တနိုင်ငံလုံး လျှပ်စစ်မီးရရှိရေး ရည်မှန်း ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ ပြန်ပြည့်မြဲစွမ်းအင်က မဂ္ဂါဝပ် ၄ သောင်းကျော် အထိ ရရှိနိုင်ပြီး လိုအပ်ချက်ထက်တောင် ပိုလျှံနေတယ်လို့ စွမ်းအင်အရေး ဆောင်ရွက်နေသူတွေက ထောက်ပြပါတယ်။ ရေအားလျှပ်စစ်စီမံကိန်းကြီးတွေနဲ့ ကျောက်မီးသွေး အသုံးပြုမယ့်အစား ပြန်ပြည့်မြဲစွမ်းအင်ကို ပြောင်းလဲလာရေး ဆိုတာမှာ လက်တွေ့ ဖြစ်နိုင်ခြေ အလားအလာတွေနဲ့ ပတ်သက်လို့ Save the Natural Resource စာနာအဖွဲ့ရဲ့ ဒါရိုက်တာ ကိုဧပရယ်ကြူကြူးကို ဗွီအိုအေရုံးချုပ်မှာ မသိင်္ဂီထိုက်က မေးမြန်း တင်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်းက လက်ရှိ ရှိနေတဲ့ ပြန်ပြည့်မြဲစွမ်းအင် ရင်းမြစ်တွေကို စုစည်း သုတေသန ပြုချက်အရ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၂,၀၀၀ ထိ ထုတ်နိုင်ပြီး ဒီပမာဏဟာဆိုရင် မြန်မာနိုင်ငံ လိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင် ပမာဏထက် ပိုများနေတာပါ။ ကမ္ဘာ့ဘဏ်ရုံးချုပ်မှာ မြန်မာ့လျှပ်စစ်ကဏ္ဍနဲ့ ပတ်သက်ပြီး လာရောက် ဆွေးနွေးတဲ့ အရပ်ဘက်အဖွဲ့အစည်း Save the Natural Resource စာနာအဖွဲ့ရဲ့ ဒါရိုက်တာ ကိုဧပရယ်ကြူကြူးက အခုလို ပြောပါတယ်။
“NEP လို့ပြောတဲ့ Natural Electrification Plan မှာ ကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် ၂၀၃၀ မှာ အမြင့်ဆုံးလိုနေတဲ့ လျှပ်စစ်ဓာတ်အားက ၁၄၅၄၂ မဂ္ဂါဝပ်၊ အနိမ့်ဆုံးလိုအပ်ချက်ကတော့ ၉၁၀၀ မဂ္ဂါဝပ်ပေါ့နော်၊ အဲတော့ လက်ရှိက ၆၀၀၀ လောက်ထုတ်တယ်၊ ၂၀၃၀ ကျရင် ၁၄၀၀၀ လောက် လိုတယ်ပေါ့။ ဒါပေမယ့် Renewable Energy က တွက်ချက်ထားတဲ့ဟာတွေအရ ဆိုရင် ၄၂၀၀၀ မဂ္ဂါဝပ်လောက်က ဒီ Renewable Energy ကနေ ရနိုင်တယ်ပေါ့။ ဒါကြောင့်မို့ ခုန ဆည်အကြီးကြီးတွေ ဆောက်မယ့်ဟာတွေ၊ ကျောက်မီးသွေး ဆောက်မယ့်ဟာတွေထက် ဒီဟာတွေပေါ်မှာ ဒီလိုမျိုး တွက်ချက်ထားတဲ့ ရွေးချယ်စရာလေးတွေ ရှိတယ်။
“ဒါပေမယ့် အဲဒီမှာ အများကြီးပြောလာကြမှာပေါ့၊ နည်းပညာအရ အခက်အခဲရှိတယ်၊ တခြားလုပ်စရာတွေက အများကြီး အခက်အခဲရှိတယ် ပြောနေပေမယ့်လည်း ဆည်ကြီးတွေဆောက်မယ့် ငွေတွေ၊ ကျောက်မီးသွေးတွေ ဆောက်မယ့်ငွေတွေက ဒီထဲမှာ ရင်းနှီးမြှုပ်နှံလိုက်ရင် ၂၀၃၀ မှာ ကျနော်တို့ မြန်မာနိုင်ငံအတွက် လျှပ်စစ်မီး လုံလောက်နိုင်တယ်။ ပြီးတော့ စီးပွားရေးလုပ်ဖို့အတွက်လည်း ဒီလျှပ်စစ်မီးတွေက လုံလောက်နိုင်ပါတယ်ဗျ။”
ကမ္ဘာ့ဘဏ်က ပံ့ပိုးဆောင်ရွက်နေတဲ့ အစိုးရရဲ့ NEP အမျိုးသား လျှပ်စစ်စွမ်းအင်ဆိုင်ရာ စီမံကိန်းမှာတော့ မြန်မာ့လျှပ်စစ် လိုအပ်ချက်ကို ရေအားလျှပ်စစ် စက်ရုံကြီးတွေနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံတွေက အဓိကထားထုတ်ဖို့ ရည်မှန်း ဆောင်ရွက်နေပြီး သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေကတော့ ဒီအစား ရှိနေပြီးဖြစ်တဲ့ ပြန်ပြည့်မြဲစွမ်းအင်ကို အဓိက အသုံးပြုဖို့ တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာရှိနေတဲ့ ပြန်ပြည့်မြဲစွမ်းအင် ရင်းမြစ်တွေကိုလည်း ကိုဧပရယ်ကြူကြူးက အခုလို ပြောပါတယ်။
“လေအားလျှပ်စစ်ပေါ့၊ လေအားလျှပ်စစ်အနေနဲ့တော့ ကျနော်တို့ အခုမှ သုတေသနလုပ်တဲ့ဟာတွေ၊ စမ်းသပ်တဲ့အဆင့်တွေပဲ ရှိပါသေးတယ်။ အဲတော့ ပြန်ပြည့်မြဲစွမ်းအင်လို့ ပြောလို့ရှိရင် အသေးစား ရေအားလျှပ်စစ်လေးတွေ၊ အသေးလေးတွေ ပေါ့နော်၊ အဲဒါတွေရယ်၊ နေရောင်ခြည်စွမ်းအင်သုံးရယ်၊ Biomass လို့ ပြောတဲ့ဟာတွေရယ် အဲဒါတွေက ပြန်ပြည့်မြဲစွမ်းအင် အနေနဲ့ မြန်မာနိုင်ငံမှာ ရှိနေပါတယ်ဗျ။”
ပြန်ပြည့်မြဲစွမ်းအင်ကို အဓိကထား အသုံးပြုဖို့အရေးမှာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့နိုင်ပေမယ့်လည်း နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့တွေ ရနိုင်တယ်လို့လည်း ထောက်ပြပါတယ်။ ဒါ့အပြင် ရေအားလျှပ်စစ် စီမံကိန်းကြီးတွေနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အရေးတွေက မြန်မာ့နိုင်ငံရေး အပေါ်မှာပါ ရိုက်ခတ်နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။
“ကျောက်မီးသွေးကိစ္စရယ်၊ ရေအားလျှပ်စစ် အကြီးကြီးတွေရယ်၊ ပြီးရင် ဂက်စ်တွေရယ်ပေါ့၊ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုလို့ ပြောလို့ရှိရင် ရင်းနှီးမြှုပ်နှံမှုက အများကြီးလာပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ စဉ်းစားရတာက တကမ္ဘာလုံးခြုံပြီး စဉ်းစားနေတဲ့ Paris Climate Change တခုတည်း မဟုတ်ပါဘူး။ နိုင်ငံရေးအခြေအနေပါ ထည့်စဉ်းစားရပါတယ်။ အဲတော့ နောက်ကနေလာတဲ့၊ ဥပမာ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီး လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဆိုရင် မြစ်တွေပေါ်မှာ အဓိကဖြစ်တဲ့အတွက်ကြောင့် မြစ်တွေဘေးနားမှာဆိုရင် မြန်မာနိုင်ငံ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိပါတယ်။ ငြိမ်းချမ်းရေးကိစ္စလည်း အခုထိ ပိတ်နေတယ်ပေါ့၊ ဆက်ဆွေးနွေးလို့မရတဲ့ကိစ္စတွေ ရှိတယ်။
“ကျောက်မီးသွေးနဲ့ ပတ်သက်ရင်လည်း ကျောက်မီးသွေးနဲ့ ပတ်သက်တဲ့ဟာမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ အများကြီးရှိမယ်ပေါ့နော်။ အဲတော့ မြန်မာနိုင်ငံအနေနဲ့ ပတ်သက်ပြီး ပြောရလို့ရှိရင်တော့ ရေအားလျှပ်စစ် အကြီးကြီးတွေ၊ ကျောက်မီးသွေးတွေ၊ တခြား ရင်းနှီးမြှုပ်နှံမှု အကြီးကြီးတွေက မြန်မာနိုင်ငံမှာရှိနေတဲ့ ပဋိ့ပက္ခတွေ၊ ငြိမ်းချမ်းရေးတွေ မသွားသေးဘဲနဲ့ ဝင်လာလို့ရှိရင် ဒီဟာတွေက နောက်ထပ် ပဋိပက္ခတွေ ထပ်ပြီး ဖြစ်ပွားစေနိုင်တယ်ပေါ့။ ဒါ ပထမတချက်ပါ။
“နောက် ဒုတိယတချက်ကတော့ မြန်မာနိုင်ငံ စွမ်းအင်ပြည့်ဖြိုးဖို့အတွက်ကို ပြန်ပြည့်မြဲစွမ်းအင် အနေနဲ့လည်း ဒီမှာ ရွေးချယ်စရာတွေ၊ သုတေသနလုပ်ထားတဲ့ဟာတွေ ရှိပါတယ်။ အဲဒီတော့ ပြန်ပြည့်မြဲစွမ်းအင် အနေနဲ့ သွားလို့ရတဲ့ဟာ ရှိလို့ရှိရင် ကျနော်တို့ သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်မှု လျော့ကျစေတယ်၊ နောက်တခုက သုတေသန လုပ်ထားတဲ့ဟာတွေက ဒီမြန်မာနိုင်ငံထဲမှာပဲနေ၊ မြန်မာနိုင်ငံ တကယ့်အခြေအနေကို သိနေကြတဲ့သူတွေ လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် ခုန Conflict Sensitivity လို့ပြောတဲ့ ပဋိပက္ခဖြစ်တဲ့ နေရာဒေသတွေ အကြောင်းလည်း သိရှိပြီးဖြစ်ပါတယ်။”
လျှပ်စစ်စွမ်းအင် ပြည့်မီရေးအတွက်ဆိုရင် လက်ရှိထုတ်နေတဲ့ လျှပ်စစ်ဓာတ်အား ပမာဏထဲက လေလွင့်မှုနည်းအောင် မဟာဓာတ်အားလိုင်း စနစ်တွေ၊ စက်ပစ္စည်းတွေ ပြုပြင်ပြောင်းလဲဖို့၊ နောက် လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှုအပိုင်းမှာ စီမံခန့်ခွဲမှု ကောင်းအောင်လုပ်ဖို့လည်း တိုက်တွန်းပါတယ်။ လက်ရှိမှာတော့ ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ သန်း ၄၀၀ နဲ့ မြန်မာအစိုးရက ပင်မဓာတ်အားလိုင်း ကွန်ရက်ကို တိုးချဲ့ တည်ဆောက်နေပါတယ်။
--------------------------------
(Unicode)
Your browser doesn’t support HTML5