မြန်မာနိုင်ငံမှာ စစ်ရေးပဋိက္ခတွေ၊ သဘောဝဘေးအန္တရယ်တွေနဲ့ စစ်မှုမထမ်းမနေရဥပဒတွေကြောင့် လူသားချင်းစာနာ မှုအခြေအနေတွေပိုမိုဆိုးရွားလာပြီး အိုးအိမ်စွန့်ခွါထွက်ပြေးရသူအရေအတွက်ဟာ ၂၀၂၄ ခုနှစ် တတိယ ၃ လပတ် အတွင်း ၃ ဒသမ ၄ သန်းထိတိုးလာတာကြောင့် အရေးပေါ် တုံ့ပြန် ဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်ဖို့လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး UNOCHA က ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာထုတ်ပြန်ပါတယ်။
အိုးအိမ်စွန့်ခွါထွက်ပြေးရသူအရေအတွက်ဟာ ဒုတိယ ၃ လပတ်အတွင်း ၂ ဒသမ ၅ သန်းကျော် ရှိရာကနေ အခုလိုတိုးလာခဲ့တာပါ။ ပိုမိုပြင်းထန်လာနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စီးပွားရေး ပြိုလဲမှုအပြင် ၂၀၂၄ ခုနှစ် အစောပိုင်းကပြဌာန်းခဲ့တဲ့ စစ်မှုမဌာန်းမနေရဥပဒေတွေကြောင့် အခြေအနေတွေပိုဆိုးသွားပြီး တိုင်းပြည်အနှံ့ စိုးရိမ်ထိတ်လန့်မှုတွေ၊ မတည်ငြိမ်မှုတွေ ပိုမို ကျယ်ပြန့်လာတယ်လို့လည်း OCHA ရဲ့ တတိယ ၃ လပတ်အစီရင်ခံစာထဲမှာဖေါ်ပြထားပါတယ်။
ဒါ့အပြင်ပြီးခဲ့တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ တောင်ပိုင်းဒေသတွေမှာမိုးကြီးရေလျှံခဲ့တဲ့အတွက် အိုးအိမ်နဲ့လမ်းတံတား အပါအဝင်အခြေခံအဆောက်အဦးတွေ ပျက်စီးခဲ့သလို အရေးအပေါ်အခြေအနေ လိုအပ်မှု တွေလည်းပိုတိုးလာခဲ့တယ်လို့ဖေါ်ပြထားပါတယ်။ အခုလိုအခြေအနေတွေကြောင့်စီးပွားရေးပြိုလဲကာ၊ ငွေကြေးဖေါင်းပွမှု၊ ငွေတန်ဖိုးလျော့ကျမှု၊ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ဂိတ်ပိတ်တာတွေအပါအဝင် ကုန်သွယ်ရေးပျက်စီးမှု စတာတွေကြောင့် အခြေခံကုန်ပစ္စည်းတွေ ရှားပါးလာပြီးစားဝတ်နေရေးခက်ခဲမှုတွေကြုံလာရတယ်လို့လည်းဖေါ်ပြထားပါတယ်။
အခုလိုအခြေအနေတွေကြောင့် ဒေသဆိုင်ရာနဲ့ နိုင်ငံတကာလူသားချင်းစာနာမှုအဖွဲ့အစည်းတွေအနေနဲ့ နက်နက်ရှိုင်းရှိုင်းနဲ့ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ကြိုးပမ်းလုပ်ဆောင်နေကြောင်းကိုလည်း UNOCHA ကဖေါ်ပြထားပါတယ်။
Your browser doesn’t support HTML5