာနိုင်ငံသားပြန်လျှောက်တဲ့သူရှိတယ်။ အစကတော့ ပတ်စပို့စာအုပ်ရှိမှ -ဆိုတဲ့ကန့်သတ်ချက်တွေများတယ်။ အခုတော့ ကိုယ့်ဆီမှာ အထောက်အထားတခုခုရှိရုံနဲ့ ဥပမာ-သန်းခေါင်စာရင်း(ပုံစံ၁၀) မိတ္တူဖြစ်ဖြစ် ၊ ကိုယ့်ရဲ့ မြန်မာနိုင်ငံသား မှတ်ပုံတင် ကော်ပီတခုခုဖြစ်ဖြစ် နောက်မှာ ကိုယ့်လက်ထဲ သက်တမ်းမရှိတော့တဲ့ ပတ်စပို့ရှိရင်ဖြစ်ဖြစ် ပုံစံ(၁၅)ကို တွဲပြီးတင်တယ်ဆိုရင်တော့ သံရုံးကနေ စုစည်းပြီး ကော်မရှင်ကို စနစ်တကျပေးပို့မှာဖြစ်ပါတယ်။ ဒီလိုလိုအပ်တဲ့အချက်အလက်တွေပြည့်စုံအောင် ဖြည့်ပြီးတဲ့အပြင် ကိုယ်နေထိုင်ခဲ့တဲ့ ကိုယ့်မြို့ရွာ ရပ်ကွက်ကျေးရွာအဆင့် ကိုယ့်သန်းခေါင်စာရင်းပေါက်တဲ့နေရာမှာ ကိုယ့်မိသားစုကို ရပ်ကွက်မဲရုံမှာ ကိုယ့်နာမည်ပါ မပါ စုံစမ်းဖို့သွားကြည့်ဖို့ မှားနေတာ လွဲချော်တာ ရှိ-မရှိ သွားကြည့်ဖို့ အားလုံးကို ဆော်သြထားပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားတိုင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ နည်းဥပဒေလမ်းညွှန်ချက်တွေနဲ့အညီ မဲပေးနိုင်ခွင့်ရနိုင်ဖို့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေဘက်က ဆွေးနွေးခဲ့ကြတယ်လို့ တွေ့ဆုံပွဲမှာ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဂျပန်ရောက်မြန်မာနိုင်ငံသားများအသင်းက ဦးသန်းဆွေကလည်းပြောပြပါတယ်။

မြန်မာသံအမတ်ကြီးက ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနဲ့ လူငယ်ကိုယ်စားလှယ်များကို တွေ့ဆုံဆွေးနွေးခဲ့တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Embassy of the Republic of the Union of Myanmar, Tokyo - ဇူလိုင် ၂၆၊ ၂၀၂၀)

“သံအမတ်နဲ့မနေ့က ကျနော်တို့ဆွေးနွေးတာကတော့-UEC ကနေပြီးတော့ မြန်မာနိုင်ငံသားတယောက် မဲပေးပိုင်ခွင့်ရှိတယ်ဆိုရင် မဲစာရင်းထဲမှာပါတဲ့ မြန်မာနိုင်ငံသားတွေ အကုန်လုံးကို မဲပေးလို့ရအောင် သူတို့တွေ ကြိုးစားပြီးဆောင်ရွက်ပါတယ်ဆိုတဲ့ Message ကို ကျနော်တို့ကိုပေးပါတယ်။ တချို့က နိုင်ငံသားပြန်လျှောက်ဆဲမှာပဲ လက်ဝယ်မှာ ပတ်စပို့မရှိတဲ့သူတွေရှိတယ်။ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား အမျိုးသားမှတ်ပုံတင်နံပတ်၊ သန်းခေါင်စာရင်း မိတ္တူရှိခဲ့မယ်ဆိုရင်- အဓိက တင်တဲ့ပုံစံ ၁၅ နဲ့ မြန်မာနိုင်ငံက မဲစာရင်းနဲ့ သွားတိုက်ကြည့်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ Identification မှန်ကန်တယ်ဆိုရင် UEC ကနေ ဒီလူကို မဲပေးပိုင်ခွင့်ပြုမယ်လို့ သံအမတ်က ကျနော်တို့ကို ဆွေးနွေးပါတယ်။ အဲ့တာကြောင့်မို့လို့ ဒီဂျပန်မှာရှိတဲ့သူတွေ အကုန်လုံး မဖြစ်မနေ ကြိုတင်မဲပေးနိုင်ကြဖို့ ပုံစံ ၁၅ တွေကို ဂျပန်က မြန်မာဆိုင်တွေမှာဖြန့်ထားပေးတယ် ဂျပန်ထဲမှာပဲ ဝေးတဲ့နေရာတွေကိုဆိုလည်း စာတိုက်ကနေ ပို့ပေးတယ်။ လိုအပ်တာတွေကို အကုန်လုံး Volunteer ဝိုင်းလုပ်ပေးကြပါတယ်။ ဒီနှစ်တော့ ဂျပန်မှာ မဲပေးမယ့်သူ တော်တော်လေးများလိမ့်မယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်။”

ဂျပန်နိုင်ငံတဝှမ်းနေထိုင်သူ မြန်မာနိုင်ငံသားတိုင်း ကြိုတင်မဲပေးခွင့်ရဖို့ အထူးသဖြင့် ကမ္ဘာ့ကပ်ရောဂါ COVID 19 ဖြစ်ပွားနေဆဲအချိန် အသွားအလာကန့်သတ်မှုတွေနဲ့ လူစုလူဝေးစုဝေးခွင့်တားမြစ်ချက်တွေကြောင့် မဲလာပေးနိုင်ဖို့ အခက်အခဲကြုံလာရနိုင်တာတွေ အတွက်လည်း မဲပေးနိုင်ခွင့်ပုံစံစနစ်နဲ့နေရာဒေသတွေကိုလည်း ထည့်သွင်းစဉ်းစားနေကြတယ်လို့ ဂျပန်ရောက်တိုင်းရင်းသားအဖွဲ့ဥက္ကဋ္ဌ ဦးမိုင်ကျော်ဦးကရှင်းပြပါတယ်။

“ ဒီကနေ ဟိုး ကားနဲ့သွားရင် အနည်းဆုံး ၆ နာရီလောက်ကြာတဲ့ နာဂိုယာမြို့မှာလည်း မဲရုံခွဲလုပ်ဖို့ သူတို့ကြိုးစားနေတယ် သံရုံးကနေ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်တောင်းထားတယ်လို့ပြောတယ်။ နောက်တခုက ကျနော်တို့စဉ်းစားတာက စာတိုက်ကနေ ပေးပို့တဲ့စနစ်ပေါ့နော်။ အဲ့တာကိုလည်း ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတယ်။ ဒီ ဟိုကိုင်းဒိုး ဆိုတာက တိုကျိုကို လေယာဉ်စီးမှပဲ လာလို့ရတာရှိတယ်။ အဲ့ကလူတွေဆို မဲရုံကို မဲလာပေးဖို့ခက်မယ် မဲပေးချင်တယ်ဆိုရင်လေ။ နောက် အိုခီနာဝါဆိုတာကလည်း သီးသန့်ကျွန်းတကျွန်းလိုဖြစ်နေတယ် အဲ့ကလည်း လေယာဉ်နဲ့လာမှဖြစ်မယ် အဲ့ဒီ့နေရာတွေကသူတွေကလည်း မဲပေးချင်တယ်လို့ ကျနော်တို့ သိရတယ်။ အဲ့သူတို့တွေအတွက် စဉ်းစားတဲ့အနေနဲ့ သံရုံးကနေ ရွေးကောက်ပွဲကော်မရှင်ကို အဝေးရောက်စာတိုက်ကနေ မဲပေးနိုင်တဲ့ မဲစနစ်နဲ့ မဲပေးနိုင်အောင်ပေါ့နော် အဲ့တာလည်း ကြိုးစားနေပါတယ်။ ၂၀၁၅ တုန်းကဂျပန်မှာ မဲပေးနိုင်ခဲ့တဲ့သူ ၈၀၀ ကျော်ကျော်လေးပဲ ရှိခဲ့တယ် တကယ်က ဂျပန်မှာရောက်နေတာက သောင်းဂဏန်းရှိတယ်။ ၂၀၂၀ မှာတော့ တော်တော်များများ နိုင်ငံရေး ခိုလှုံခွင့်တောင်းခဲ့သူတွေပါအပါ စပ်ကူးမတ်ကူးကာလ အမျိုးမျိုးအဖုံဖုံ ဒါတွေအားလုံးကို ဖြေလျော့ပြီးတော့မှ အသိအမှတ်ပြုကဒ် ကိုယ်ရှိတာလေးတွေကိုပေးပို့ပြီးတော့ မဲပေးနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။”

ဒီလို ကြိုတင်မဲပေးနိုင်ခွင့် ပုံစံ ၁၅ လျှောက်ထားပေမဲ့ တကယ်လို့ မြန်မာနိုင်ငံတွင်း မိမိနေထိုင်ခဲ့တဲ့သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်ကျေးရွာ မဲဆန္ဒနယ်မှာ ဒီဇူလိုင်လ ၂၅ ရက်နေ့ကစတင်ထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းမှာ မပါဝင်ခဲ့ဘူးဆိုရင် မဲပေးခွင့်ရမှာ မဟုတ်လို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံမှာ မဲစာရင်းပါ-မပါကိုလည်း အထူးသတိထားစစ်ဆေးကြဖို့ ဂျပန်ရောက်မြန်မာနိုင်ငံသားများအသင်းက ဦးသန်းဆွေကတိုက်တွန်းပါတယ်။

“ပုံစံ ၁၅ တင်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံမှာ လုပ်ရမယ့်အပိုင်းရှိသလို မြန်မာနိုင်ငံဘက်ခြမ်းမှာ လုပ်ရမယ့်အပိုင်း ၂ ပိုင်းကို အားလုံးသိအောင်ပေါ့ ကိုယ်ဖြည့်ထားတဲ့ပုံစံ ၁၅ ထဲပါတဲ့ လိပ်စာက ကိုယ့်မြန်မာနိုင်ငံက သန်းခေါင်စာရင်း လိပ်စာဖြစ်ရမယ်။ ကိုယ့်သန်းခေါင်စာရင်းထဲအတိုင်း မဲစာရင်းမှာပါ ပါလိမ့်မယ်။ တကယ်လို့ အကြောင်းကြောင်းကြောင်း ကိုယ့်နာမည်မပါခဲ့သည်ရှိသော် UEC ရဲ့ ဥပဒေပြဋ္ဌာန်းထားတာနဲ့အညီ ကိုယ်က ဒီမှာနေခဲ့တဲ့အထောက်အထား ခိုင်ခိုင်လုံလုံရှိတယ်ဆိုရင် ချက်ခြင်း ကျေးရွာ ရပ်ကွက် ရွေးကော်မရှင်ကို ချက်ခြင်းပြင်ဆင်ချက်လုပ်ရပါမယ်။ သတ်မှတ်ထားတဲ့ ပုံစံနဲ့တင်မယ်ဆိုရင် မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မရှင်က ပြန်ပြင်ပေးပါလိမ့်မယ်။ ဒုတိယအကြိမ်မဲစာရင်း ထပ်ထုတ်ပြန်ချိန်မှာ ဒီကပို့လိုက်တဲ့ပုံစံ ၁၅ နဲ့ နောက်ထုတ်တဲ့ မဲစာရင်းမှာ ပါလာပြီဆိုရင်တော့ ဒီလူဟာ မလွဲမနေ မဲပေးပိုင်ခွင့်ရှိပြီလို့ ကျနော်တို့ယူဆရမှာဖြစ်ပါတယ်။”

အခုဆိုရင်တော့ ဇူလိုင်လ ၁၅ရက်နေ့ကစလို့ သြဂုတ်လ ၅ ရက်နေ့ ည ၁၂ နာရီအချိန်အထိ သတ်မှတ်ကာလအတွင်း ကြိုတင်မဲပေးနိုင်ဖို့ ပုံစံတင်သွင်းလာတဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ဖြည့်စွက်ပုံစံတွေကို မြန်မာနိုင်ငံဆိုင်ရာသံရုံးတွေက စုစည်းပြီး-ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီကို သတ်မှတ်ချက်အမှီပေးပို့သွားမှာဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံတွေအလိုက် ကြိုတင်ဆန္ဒမဲပေးပွဲ ကျင်းပမယ့်နေ့ရက်နဲ့ အချိန်တွေကို ထပ်မံသတိပေးအကြောင်းကြားသွားမှာဖြစ်တယ်လို့ ပြည်ပနိုင်ငံတွေမှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေဘက်က ထုတ်ပြန်ကြေညာထားပါတယ်။

Your browser doesn’t support HTML5

ဂျပန်ရောက် မြန်မာနိုင်ငံသားအားလုံးမဲပေးခွင့်ရဖို့ စီစဉ်ပေးနေ

[Unicode Version]





SEE ALSO: နိုဝင်ဘာရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ ကိုယ့်ဒေသအသီးသီးမှာ အနိုင်ရမလား






SEE ALSO: အလုပ်သမား လယ်သမားအရေးခေါင်းစဉ်နဲ့ တသီးပုဂ္ဂလပြိုင်မယ့်သူ ၁၂ ဦးထက်မနည်းရှိ




