မြန်မာရဲတပ်ဖွဲ့အတွက် ဂျပန်အစိုးရ အကူအညီမပေးဖို့ HRW တောင်းဆို

ရန်ကုန်မြို့တော်ခန်းမအနီး လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်တချို့။ (ဧပြီ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ရန်ပုံငွေ အကူအညီပေးမယ့်အစီအစဉ်ကို ချက်ချင်း ပယ်ဖျက်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် မော်တော်ကားတွေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ ဝယ်ဖို့အတွက် အလှူငွေပေးမယ့်အစီအစဉ်ကို ဂျပန်အစိုးရအနေနဲ့ ချက်ချင်းရပ်ဆိုင်းဖို့ HRW အဖွဲ့က ဒီနေ့ တောင်းဆိုလိုက်တာပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ အရပ်သားအစိုးရအုပ်ချုပ်မှုအောက်မှာ မဟုတ်ဘဲ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆိုးဆိုးရွားရွားကျူးလွန်ထားတဲ့ မှတ်တမ်းတွေလည်း ရှိတယ်လို့ HRW က ပြောပါတယ်။

SEE ALSO: ရခိုင်စစ်ဆင်ရေးကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု တိုးလာမှာ လှုပ်ရှားသူတွေ စိုးရိမ်

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာ အစိုးရတာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ကာကွယ်ဖို့အတွက် ကားတွေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ ဝယ်ဖို့အမြန်မာရဲတပ်ဖွဲ့ကို အမေရိကန်ဒေါ်လာ ၉၃၀,၀၀၀ နဲ့ညီမျှတဲ့ ဂျပန်ယန်း သန်း ၁၀၀ ကို အကူအညီပေးသွားမှာ ဖြစ်တယ်လို့ ဇူလိုင်လ ၂ ရက်နေ့က ကြေငြာခဲ့တာပါ။

အခုလို လှူဒါန်းကူညီလိုက်တဲ့အတွက် မြန်မာရဲတပ်ဖွဲ့အနေနဲ့ အများပြည်သူလုံခြုံရေးကို ပိုပြီးတော့ ထိထိရောက်ရောက်လုပ်လာနိုင်မှာဖြစ်သလို လူမှုတည်ငြိမ်မှုနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွေကို ပိုပြီးတော့ အထောက်အကူပြု ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂျပန်အစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ရဲတပ်ဖွဲ့ကို ငွေကြေးကူညီထောက်ပံ့ဖို့ ကြိုးစားတဲ့အပေါ်မှာ နားမလည်နိုင်ကြောင်း၊ အဲဒီလို မြန်မာရဲတပ်ဖွဲ့ကို ငွေကြေးထောက်ပံ့မယ့်အစား တခြားအလှူရှင်အစိုးရတွေနဲ့တွဲပြီး လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားခံရတဲ့သူတွေကို အကူအညီပေးသင့်တယ်လို့ HRW အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က ပြောပါတယ်။

Your browser doesn’t support HTML5

မြန်မာရဲတပ်ဖွဲ့အတွက် ဂျပန်အစိုးရ အကူအညီမပေးဖို့ HRW တောင်းဆို

[Unicode Version]




SEE ALSO: အရပ်ဘက်အဖွဲ့တွေဝေဖန်ချက် လူ့အခွင့်အရေးကော်မရှင် ဘယ်လိုတုံ့ပြန်သလဲ



