တရုတ်ပိုင် Hangzhou Baiyi အထည်ချုပ်စက်ရုံမှာ ဆန္ဒပြတောင်းဆိုနေတဲ့ အလုပ်သမားတွေက တရုတ်အလုပ်သမား ခုနစ် ယောက်ကို နာရီအတော်ကြာ ဖမ်းထားပြီးတဲ့နောက် ပြန်လွှတ်ပေးလိုက်ပါတယ်။
ဆန္ဒပြအလုပ်သမား ၂၀၀ ကျော်ဟာ လှိုင်သာယာက အထည်ချုပ်စက်ရုံ ရဲ့ ပြူတင်းပေါက်တွေနဲ့ တံခါးတွေကို ရိုက်ချိုး ဖျက်ဆီး ကြတယ်လို့ သတင်းတွေမှာ ဖော်ပြ ပါတယ်။ တရုတ်သတင်းမီဒီယာတွေမှာ စက်ရုံအပျက်အစီး ပုံတွေနဲ့ သတင်းတွေကို ဖော်ပြကြ ပါတယ်။
မြန်မာအစိုးရ တာဝန်ရှိသူတွေ ကြားဝင်ညှိနှိုင်းပေးပြီးတဲ့နောက် တရုတ်ဝန်ထမ်းတွေကို ကြာသပတေးနေ့က ပြန်လွှတ်ပေးလိုက် တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကောင်စစ်ရေးရာ တာဝန်ရှိသူတဦးဖြစ်တဲ့ Liu Songhai က ဒီကနေ့ပြောပါတယ်။ ကျူးလွန်သူတွေကို ဖမ်းဆီး အရေးယူပေးဖို့ မြန်မာတာဝန်ရှိသူတွေကို တရုတ်သံရုံးက ပန်ကြားထားတယ်လို့လဲ ကောင်စစ် တာဝန်ရှိသူ Liu ကပြောပါတယ်။
တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှာ တရုတ်စီးပွားရေးလုပ်ငန်းအများအပြား ရင်းနှီး မြှုပ်နှံပြီး လုပ်ကိုင်နေကြပါတယ်။
အာဖရိကနဲ့ အာရှဒေသက တရုတ်လုပ်ငန်းအများအပြားမှာ လုပ်ခလစာနဲ့ လုပ်ငန်းခွင်အခြေအနေတွေကြောင့် ဒေါသထွက်ကြ တဲ့ အလုပ်သမားတွေနဲ့ လုပ်ငန်းရှင်တွေကြား အငြင်းပွားတာတွေ မကြာခနဖြစ်လေ့ရှိပါတယ်။
Your browser doesn’t support HTML5