ပစ်ခတ်ဖြိုခွဲမှုမှာ ကလေးငယ်တွေပါသေဆုံးရမှု နိုင်ငံတကာ ပြစ်တင်ဝေဖန်

စစ်တပ်ကပစ်ခတ်၍ နအေိမ်ထဲတွင် သေဆုံးသွားသည့် ၇ နှစ်အရွယ် မခင်မျိုးချစ်အတွက် ပူဆွေးနေကြသည့် မိသားစုဝင်များ။ မန္တလေး၊ မတ် ၂၄၊ ၂၀၂၁

(Zawgyi/Unicode)

ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြသူတွေကို မြန်မာအာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲမှုအတွင်း ကလေးငယ် ၄၀ ကျော်သေဆုံးခဲ့ရတာနဲ့ လူတွေ ရာနဲ့ချီပြီး ပျောက်ဆုံးနေကြရတာတွေအတွက် နိုင်ငံတကာက အပြင်းအထန် ပြစ်တင်ဝေဖန်နေပါတယ်။

ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းချိန်ကစလို့ ၂ လအတွင်း ကလေးငယ် ၄၄ ယောက်အပါအဝင် စုစုပေါင်း ပြည်သူ ၅၄၃ ယောက်သေဆုံးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

အကြမ်းမဖက် ဆန့်ကျင်ကန့်ကွက်မှုတွေကို နှိမ်နင်းဖြိုခွဲရာမှာ မျက်ရည်ယိုဗုံး၊ ရာဘာကျည်တို့အပြင် ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်ခဲ့ပြီး အနည်းဆုံး လူပေါင်း ၂,၇၀၀ ကိုလည်း ဖမ်းဆီးထားပါတယ်။

အကြမ်းဖက်ဖြိုခွဲမှုတွေဟာ မကြာခင်သီတင်းပတ်တွေထဲ ပိုပြင်းထန်လာပြီး ပြီးခဲ့တဲ့ ၁၂ ရက်အတွင်း လူငယ်တွေ သေဆုံးမှုနှုန်း ၂ ဆမက မြင့်တက်လာခဲ့ကြောင်း Save the Children အဖွဲ့က ပြောပါတယ်။

SEE ALSO: အကြမ်းဖက်နှိပ်ကွပ်မှုကြောင့် သေဆုံးရတဲ့ ကလေးသူငယ် ၂၃ ဦးရှိသွားပြီ ( UNICEF)

ကလေးတွေကို ထိခိုက်နာကျင်မှုက ကာကွယ်ပေးဖို့ တောင်းဆိုနေတဲ့ကြားက အခုလို သေကြေတဲ့အထိ ဖြိုခွဲနေတဲ့ထဲ ကလေးတွေကို ဆက်ပြီး ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ အင်မတန် တုန်လှုပ်စရာကောင်းပါတယ်လို့ Save the Children အဖွဲ့က ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို အားပေးတယ်လို့ ယူဆတဲ့အိမ်တွေ၊ ဒါမှမဟုတ် စစ်တပ်က တိုင်းပြည်ကိုအုပ်ချုပ်မှု ရပ်တန့်သွားအောင် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားနေတဲ့သူတွေကို စစ်တပ်နဲ့ရဲက ညအချိန်မတော် ဝင်ရောက်စီးနင်းဖမ်းဆီးနေပါတယ်။

အဖမ်းခံထားရသူ ရာပေါင်းများစွာကို ဘယ်မှာရှိတယ်ဆိုတာပြောဖို့ အာဏာပိုင်တွေက ငြင်းဆိုသလို ရှေ့နေနဲ့လည်း တွေ့ခွင့်မပေးဘဲ အတင်းအကျပ် ဖုံးကွယ်ဖျောက်ဖျက်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ပြောပါတယ်။

အခုလို အဆက်အသွယ်မရတော့ဘဲဖြစ်နေသူတွေကို ချက်ခြင်းလွှတ်ပေးဖို့၊ အာဏာသိမ်း စစ်အစိုးရခေါင်းဆောင်တွေဘက်က ဒီအကြမ်းဖက်မှုတွေကို တာဝန်ယူမှုရှိလာအောင် စီးပွါးရေးဒဏ်ခတ်ပိတ်ဆို့ရေးကို ပြဌာန်းဆောင်ရွက်ကြဖို့ အစိုးရတွေက တောင်းဆိုသင့်ကြောင်းလည်း ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

ပစ်ခတ်ဖြိုခွဲမှုမှာ ကလေးငယ်တွေပါသေဆုံးရမှု နိုင်ငံတကာ ပြစ်တင်ဝေဖန်


----------------------

(Unicode)








