၂၀၂၀ ရွေးကောက်ပွဲ NLD ကိုယ်စားလှယ်လောင်းတွေထဲ အစ္စလာမ်ဘာသာဝင်တချို့ပါဝင်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတန်းက ရန်ကုန်မြို့က မဲရုံတခုမှာ မဲများ ရေတွက်နေကြတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေထဲမှာ အစ္စလာမ်ဘာသာဝင်တချို့ ပါဝင်လာတဲ့အပေါ် သဘောထားတွေကို ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတုန်းက NLD ကိုယ်စားလှယ်လောင်းတွေထဲမှာ အစ္စလာမ်ဘာသာဝင် တယောက်မှ မပါခဲ့ပေမဲ့ ဒီတကြိမ်မှာတော့ မွတ်ဆလင်ပါတီဝင်တချို့ ပါဝင်လာတာ တွေ့ရပါတယ်။ စစ်အစိုးရလက်ထက် နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ထောင်ဒဏ် ကျခံခဲ့ရဖူးသူတွေ ဖြစ်ကြတဲ့ ဒေါ်ဝင်းမြမြက မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာနဲ့ ကိုစည်သူမောင်ကတော့ ရန်ကုန်တိုင်း ပန်းပဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာတွေအတွက် ယှဉ်ပြိုင်ဖို့ NLD ပါတီက ရွေးချယ်ထားတာပါ။ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုတွေကို အခြေခံတဲ့ ပဋိပက္ခတွေနဲ့ တင်းမာမှုတွေကြုံနေရချိန် ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့တုန်းက NLD ပါတီက မွတ်ဆလင်ကိုယ်စားလှယ်လောင်းတွေကို မပါဝင်ခဲ့တဲ့အပေါ် မေးခွန်းတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ဘာသာရေး ကွဲပြားမှုအပေါ် အခြေခံဆုံးဖြတ်တဲ့ မူဝါဒမျိုး NLD ပါတီမှာ မရှိဘူးလို့ ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်က ပြောပါတယ်။

SEE ALSO: အလုပ်သမား လယ်သမားအရေးခေါင်းစဉ်နဲ့ တသီးပုဂ္ဂလပြိုင်မယ့်သူ ၁၂ ဦးထက်မနည်းရှိ

"ပါတီဝင်တိုင်းက ပါတီစည်းမျဉ်းစည်းကမ်း လိုက်နာလို့ရှိရင် ပါတီဝင်ခံစားခွင့်ရတာကြီးပါဘဲ။ အစ္စလာမ်ဘာသာဝင်မို့ ရွေးကောက်ပွဲ ဝင်ခွင့်မပေးဘူးဆိုတာမျိုး ပါတီမှာ မရှိပါဘူး။ ၂၀၁၅ တုန်းက အစ္စလာမ်ဘာသာဝင်တွေ ပါဝင်ဖို့ကို ဝမ်းနည်းစွာနဲ့ ကန့်သတ်ခဲ့ရတာတွေရှိတယ်။ အဲဒါက အခြေအနေအရ ကန့်သတ်ခဲ့ရတာ။ ဒီကနေ့ကာလကျတော့ ဒီလိုမဟုတ်ဘူးလွတ်လွတ်လပ်လပ်နဲ့ ယုံကြည်ရာလုပ်နိုင်တယ် ရွေးကောက်ပွဲလည်း ဝင်နိုင်တယ်ဆိုတဲ့ သဘောထားကို ကိုင်ဆွဲထားတာပါပဲ။ အစ္စလာမ်မို့ မဝင်ရမူ မရှိသလို ကျနော်တို့ ပါတီဝင်တွေအနေနဲ့ လွတ်လပ်စွာရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရှိတဲ့မူလည်း ကျနော်တို့မှာရှိပါတယ်။"

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၁,၀၀၀ ကျော်စာရင်းကို NLD ပါတီက မနေ့တုန်းက ထုတ်ပြန်ခဲ့ရာမှာ အများစုက ၂၀၁၅ ခုနှစ်မှာ ရွေးချယ်ခံခဲ့ကြသူတွေ ဖြစ်ပါတယ်။ ပါတီဥက္ကဋ္ဌလည်းဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ရာမှာ ပါတီအပေါ် သစ္စာရှိမှုနဲ့ စွမ်းဆောင်နိုင်တဲ့ အရည်အချင်းအပေါ် အခြေခံဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

ဗုဒ္ဓဘာသာဝင် အများစုရှိရာ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေ အပါအဝင် လူမျိုးရေး၊ ဘာသာရေး မတူကွဲပြားသူတွေအပေါ် ခွဲခြားဆက်ဆံတဲ့ လုပ်ရပ်တွေ ရှိနေကြောင်း နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်မှုတွေလည်း ရှိနေတာပါ။ တချိန်တည်းမှာပဲ ဘာသာခြားတွေကို အခွင့်အရေး ပေးတာမျိုးတွေကို ဆန့်ကျင်ကြတဲ့ အမျိုးသားရေး ဝါဒစွဲပြင်းထန်သူတွေရဲ့ ဖိအားတွေလည်း ရှိနေပါတယ်။

SEE ALSO: မဲဆွယ်စည်းရုံးမှုများ ကပ်ဘေးကန့်သတ်ချက်နဲ့အညီ ဆောင်ရွက်ခွင့်ပြုမည်

ဒီလိုအခြေအနေမျိုးမှာ အာဏာရ NLD ပါတီအနေနဲ့ မွတ်ဆလင်ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ဝင် ဦးအေးလွင်က ကြိုဆိုလိုက်ပါတယ်။

"၂၀၁၅ မှာကျတော့ မွတ်စလင်တွေ သီးသန့်ဝင်ရွေးခံတယ်။ အများကြီး ဖိနှိပ်ခဲ့ကြတယ်။ တကယ့်အရည်အချင်းရှိတာတွေ အများကြီးပေမဲ့ ကော်မရှင်ဘက်က မထည့်ခဲ့ဘူး။ အာဏာရပါတီနဲ့ အင်အားကြီးပါတီတွေကလည်း မရွေးခဲ့ဘူး။ ဒီနှစ်မှာတော့ အခြေအနေတွေထိန်းနိုင်ပြီဖြစ်တဲ့ အတွက်ကြောင့် သူတို့အစ္စလာမ် ဘာသာဝင်တွေကို ထည့်တွက်ပြီးတော့ရွေးခဲ့လို့ ဝမ်းသာပါတယ်။ ဒီအပေါ်ကြိုဆိုပါတယ်။"

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ အစ္စလာမ်ဘာသာဝင် ၂၈ ဦး အပါအဝင် ကိုယ်စားလှယ်လောင်း ၆,၀၀၀ ကျော် ယှဉ်ပြိုင်ခဲ့ဖူးပေမဲ့ မွတ်ဆလင် ကိုယ်စားလှယ်တွေထဲက တယောက်မှ အရွေးမခံခဲ့ရပါဘူးရှင်။

Your browser doesn’t support HTML5

၂၀၂၀ ရွေးကောက်ပွဲ NLD ကိုယ်စားလှယ်လောင်းတွေထဲ အစ္စလာမ်ဘာသာဝင်တချို့ပါဝင်

[Unicode Version]




SEE ALSO: မဲပေးခွင့်ပထမဆုံးရကြမယ့် လူငယ်တွေ သူတို့အခွင့်အရေးကို အသုံးချနိုင်ကြပါ့မလား




SEE ALSO: ရွေးကောက်ပွဲ လွတ်လပ်မ ျှတဖို့ ရွေးကောက်ပွဲကော်မရှင် အာမခံ


