အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ တွေအနေနဲ့ နိုင်ငံခြားရေးဌာနက ဦးအောင်ကို ကို ဆက်သွယ် မေးမြန်းရမှာ ဖြစ်တယ်လို့ နိုင်ငံတကာ ဥပဒေပညာရှင် ပါမောက္ခ William Schabas က ဗွီအိုအေကို အီးမေးလ်ကနေ တဆင့် ဗုဒ္ဓဟူးနေ့က အကြောင်းပြန်ပါတယ်။
မြန်မာနိုင်ငံက တရားရင်ဆိုင်တာမှာ ပါမောက္ခ Schabas ကို မြန်မာနိုင်ငံရဲ့ ဥပဒေ အကျိုးဆောင် အဖြစ် ငှားရမ်းထားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ ဗွီအိုအေက ပြီးခဲ့တဲရက်ပိုင်းမှာ ပါမောက္ခ Schabas ကို ဆက်သွယ် မေးမြန်းထားတဲ့ အပေါ် အခုလို အကြောင်းပြန်လာတာပါ။
အခု ဦးအောင်ကိုက ဘယ်သူဆိုတာ ပါမောက္ခ Schabas ရဲ့ အီးမေးလ်ထဲမှာ အတိအကျပြောမထားပါဘူး။ ဒါပေမယ့် ဦးအောင်ကိုကို ဆက်သွယ်နိုင်တဲ့ အီးမေးလ် လိပ်စာအဖြစ် ပေးထားတာမှာတော့ mmicj@mofa.gov.mm လို့ ဖော်ပြထားတဲ့ အတွက် မြန်မာ နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတဦး ဖြစ်မယ်ဆိုတာကတော့ သေချာပါတယ်။
ပါမောက္ခ Schabas ကတော့ မြန်မာအစိုးရက သူ့ကို ဘယ်လိုပုံစံမျိုးနဲ့ ငှားရမ်းထားတယ်ဆိုတာ အခုချိန်ထိ တရားဝင် ထုတ်ဖော် ပြောဆိုတာမရှိသေးပါဘူး။
တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံဘက်ကတော့ အမေရိကန် ဥပဒေအကျိုးဆောင်အဖွဲ့ Foley Hoag ကို ငှားရမ်းထားတယ်ဆိုတာ အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒီတရားစွဲဆိုမှုအတွက် ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ နယ်သာလန်နိုင်ငံ၊ The Hague မြို့ ICJ တရားရုံးမှာ နှစ်ဘက် တင်ပြလျှောက်ထားဖို့ စီစဉ်ထားပါတယ်။
Your browser doesn’t support HTML5
(Unicode)