ငပလီရွာတွေမှာ စစ်တပ် ဝင်ရောက်တပ်စွဲ

ယခင်မှတ်တမ်းရုပ်ပုံ | ငပလီရှိ တံငါရွာတခုမြင်ကွင်း (အောက်တိုဘာ ၂၀၁၅)

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် သံတွဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ငပလီကမ်းခြေက လူနေအိမ်တွေမှာ ဝင်ရောက် နေရာယူနေတဲ့အပြင် ရခိုင်အရပ်သားတချို့ကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ မနေ့ကလည်း သံတွဲအနီး တောင်ကုတ်မှာ စစ်ဘေးဒုက္ခသည်တွေ ခိုလုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာတာတချို့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရခိုင်တိုက်ပွဲအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ ငပလီကမ်းခြေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အာရ က္ခတပ်တော် AAဘက်ကပြီးခဲ့တဲ့ ဇွန်လ အစပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မနေ့က အထိတိုက်ပွဲတွေ တောက်လျောက်ပြင်းထန်နေတာပါ။ ဇွန်လအကုန်ပိုင်း လောက်မှာ တော့ ငပလီကမ်းခြေမှာရှိတဲ့ ခမရ ၅၆၆ တပ်ရင်းဟာ ခလရ ၅၅တပ်ရင်းနဲ့ ပူးပေါင်းပြီး AAထိုး စစ်တွေကို ခုခံတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ AAဘက်ကငပလီကမ်းခြေမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကို မနားတမ်း ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တနေ့ထက်တနေ့ တိုက်ပွဲတွေ ပြင်းထန်လာတယ်လို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ငပလီဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ မြေပြင်မှာက တိုက်ပွဲတွေ တော်တော်ပြင်းထန်နေတယ်၊ ခလရ ၅၅တပ်တွေက ဆုတ်လာတဲ့ သူတွေက ညီမတို့ ဂျိတ္တောရပ်ကွက်မှာ သူတို့က အခြေချပြီးတော့ ခံစစ်အနေအ ထားပြင်နေ တယ်လို့ ကြားရတယ်၊ပြီးတော့ လူနေအိမ်တွေကို ရိုက်ဖွင့်တယ်၊ လူနေအိမ်တွေမှာ နေရာ ယူပြီးတော့ ခုခံစစ်ပြင်ထားတယ်၊ပြီးတော့ အဲမှာကျန်ခဲ့တဲ့ လူတွေကိုလည်း ဖမ်းဆီး တာရှိ တယ်လို့ သိရတယ်။လေကြောင်းကလည်းတော်တော်လာတယ် ပြီးတော့ ရေတပ်ပေါ့နော် ဒီကွင်းဝိုင်းရေတပ် ဘက်ကနေတော်တော်ပစ်တယ်လို့ပြောတယ်။ ကမ်းခြေတလျောက်မှာ နေဗီတွေ အပြည့်အဝနေရာယူထားတယ်လို့ပြောပါတယ်။”

တဖက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ ငပလီကမ်းခြေက ဂျိတ္တောရပ်ကွက်မှာရှိတဲ့ လူနေအိမ်တွေမှာ နေရာယူပြီးခံစစ်ပြင်ဆင်နေသလို ဒေသခံတချို့ကို လည်း ဖမ်းဆီးသတ်ဖြတ်တာတွေရှိတယ်လို့ ဒီရက်ပိုင်းထွက်ပြေးတိမ်းရှောင်လာတဲ့ ငပလီဒေသခံအမျိုးသမီးတဦးက အခုလိုပြောပါတယ်။

“ အသတ်ခံရတာတော့ သေချာတယ် ဘာဖြစ်လို့ သတ်တာလည်းတော့ သေချာမသိဘူး ကြားရသလောက်ကတော့ သားဖနှစ်ယောက်ကို အဖေဖြစ်သူကို အိမ်ကိုဝင်ပြီးသတ်တယ်၊ သားကိုကျတော့ စက်လှေမောင်းခိုင်းဖို့ ခေါ်သွားတယ်။ ခေါ်သွားတဲ့ အချိန်မှာ ကမ်းနားကို ရောက်တော့ စက်လှေက ဆီမရှိဘူးလို့ ပြောတဲ့ အချိန်မှာ ပစ်သတ်လိုက်တယ်လို့ သိရ တယ်ပြီးတော့ အလောင်းကိုလည်း ကောက်ခွင့်မပေးဘူး၊ ကမ်းနားမှာသတ်တာဆိုတော့
ရေနဲ့ ပါသွားလိမ့်မယ်ပြောတယ်တဲ့ မကောက်ရဘူး၊လာကောက်တဲ့သူတွေကို ပစ်သတ်မယ်
လို့ ခြိမ်းခြောက်တယ်လို့ ပြောပါတယ်။”

တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲငပလီမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက် နေတာ ကြောင့် ဒေသခံတွေ ဖမ်းဆီးအသတ်ခံရတာတွေနဲ့ ပတ်သတ်ပြီး ဗွီအိုအေအနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီနဲ့ AAနှစ်ဘက်စလုံးကလည်း တစုံတရာထုတ်ပြန် ထားတာမတွေ့ရသေးပါဘူး။

မနေ့ ကြာသာပတေးနေ့က သံတွဲနဲ့ နီးတဲ့ တောင်ကုတ်မြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်ရာနဲ့ချီခိုလုံနေတဲ့ ပေါက်အင်း ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့တာကြောင့် ဦးဇင်းတပါးနဲ့ စစ်ဘေးဒုက္ခသည်နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်အင်းကျေးရွာက တောင်ကုတ်မြို့နယ်နဲ့ မိုင် ၂ဝလောက်အကွာမှာရှိတာဖြစ်ပြီး အဲဒီကျေးရွာမှာ တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိပေမယ့် အခုလိုရုတ်တရက် လာရောက် ဗုံးကြဲသွားတာဖြစ်တယ်လို့လည်း တောင်ကုတ်ဒေသခံတွေက ပြောဆိုကြပါတယ်။

တောင်ကုတ်မြို့နယ်မှာလည်း ပြီးခဲ့တဲ့လတွေက စစ်ကောင်စီနဲ့ AAကြားနှစ်ဘက်တို်က်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေတော်တော်များများ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာ လည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ တောင်ကုတ်မြို့ပေါ်မှာ ဆေးဝါးပြတ်လပ်တာတွေရှိနေ တယ်လ်ို့ လက်ရှိမြို့ပေါ်မှာ ရှိနေတဲ့ ဒေသခံတဦးကပြောပါတယ်။

“ တောင်ကုတ်မှာက အဝင်အထွက်တော့ စစ်တယ်။ တမြို့လုံးလည်း ခြောက်ကပ်နေတယ်၊ လမ်းသွားလမ်းလာတွေလည်းမရှိဘူး၊ ဆေးရုံဝန်ထမ်းတွေလည်းမရှိဘူး။ သမားတော်လည်း ပြေးသွားပြီလို့ကြားတယ်။ ဆေးရုံက အဆောင်၃ဆောင်မှာ အလယ်ဆောင်တခုပဲ ဖွင့်ထား တယ်။ ဆေးတွေလည်းမရှိတော့ဘူး။ သောက်ဆေးတောင်ဝယ်မရတော့ဘူး။”

အာရက္ခတပ်တော် AAအနေနဲ့ လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းက တောင်ပိုင်း သံတွဲ၊ အလယ်ပိုင်းက အမ်း နဲ့ မြောက်ပိုင်းက မောင်တောမြို့နယ်တွေကို သိမ်းပိုင်နိုင်ရေး ထိုစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ အမ်းမြို့နယ်မှာတော့ ဒီရက်ပိုင်း တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မြို့သိမ်းတိုက်ပွဲစတင်ထားတဲ့ မောင်တောမှာတော့ AAတပ်တွေ မြို့တွင်း အထိဝင်ရောက်တိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာဖော်ပြထားတာတွေ့ ရပေမယ့် အဲဒီဒေသမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေ တာကြောင့် ဗွီအိုအေ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

Your browser doesn’t support HTML5

ငပလီရွာတွေမှာ စစ်တပ် ဝင်ရောက်တပ်စွဲ