၇၃ နှစ်မြောက် အာဇာနည်နေ့ အနှစ်သာရ

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ။

(Zawgyi / Unicode)

ဇူလိုင် ၁၉ ရက် ဒီကနေ့ဟာ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရတာ ၇၃ နှစ် ပြည့်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ခေါင်းဆောင်တွေ မျှော်မှန်းခဲ့တဲ့ အခြေအနေမျိုး ခုချိန်ထိ အပြည့်အဝ မခံစားရသေးဘူးလို့ ရှေ့မီနောက်မီ ပုဂ္ဂိလ်တွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ဆက်ထားပါတယ်။

အမေရိကန် အရှေ့ဘက်ခြမ်း မေရီလန်းပြည်နယ်မှာနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူတော်စပ်သူ အာဇာနည် ဦးဘဝင်းရဲ့သား ဒေါက်တာစိန်ဝင်းကတော့ ဗိုလ်ချုပ်တို့ ကွယ်လွန်ချိန်မှာ ၃ နှစ်သားအရွယ်သာ ရှိသေးတာပါ။

"ကျနော်တို့က ငယ်ငယ်လေး ရှိသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် သူ ၂ နှစ်သမီးပဲ ရှိသေးတယ်။ ကျနော်ဆိုရင် ၃ နှစ်သား ကျော်ကျော်လောက် ဖြစ်နိုင်တယ်။ ကျနော်မှတ်မိတာက ပုဂ္ဂိုလ်ရေးအနေနဲ့တော့ ဒီလောက် မမှတ်မိဘူး၊ ကလေးကိုးဗျ။ သို့သော်လည်းပဲ ဂျူဗလီဟောကို သွားတာတော့ မှတ်မိတယ်။ ဂျူဗလီဟောမှာ စစ်သားတွေ အလေးပြုကြတယ်။ ကျနော်ကလည်း ကလေးဆိုတော့ ဝင်ပြီး အလေးပြုတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဦးလေးဖြစ်နေတယ် နော်၊ ဦးလေးဆိုတာကို ခံစားတာထက် ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ဟာကို ပိုခံစားလာတယ်။ ဗိုလ်ချုပ်အောင်ဆန်းသာ ရှိခဲ့လို့ရှိရင် တိုင်းပြည်က ဒီလိုမဖြစ်ဘူး၊ ဒီလိုအမှားတွေကို တားမှာပဲဆိုတဲ့ အတွေးကတော့ ဝင်တယ်ဗျ။"

ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံမခံရခင် ၁၉၄၇ ဇူလိုင် ၁၃ ရက် မြို့တော်ခန်းမရှေ့ ပြောခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းထဲမှာ တိုင်းရင်းသားတွေနဲ့ ညီညွတ်ရေးကိစ္စ အလေးထားခဲ့ပါတယ်။

"အခု ကျနော် တိတိလင်းလင်း ပြောထားပါမယ်။ ဗမာပြည်မယ် လူထုညီညွတ်ရေး တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးတွေဟာ မပြိုမကွဲနဲ့ ဘယ်သူမှ ဖောက်ထွင်းလို့ မရလို့ရှိရင် .. ဟတ်လား .. နောက်ပြီးတော့ လက်ဝဲသမားခေါ်တဲ့ လူငယ်နိုင်ငံရေးသမားတွေ ညီညွတ်သထက် ညီညွတ်နိုင်လို့ရှိရင် .. ဟတ်လား .. အဲဒီဟာ ကြီးရင်ကြီးသလောက် ခင်ဗျားတို့ရဲ့ လွတ်လပ်ရေးဟာ ပိုကောင်းလာမယ်။ အဲဒီဟာ ငယ်ရင်ငယ်သလောက် ခင်ဗျားတို့ရဲ့ လွတ်လပ်ရေး ရတယ်ဆိုပေမယ့် ဟတ်လား အခွင့်အရေး နည်းလာမယ်။ နောက်တခါ အဲဒီလိုနေရာမယ် နိုင်ငံရေးသမားတွေတချို့ ခြေထိုးတာကို ခင်ဗျားတို့ ယောင်မှားလို့ အင်မတန် ဖရိုဖရဲ ဖြစ်ကြရင်တော့ဖြစ်ရင် အဲဒါ ခင်ဗျားတို့ လွတ်လပ်ရေးရမှာ မဟုတ်ဘူး။"

Your browser doesn’t support HTML5

သမ္မတ ကိုယ်တိုင်တက်တဲ့ အာဇာနည်နေ့ အခမ်းအနား

တချိန်က ဗိုလ်ချုပ်ရဲ့ တွေးတော မျှော်မှန်းမှုတွေက ခုချိန်ထိ ဘာမှ ဖြစ်မလာသေးဘူးလို့ ထောက်ပြ ပြောလာသူက အမေရိကန် အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုင်းထွေးမောင် ဖြစ်ပါတယ်။

"ဗိုလ်ချုပ်အောင်ဆန်းကတော့ တကယ်ပဲ တိုင်းရင်းသားတွေနဲ့ သင့်သင့်မြတ်မြတ်နေဖို့၊ နောက် တရားမျှတစွာ ဆက်ဆံဖို့၊ နောက်ပြီးတော့ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ပေးဖို့ အဲဒါကို သူက သေချာပြောသွားတယ်ဗျ။ ဒါပေမယ့် သူ့စကားတွေလည်း အခုဆိုလို့ရှိရင် ပြောသာပြောနေကြတာ၊ သူ့ရဲ့မိန့်ခွန်းကိုလည်း ခနခနသာ ဖွင့်နေကြတယ်။ ဒါပေမယ့် သူ့စကားကိုတော့ နားမထောင်ကြဘူး၊ သူပြောတဲ့ မိန့်ခွန်းကိုလည်း မလိုက်နာကြဘူး။ ဆိုတော့ အခု အခြေအနေအရ ကြည့်တဲ့အခါမှာ မြန်မာနိုင်ငံအစိုးရရဲ့ လုပ်ဆောင်ချက်တွေက ဗိုလ်ချုပ်အောင်ဆန်း ပြောသွားတဲ့စကားတွေနဲ့ တခြားစီဖြစ်နေတယ်။ ဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေက ဘယ်လိုမှ အခွင့်အရေး တန်းတူညီမျှ မရဘူး။ ဗိုလ်ချုပ်အောင်ဆန်း ပြောသွားတဲ့စကား၊ မိန့်ခွန်းနဲ့ ပေးသွားတဲ့ ကတိတွေအရဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေ တခုမှ မခံစားရဘူးဗျာ။"

ဗိုလ်ချုပ်အောင်ဆန်းရဲ့တူ ဒေါက်တာစိန်ဝင်းကတော့ တိုင်းရင်းသားတွေနဲ့ တန်းတူညီမျှ နေနိုင်မှသာ လွတ်လပ်ရေးရဲ့ အနှစ်သာရ ပြည့်ဝလာမယ်လို့ ယုံကြည်သူ ဖြစ်ပါတယ်။

"လွတ်လပ်ရေး ဘယ်မှာရောက်နေသလဲ၊ လွတ်လပ်ရေးဆိုတာ ဘာလဲ စသည်အားဖြင့် ကြည့်တဲ့အခါကျတော့ ပထမဦးဆုံးကတော့ ပြည်သူလူထုရဲ့ဆန္ဒ အဲဒါ သိပ်အရေးကြီးတယ်။ ပြည်သူလူထုဆန္ဒကို အရေးမပေးဘူး၊ အလေးမထားဘူး၊ ဂရုမစိုက်ဘူး၊ ငါတို့လုပ်ချင်တာ လုပ်လို့ရတယ်ဆိုရင်တော့ ဒါ လွတ်လပ်ရေးနဲ့ အဝေးကြီးပဲ။ အဲဒီတော့ ပြည်သူ့ဆန္ဒပါဝင်တဲ့ အခြေခံဥပဒေက အင်မတန် အရေးကြီးတယ်ဗျ။ ဗမာပြည်မှာက တိုင်းရင်းသားနဲ့ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်မှာ အားလုံး ညီညီမျှမျှ ရှိသင့်တယ်။ ညီညီမျှမျှ ဖော်ဆောင်သင့်တယ်။ အဲဒါ မဖြစ်နိုင်ဘူးဆိုလို့ရှိရင် တကယ့်လွတ်လပ်ရေး မရနိုင်တော့ဘူး။"

၁၉၄၇ ဇူလိုင် ၁၉ ရက် မနက် ၁၀ နာရီကျော်အချိန် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းက အတွင်းဝန်များရုံးမှာ အစည်းအဝေးလုပ်နေချိန် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဦးရာဇတ်၊ မန်းဘခိုင်၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးအုန်းမောင်၊ ရဲဘော် ကိုထွေးတို့ ၉ ဦး သေနတ်သမားတွေရဲ့ လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့ရာက အာဇာနည်နေ့ ဖြစ်ပေါ်လာခဲ့ပါတယ်။

Your browser doesn’t support HTML5

၇၃ နှစ်မြောက် အာဇာနည်နေ့ အနှစ်သာရ

--------------------------------

(Unicode)







SEE ALSO: ဗိုလ်ချုပ်တို့ ကျဆုံးတဲ့အချိန်ကို မီလိုက်တဲ့ မြန်မာအမျိုးသမီးကြီးတချို့ရဲ့ အမှတ်တရ ပြန်ပြောင်း ပြောပြချက်




