သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး EU ဆွေးနွေး


 မြန်မာအရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး EU ဆွေးနွေး
မြန်မာအရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး EU ဆွေးနွေး

ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ နည်းဗျူဟာသစ် ရေးဆွဲတဲ့နေရာမှာ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အသံ များများ ပါဝင်လာနိုင်ရေး အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အကြံပြု တင်ပြကြတဲ့ အလုပ်ရုံဆွေးနွေးပွဲတခု ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ ကြားနာခဲ့ပါတယ်။ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေအပါအဝင် မိတ်ဖက်ဆောင်ရွက်မှုတွေ တိုးတက် ကောင်းမွန်စေရေးအတွက် ဒီအလုပ်ရုံ ဆွေးနွေးပွဲအတွင်း တင်ပြချက်တွေကို အီးယူ ကိုယ်စားလှယ်တွေ ကြားနာခဲ့ကြပါတယ်။ ဒီအကြောင်း အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုထက်အောင်ခန့်က တင်ပြပေးထားပါတယ်။

ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပတဲ့ "အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် မိတ်ဖက်ဆောင်ရွက်မှု တိုးတက်ကောင်းမွန်စေရေး ဥရောပသမဂ္ဂ နည်းဗျူဟာ" လို့ အမည်ပေးထားတဲ့ ဒီ အလုပ်ရုံဆွေးနွေးပွဲကို အီးယူ - ဥရောပသမဂ္ဂဌာနေ ကိုယ်စားလှယ်ရုံးက တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ အနှံ့အပြားမှာ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ CSO အရပ်ဖက် လူမှုအဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာပါ။

ဒီကနေ့ အခမ်းအနား ကျင်းပရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ဟာ အီးယူက အကူအညီတွေ ပေးတဲ့နေရာမှာ ဘယ်လို တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်မလဲ ဆိုတာကို မြန်မာနိုင်ငံအတွင်းက မတူညီတဲ့ အလွှာအသီးသီးကို ကိုယ်စားပြုကြတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အသံတွေကို နားထောင်ဖို့ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက Programme Manager - Anouk Van Neck က ရှင်းပြပါတယ်။

အရပ်ဘက်က အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်တွေကို သိမှသာ ထိရောက် ကောင်းမွန်တဲ့ အကူအညီတွေကို ပေးနိုင်မှာဖြစ်ကြောင်း Anouk Van Neck က ပြောပါတယ်။

"အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်တွေ၊ စိန်ခေါ်မှုတွေ၊ အကြံညာဏ်တွေကို သိရှိနိုင်မှသာ အီးယူဘက်ကလည်း ထိရောက်တဲ့ အကူအညီတွေကို ပေးနိုင်မှာ ဖြစ်ပါတယ်။ တခြားနိုင်ငံ အများအပြားမှာလိုဘဲ မြန်မာနိုင်ငံက အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အင်မတန် အရေးပါပါတယ်။ သူတို့ဟာ လူထုကိုယ်စား ပြောပြနိုင်သူတွေ ဖြစ်ပါတယ်။ အများပြည်သူကြုံတွေ့နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို အီးယူလို နိုင်ငံတကာ အဖွဲ့အစည်းတွေကို သူတို့က ပြောပြနိုင်ပါတယ်။ ဒါကြောင့်လည်း ဒါကြောင့်လည်း ဒီအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး လူထုကြားမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို တိုက်ရိုက်နားထောင်တာ ဖြစ်ပါတယ်"

အရပ်ဘက် အဖွဲ့အစည်းတွေဟာ အီးယူအတွက် အင်မတန် အရေးပါတဲ့ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အသံတွေ များများပါဝင်လာနိုင်ရေးအတွက် အခုလို အလုပ်ရုံဆွေးနွေးပွဲ ကျင်းပတာ ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး Project အရာရှိ သြဂုတ်စတင်း ထီဆန်းက ထပ်လောင်း ပြောဆိုပါတယ်။

"အဓိကတော့ ကျနော်တို့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အသံများများ ပါဝင်လာနိုင်ဖို့အတွက် သူတို့ရဲ့ ပေးတဲ့အကြံ ဉာဏ် ၊ သူတို့ရဲ့ ထပ်သွင်းချင်တဲ့ အချက်အလက်တွေနဲ့ ထိထိရောက်ရောက်နဲ့ နည်းဗျူဟာရေးဆွဲတဲ့အခါမှာ ပါဝင်လာဖို့အတွက် ကျနော်တို့ တွေ့ဆုံဆွေးနွေးရခြင်းဖြစ်တယ်ပေါေ့နာ်။"

အလှုရှင်တွေအနေနဲ့ အခုလို အောက်ခြေမှာ လုပ်ဆောင်နေကြတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အခုလို တွေ့ဆုံ ဆွေးနွေးတာမျိုး သိပ်မရှိတဲ့အတွက် ဒီဆွေးနွေးမှုက အရပ်ဘက် အဖွဲ့အစည်းတွေအတွက် အကျိုးပိုဖြစ်ထွန်းစေမယ်လို့ Myanmar Development Network အဖွဲ့က ကိုသူရထွန်းက ပြောပါတယ်။

"ဒီလို အလှုရှင်အဖွဲ့အစည်းတခုက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အောက်ခြေအထိ ဆင်းပြီး စကားပြောတယ်ဆိုတာ တော်တော်ရှားပါတယ် ဒါ နံပတ် ၁ ပေါ့နော် တော်တော်ရှားတယ်။အဲလို စကားပြောတယ်ဆိုတဲ့အခြေအနေက CSO တွေအရပ်ဘက်အဖွဲ့အစည်းတွေအတွက် အင်မတန်ကောင်းတဲ့ အခွင့်ထူးပေါ့နော် ဒါဒုတိယအချက်ပေါ့နော်။ "

နောက်ပိုင်းမှာ အီးယူအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို တိုက်ရိုက် ဆက်သွယ်တဲ့ အခြေအနေမျိုး ရောက်လာရင် ပိုကောင်းမယ်လို့ ကိုသူရထွန်းက ပြောပါတယ်။

အရင်က အီးယူက ချမှတ်ခဲ့တဲ့ မူဝါဒတွေအပေါ် ဝေဖန်မှုတွေ ရှိခဲ့တဲ့အတွက် အခုလို တွေ့ဆုံတာဟာ တိုးတက် ကောင်းမွန်တဲ့ လက္ခဏာဖြစ်ကြောင်း မြန်မာနိုင်ငံ HIV နှင့် နေထိုင်သူများအသင်းဥက္ကဋ္ဌ ဦးသော်တာထွန်းက ပြောပါတယ်။

"အဓိကတော့ ဒီနေ့တွေ့ဆုံပွဲကတော့ ဒါကျနော်တို့ CSO အတွက်ရော ဒီ အီးယူအတွက်လည်းကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အရင်တုန်းက ဆွဲခဲ့တာတွေအပေါ်မှာ ဝေဖန်မှုတွေရှိတယ်။ အဲဒီဝေဖန်မှုတွေခံရတယ် အားနည်းချက်ပေါေ့နာ် အဲဒီအားနည်းချက်တွေပေါ်မှာ ပြန်ပြီးတော့ သင်ခန်းစာယူပြီးတော့

အားနည်းချက်တွေကိုအကောင်းဆုံး ရှေ့လျောက်မှာ ဘယ်လိုဆက်လုပ်မလဲဆိုတဲ့အတွေးမျိုး Idea မျိုးနဲ့ပေါ့နော် ကျနော်တို့ အခုလို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတာဖြစ်တဲ့အတွက် ပြီးခဲ့တာတွေကိုလည်း သင်ခန်းစာယူပြီးတော့ ရှေ့လျောက်မှာကျနော်တို့ ဒီ CSO တွေနဲ့ ထဲထဲဝင်ဝင်လုပ်လို့ရမလဲ ဘယ်လိုအကောင်အထည်ဖော်ဆောင်ရွက်လို့ရမလဲ ဆိုတာကို သူတို့အနေနဲ့ စဉ်းစားနိုင်မှာဖြစ်တဲ့အတွက် ကျနော်ကတော့ အကောင်းဆုံးမျှော်လင့်ပါတယ်။"

၂၀၁၄ - ၂၀၁၇ အတွက် ၃ နှစ်စာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို အီးယူက ချမှတ်ရေးဆွဲတဲ့ နေရာမှာ လိုအပ်ချက်တွေ ရှိခဲ့တဲ့အပေါ် ဝေဖန် ပြောဆိုမှုတွေ ရှိခဲ့တာပါ။ ဒါကြောင့်လည်း အဲဒီ အတွေ့အကြုံကနေ သင်္ခန်းစာယူပြီး လာမယ့် ၂၀၁၈ ခ- ၂၀၂၁ ခုနှစ်အတွက် အီးယူရဲ့ မူဝါဒတွေကို မချမှတ်ခင် အခုလို အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး အကြံပြု တင်ပြချက်တွေကို ရယူနေတာ ဖြစ်ပါတယ်။

လာမယ့် ၃ နှစ်စာအတွက် အီးယူဘက်က ဘယ်လို ပေါ်လစီတွေချမှတ်မယ်၊ ကူညီထောက်ပံ့မယ့် ငွေကြေးပမာဏ အတိုးအလျော့တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး တာဝန်ရှိသူတွေက ထုတ်ဖော် ပြောကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG