အကျဉ်းထောင်တွင်း ညှင်းပမ်းနှိပ်စက်မှုတွေ တိုးလာတဲ့အပေါ် ကုလသတိပေး

လွတ်လပ်ရေးနေ့မနက်မှာတွေ့ရတဲ့ ရန်ကုန်မြို့ရှိ အင်းစိန်ထောင်ရှေ့မြင်ကွင်း (ဇန်နဝါရီ ၄၊ ၂၀၂၄)

မြန်မာနိုင်ငံအကျဉ်းထောင်တွေအတွင်း ဖမ်းဆီးခံရသူတွေအပေါ် အာဏာပိုင်တွေက လူမဆန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ကျုးလွန်နေပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၁၈၅၃ ယောက်ထက်မနည်း အချုပ်ထောင်ထဲမှာ သေဆုံးခဲ့တယ်ဆိုတဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းတွေ ရရှိတဲ့အကြောင်း မနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ ကလေး ၈၈ ဦးနဲ့ အမျိုးသမီး ၁၂၅ ဦး ပါဝင်တဲ့အကြောင်းလည်း ဖေါ်ပြထားပြီး အာဏာပိုင်တွေရဲ့ ကြောက်လန့်တုန်လှုပ်ဖွယ်ရာ ကျူးလွန်မှုတွေနဲ့ ပတ်သတ်ပြီး အသေးစိတ် အချက်အလက်တွေ ဖေါ်ပြထားပါတယ်။ အကျဉ်းသားတွေအပေါ် ဆိုးရွားပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်းသလို၊ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မပေးတဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ James Rodehaver က အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဂျနီဗာမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ပြင်းထန်စွာချိုးဖောက်ကျူးလွန်မှုမှာ တာဝန်ရှိသူတွေအနေနဲ့ တာဝန်ခံကြရမှာ ဖြစ်ကြောင်းနဲ့ ဒီအပြုအမူတွေကို ရှင်းရှင်းလင်းလင်းဖော်ထုတ်ပြီး ဟန့်တားဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

အကျဉ်းထောင်တွင်း ညှင်းပမ်းနှိပ်စက်မှုတွေ တိုးလာတဲ့အပေါ် ကုလသတိပေး