နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုတွေကို ကာကွယ်ပေးဖို့ ရည်ရွယ်ပြဌာန်းထားတဲ့ ဥပဒေကိုသုံးပြီး လွဲမှားစွာ တရားစွဲဆိုတာတွေ ပိုများလာနေတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ အသံက ပြောဆိုလိုက်ပါတယ်။ ဒီလိုလွဲမှားစွာ ဆောင်ရွက်တာတွေ ရှိနေတဲ့အတွက် ပြန်လည် သုံးသပ် ပြင်ဆင်သင့်တယ်လို့လည်း အသံအဖွဲ့က ထောက်ပြပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေနဲ့ လက်ရှိမှာ တရား စွဲဆိုမှုပေါင်း ၁၄ မှုအထိ ရှိနေပြီး တရားစွဲဆိုခံရသူ ၃၇ ဦးအထိ ရှိတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ အသံ က ဒီလ ၁၀ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ဒီဥပဒေဟာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို အကာကွယ် ပေးတဲ့ ဥပဒေဖြစ်ပေမယ့် လူမှုကွန်ယက်ပေါ်မှာ သာမန် ဝေဖန်ရေးသားမှုတွေကိုတောင် မကျေနပ်ကြတဲ့အခါ တရားစွဲဆိုဖို့အတွက် အသုံးပြုလာနေကြတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ အသံအဖွဲ့က မောင်ဆောင်းခက ပြောပါတယ်။
"အမှုတွေက လွှတ်တော်ကိုယ်စားလှယ်တို့ အစိုးရအဖွဲ့က ခေါင်းဆောင်တွေတို့ သူတို့ကိုဝေဖန်လို့ဆိုပြီး အစွဲခံရတာတွေပဲဖြစ်နေတယ်။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးကို အစိုးရအဖွဲ့က တစ်ဦးဦးရဲ့ ဒါမှမဟုတ် လွှတ်တော် ကိုယ်စားလှယ် တဦးဦးရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် ပုဂ္ဂလိက Personal အချက်အလက်တွေကို ထိခိုက်ပြီးတော့ ထုတ်ဖော်ပြောဆိုတာမျိုးဆိုရင်တော့ တမျိုးပေါ့။ ဒါကို Privacy Law အရ ဖြေရှင်းရမယ့် အပိုင်း။ သူတို့က အခုကျတော့ အဲ့လိုပုံစံမျိုးမဟုတ်ပဲနဲ့ သာမန်ဝေဖန်မှုတွေကအစ သူတို့ရဲ့ Personal ကို ထိခိုက်ပါတယ်ဆိုပြီး စွပ်စွဲချက်နဲ့ တရားစွဲတာကိုတွေ့ရတယ်။ ဥပမာဆိုရင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တဦးကနေပြီးတော့ သူတို့ရဲ့ ပါတီဝင်တချို့နဲ့ အရပ်သား ပြည်သူ စုစုပေါင်း ၁၇ ဦးကို တရားစွဲတာဆိုရင် အဲ့လွှတ်တော်အမတ်အကြောင်းနဲ့ပတ်သက်ပြီး လွှတ်တော်ကော်မတီပေါ့နော်။ ပါတီမှာ ရှိတဲ့ လွှတ်တော်ကော်မတီကို တိုင်ကြားစာပို့ခဲ့လို့ဆိုပြီး အဲ့ ၁၇ ဦးကို တရားစွဲတာ ဆိုလိုတာက တိုင်စာပို့တဲ့လူတွေ ကအစ တရားပြန်စွဲခံနေရတယ်။ ဒါတွေကိုကြည့်ချင်းအားဖြင့် ဒီလက်ရှိ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေဟာ တကယ်သူတို့ရဲ့ ရည်ရွယ်ချက်အတိုင်း ထိထိရောက်ရောက် ပြည်သူကို အကာကွယ်ပေးမနေဘဲနဲ့ အစိုးရကိုပဲ အကာကွယ်ပေးနေတဲ့ ဒီအရင်စစ်အစိုးရတုန်းက ဥပဒေအတိုင်း ပြန်ဖြစ်သွားတယ်လို့ ကျွန်တော်တို့က သုံးသပ်တာခင်ဗျ။"
ဒီဥပဒေကို အရပ်သားအစိုးရ NLD လက်ထက် ၂၀၁၇ ခုနှစ် မတ်လ ၈ ရက်မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဌာန်းလိုက်တာဖြစ်ပါတယ်။ ဒီဥပဒေမှာပါဝင်တဲ့ ပုဒ်မ ၈ (စ) မှာ လူတစ်ဦးရဲ့ ဂုဏ်သိက္ခာနဲ့ ထင်ပေါ် ကျော်ကြားမှုကို ပုတ်ခတ် ထိခိုက်စေရန် တနည်းနည်းနဲ့ ဆောင်ရွက်ခြင်းမပြုရ ဆိုတာ ပါရှိပါတယ်။
ဒီပုဒ်မ ၈(စ) ဟာ အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ သဘော သဘာ၀ တူညီနေတဲ့အတွက် ဝေဖန်ရေးသားမှု တွေကို တရားစွဲဆိုလို့ရနေတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုဆောင်းခက
"မူလရည်ရွယ်ချက်က ပျောက်ဆုံးနေပြီး တကယ်အသက်ဝင်ခြင်း လုံးဝမရှိဘဲနဲ့ မကောင်းတဲ့ လွဲမှားတဲ့ဘက်မှာ ဒီဥပဒေကြီးက အသက်ဝင်နေတာ ဖြစ်တဲ့အတွက် ဒီဥပဒေတခုလုံးကို ပြန်လည်သုံးသပ်ဖို့လိုတယ်။ နံပတ် ၁ အချက်က ဝေဖန်မှုတွေကို တရားစွဲဆိုလို့ရတဲ့ ပုဒ်မ ၈(စ)တို့ကို မဖြစ်မနေ ပယ်ဖျက်ဖို့ လိုအပ်တယ်။ နောက်တခုက စောနကပြောတဲ့ တကယ်နောက်ယောင်ခံလိုက်တဲ့ ကိစ္စတွေမှာ အကျိုးသက်ရောက်မှု မရှိနေတဲ့ အတွက် အဲ့ဒီဟာတွေကို ထပ်ပြီး အကျိုးသက်ရောက်မှုရှိအောင် ဘာတွေပြင်ဆင်မလည်း ဘာတွေ ထည့်သွင်း မလည်းဆိုတာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်။"
ဒီပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေဟာ ရည်ရွယ်ချက်ကောင်းတဲ့ ဥပဒေ တခုဖြစ်ပြီး တလွဲအသုံးချပြီး တရားစွဲဆိုတာတွေ ဖြစ်လာရင်တော့ တရားစီရင်ရေး တာဝန်ရှိသူတွေက ချေဖျက်ဖို့ လိုတယ်လို့ သုံးသပ်သူက တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်ပါ။
" ပင်မဥပဒေကြီးက တအားဆိုးနေတာ မဟုတ်ရင်တော့ ဒါကို တလွဲအသုံးချတဲ့ ကိစ္စအတွက် ဥပဒေပြုရေး အာဏာပိုင်မှာ တာဝန်မရှိဘူးခင်ဗျ။ တရားရေး တရားစီရင်ရေး အာဏာပိုင်ကပဲ ချေဖျက်ပေးဖို့ လိုမှာပဲလေ။ "
ဒီဥပဒေကို ပြဌာန်းခဲ့ ချိန်တုန်းကတော့ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နဲ့ လုံခြုံခွင့်တွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ရည်ရွယ် ပြဌာန်းခဲ့တာဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ လူမှုကွန်ယက်ပေါ်မှာ ဝေဖန်ရေးသားမှုတွေ ပစ်မှတ်ထားပြီး တရားစွဲဆိုတာက အများဆုံးဖြစ်နေတာပါ။
Your browser doesn’t support HTML5