စစ်ကောင်စီအကြီးအကဲ တရုတ်ပြည်သွားမယ့် သတင်းထွက်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာတွေ့ဆုံ (ဩဂုတ် ၁၄၊ ၂၀၂၄)

မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရှေ့လထဲ တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လထဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကို လာရောက်ခဲ့ချိန်ကတည်းက စီစဉ်နေတာ ဖြစ်ကြောင်းလည်း နီးစပ်သူတွေကို ကိုးကားပြီး AFP သတင်းဌာနက ပြောဆိုခဲ့တာပါ။

နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းပယ်ထားတဲ့ မြန်မာစစ်ကောင်စီနဲ့ နီးစပ်တယ်လို့ အများက ယူဆထားကြပြီး၊ လက်နက်အဓိက တင်ပို့နေတဲ့ တရုတ်နိုင်ငံကို သွားမယ့် သတင်းနဲ့ ပတ်သက်လို့ ၂ နိုင်ငံ တာဝန်ရှိသူတွေ လတ်တလော မှတ်ချက်ပေး ပြောဆိုတာတော့ မရှိသေးပါဘူး။ အကဲခတ်တချို့ကတော့ တရုတ်နိုင်ငံဟာ နယ်စပ်ဒေသမှာ အခြေစိုက်ထားတဲ့ မြန်မာတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း နီးကပ်မှုတွေရှိနေတာကြောင့် စစ်ကောင်စီနဲ့ ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိနေတယ်လို့လည်း ခန့်မှန်းကြပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အတိုက်အခံ အင်အားစုတွေက နယ်စပ်ဒေသက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ထိန်းချုပ်ခဲ့တာကြောင့်လည်း စစ်ရေးတင်းမာနေတာပါ။ သတင်းတွေအတိုင်းသာ တရုတ်နိုင်ငံကို သွားမယ်ဆိုရင်တော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး လူသိရှင်ကြား သွားတဲ့ ခရီးစဉ်ဖြစ်လာနိုင်ပါတယ်။

စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လက်နက်အဓိက တင်ပို့နေတဲ့ နောက်ထပ်နိုင်ငံတခုဖြစ်တဲ့ ရုရှားကိုတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သွားရောက်ခဲ့ဖူးသလို၊ ၂၀၂၂ ခုနှစ်မှာ ရုရှားသမ္မတ Vladimir Putin နဲ့လည်း တွေ့ဆုံခဲ့တာပါ။

Your browser doesn’t support HTML5

စစ်ကောင်စီအကြီးအကဲ တရုတ်ပြည်သွားမယ့် သတင်းထွက်