သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာ့လျှပ်စစ်ဓာတ်အားအရေး ကမ္ဘာ့ဘဏ်မှာ တင်ပြဆွေးနွေး


ရန်ကုန်မြို့ တနေရာတွင်တွေ့ရသည့် လျှပ်စစ်ဓာတ်အားတိုင်နှင့် ဓာတ်ကြိုးများ မြင်ကွင်းတခု။ (ဇန်နဝါရီ ၂၇၊ ၂၀၁၄)
ပုံ- အေပီ
ရန်ကုန်မြို့ တနေရာတွင်တွေ့ရသည့် လျှပ်စစ်ဓာတ်အားတိုင်နှင့် ဓာတ်ကြိုးများ မြင်ကွင်းတခု။ (ဇန်နဝါရီ ၂၇၊ ၂၀၁၄) ပုံ- အေပီ

မြန်မာ ပြည်သူတွေ လျှပ်စစ် ဓာတ်အား အရ နည်းပြီး ဈေးနှုန်းက ကြီးမြင့်နေကြောင်း ကမ္ဘာ့ဘဏ် အစည်းအဝေးမှာ အရပ်ဘက် အဖွဲ့အစည်းတွေက တင်ပြကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း ရေအားလျှပ်စစ် စီမံကိန်းကြီးတွေနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေ အစား ပြန်ပြည့်မြဲ စွမ်းအင်ကို မူဝါဒ အရ ပြောင်းလဲလာရေး ကမ္ဘာ့ဘဏ်ဘက်က တွန်းအားပေးဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဘဏ် နှစ်ပတ်လည် အစည်းအဝေး အတွင်း မြန်မာ့ လျှပ်စစ် ကဏ္ဍအရေး ပြန်လည် သုံးသပ် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

၂၀၃၀ ပြည့်နှစ်မှာ တနိုင်ငံလုံး လျှပ်စစ် ရာနှုန်းပြည့် ရရှိရေး မြန်မာ အစိုးရရဲ့ စီမံဆောင်ရွက်ချက်မှာ ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၄၀၀ ချေးငွေချပေးပြီး ပံ့ပိုးဆောင်ရွက်နေတာပါ။ မြန်မာ့ လျှပ်စစ် ကဏ္ဍမှာ ကမ္ဘာ့ဘဏ်ရဲ့ ပါဝင်ဆောင်ရွက်ချက်တွေ အပေါ် အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြန်လည် သုံးသပ်တဲ့ အစည်းအဝေးကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်က ကမ္ဘာ့ဘဏ် ရုံးချုပ်မှာ ဒီသီတင်းပတ်ထဲ ဆွေးနွေးနေပါတယ်။ ဒီဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက် ဆွေးနွေးနေတဲ့ BIC - Bank Information Center (Europe) ရဲ့ မိတ်ဖက် အရပ်ဘက် အဖွဲ့အစည်းဖြစ်တဲ့ Save the Natural Resource (SaNaR) ရဲ့ ဒါရိုက်တာ ကိုအေပရာယ်ကြူကြူးက အခုလို ပြောပါတယ်။

“အဓိက ကျနော်တို့BIC (Europe) နဲ့ ပေါင်းပြီးတော့မှ ကျနော်တို့ အစီရင်ခံစာတစောင်ထုတ်ထားပါတယ်။ အဲဒါ world bank က မြန်မာနိုင်ငံမှာ National Electricity Plan ပေါ့ အဲဒါနဲ့ ပတ်သက်ပြီးတော့ world bank က ထောက်ပံ့ပေးနေတာရှိတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ အစီရင်ခံစာထုတ်ထားတာတွေကို လာပြီးတော့ research paper တွေလာပြီး ဖတ်ပြတာ ဒီအပေါ်မှာ နောက်ထပ် world bank အနေနဲ့ ထပ်လုပ်မယ့်ဟာတွေ မြန်မာနိုင်ငံမှာ သတိထားဖို့နဲ့ ပြုပြင် နိုင်ဖို့အတွက်တွေလာရောက်တင်ပြတာဖြစ်ပါတယ်ခင်ဗျ။”

BIC (Europe) နဲ့ Save the Natural Resource SaNaR တို့ ပူးပေါင်းပြီး ထုတ်ထားတဲ့ စစ်တမ်းနဲ့ ပတ်သက်ပြီး အင်္ဂါနေ့ ကမ္ဘာ့ဘဏ်ရုံးချုပ်မှာ ဆွေးနွေးခဲ့ကြတာပါ။ ပြည်သူတွေ လျှပ်စစ် အရ နည်းနေသေးတာတွေ အပြင် ကမ္ဘာ့ဘဏ်ဘက်က ဆောင်ရန် ရှောင်ရန်တွေကိုလည်း ဆွေးနွေးခဲ့တဲ့ အပြင် ၂၀၃၀ ပြည့်နှစ်မှာ လျှပ်စစ် အပြည့်အ၀ ရရှိရေး မြန်မာ အစိုးရရဲ့ ကြိုးပမ်းချက်မှာ ပြန်ပြည့်မြဲ စွမ်းအင်ကို အားထား အသုံးပြုမယ့် မူဝါဒ ပြောင်းလဲလာရေး ကိုလည်း ကမ္ဘာ့ဘဏ်ဘက်က တွန်းအားပေး ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ကြောင်း ကိုအေပရာယ်ကြူကြူးက ပြောပါတယ်။

“ကျနော်တို့ဒီ အခုထွက်တဲ့ research ထဲမှာ အဓိက world bank အနေနဲ့ NEP လုပ်တဲ့အထဲမှာ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးကို လူထုက ရရှိနေတာ နည်းနေသေးတယ်။ ရရင်လည်းဈေး အရမ်းကြီးနေသေးတယ်။ ပြီးတော့ နောက်တခုက NEP အနေနဲ့က လုပ်ဆောင်တဲ့အထဲမှာ ချုပ်ကိုင်မှုများပြီးတော့ world bank အနေနဲ့ လုပ်တဲ့အချိန်မှာ CSO တွေဘက်က အသံတွေပါဖို့ အားနည်းတယ် ဆိုတာကို ထုတ်ပြန်တာဖြစ်ပါတယ်ခင်ဗျ။ NEP Plan ကတပိုင်း မြန်မာအစိုးရအနေနဲ့က ၂၀၃၀ မှာ လျှပ်စစ်ရဖို့ဆိုရင် ရေအားလျှပ်စစ်ရယ် ၊ ကျောက်မီးသွေးရယ်ကို အားပြုပြီးတော့မှ လျှပ်စစ်ဓါတ်အားကို ဖြည့်ဖို့အတွက် စီမံနေတာရှိပါတယ်ခင်ဗျ။ အဲဒီတော့ ကျနော်တို့ အစီရင်ခံစာထဲမှာက ကျောက်မီးသွေးရယ်၊ ရေအားလျှပ်စစ်အကြီးတွေကို မလုပ်ဆောင်ပဲနဲ့ ပြန်ဖြည့်မြဲစွမ်းအင်ပြောတဲ့ renewable energy ကို မူဝါဒအရရော အောက်ခြေမှာလုပ်ဆောင်နေတာတွေကို တကယ်အထောက်အပံ့ပေးနိုင်ဖို့ အကြံပြုထားပါတယ်။ ခုနကပြောတဲ့ သန့်စင်သောစွမ်းအင်ရယ်၊ ကျနော်တို့ အဓိကတော့ မြန်မာနိုင်ငံမှာ ပြန်ဖြည့်မြဲစွမ်းအင်တွေ တော်တော်များများရှိတယ် အဲဒါတွေကို ကမ္ဘာ့ဘဏ်အနေနဲ့ လုပ်ဆောင်ဖို့အတွက် အကြံပြုထားတာဖြစ်ပါတယ်။”

မြန်မာ့ လျှပ်စစ် စွမ်းအင် ရင်းမြစ်တွေနဲ့ ပတ်သက်လို့တော့ ကမ္ဘာ့ဘဏ်ဘက်က တစုံတရာ ပြောဆိုမှု မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာ ၂၀၃၀ ပြည့်နှစ် အတွင်း လျှပ်စစ် အပြည့်အ၀ ရရှိရေး အစိုးရက စီမံကိန်းချ ဆောင်ရွက်နေတာနဲ့ အတူဘဲ အမျိုးသား လျှပ်စစ်ဓာတ်အား စီမံကိန်း NEP မှာ ကမ္ဘာ့ဘဏ် ချေးငွေ အသုံးပြုပြီး မဟာဓာတ်အားလိုင်းတွေ တိုးချဲ့နေတာပါ။ မြန်မာ့ လျှပ်စစ် စွမ်းအင် ကဏ္ဍအတွက် ကမ္ဘာ့ဘဏ်ရဲ့ ပါဝင်ဆောင်ရွက်မှုကို ကိုအေပရာယ်ကြူကြူးက အခုလို ပြောပါတယ်။

“အခုလက်ရှိ ကမ္ဘာ့ဘဏ်အနေနဲ့ကNEP ထဲမှာ ဆည်အကြီးတွေဆောက်တာ၊ ကျောက်မီးသွေးတွေ ဆောက်တာကို ပေါ်တင်ပြောတာမရှိသေးဘူး။ ဒါပေမယ့် NEP ထဲမှာ အဓိကအားဖြင့် ပထမဦးဆုံး ဓါတ်အားလှိုင်းတွေကို တိုးချဲ့ပြီးမှ လုပ်တာတွေကို အားပေးတာဖြစ်ပါတယ်။”

လျှပ်စစ် ဓာတ်အား အပြည့်အ၀ မရတာက မြန်မာ့ ဖွံ့ဖြိုးရေး အတွက် အဓိက အဟန့်အတား ဖြစ်နေတယ်ဆိုတာကို အရပ်ဘက် အဖွဲ့အစည်းတွေဘက်က လက်ခံပါတယ်။ ဒါပေမယ့် မြန်မာ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြန်ပြည့်မြဲ စွမ်းအင်နဲ့ သန့်စင်တဲ့ စွမ်းအင် အသုံးပြုရေး တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

....................

{Unicode}











တိုက်ရိုက် လင့်ခ်


XS
SM
MD
LG