မြန်မာ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်မှာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အဆောက်အအုံ ပြန်လည် တည်ဆောက်ရေး အတွက် ရန်ပုံငွေနဲ့ အရင်းအမြစ်တွေ ဝိုင်းကူပေးနေကြပါပြီ။
မြန်မာအစိုးရကို လက်တွေ့ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ထားတဲ့ UEHRD ခေါ် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေး၊ ပြန်လည် နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းအနေနဲ့ လူတွေ သိန်းတွေနဲ့ချီ ထွက်ပြေးသွားခဲ့တဲ့ ဒီဒေသအတွက် ပုဂ္ဂလိကရံပုံငွေ ဝိုင်းထဲ့ပေးကြဖို့ နှိုးဆော်အပြီး ခုလိုဖြစ်လာတာပါ။
ဒီအကြောင်း VOA သတင်းထောက် Ben Dunant သတင်းပို့ထားတာကို ကိုဝင်းမင်းကပြောပြပေးမှာပါ။
မနှစ် သြဂုတ်လအတွင်း ရိုဟင်ဂျာ စစ်သွေးကြွတွေက ရခိုင်မြောက်ပိုင်း ရဲစခန်းတွေကို တိုက်ခိုက်ခဲ့အပြီး မြန်မာ့ တပ်မတော်ရဲ့ တန်ပြန်တိုက်ခိုက် နှိမ်နင်းမှုတွေကြောင့် ဒုက္ခ သည်ပေါင်း ၆ သိန်းခွဲကျော် ဘင်္ဂလားဒေရှ့် ဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလ သမဂ္ဂ က ထုတ်ပြန်ခဲ့ အပြီး ဒီဒုက္ခသည် ပြန်ပို့ရေး အစီအစဉ်တွေ မြန်မာဘက်က သဘောတူခဲ့ တာပါ။ ဒါပေမယ့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက လက်ရှိ ရခိုင်ပြည် နယ် အခြေအနေက ဒုက္ခသည်တွေ ပြန်လာနိုင်ရေးနဲ့ ပြန်လည်နေရာချထားရေး အတွက် လုံခြုံရေး အရရော ရေရှည် ရပ်တည်ရေး အတွက်ပါ အပြည့်အ၀ အသင့် မဖြစ်သေးဘူးလို့ ကြေညာချက် ထုတ်ထားပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေရှ့် အစိုးရတွေကြား ဒုက္ခသည် ပြန်ပို့ရေးကို ဒီတပတ်ထဲမှာစဖို့ အရင် ပြင်ဆင်ထားခဲ့ပေမယ့် အခုလောလောဆယ်မှာတော့ ရပ်ဆိုင်းထားတယ်လို့ ဘင်္ဂလားဒေ့ရှ် ဘက်က ထုတ်ပြောထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည် ခေါင်းဆောင်တွေကလည်း သူတို့ ပြန်ဖို့မဆုံးဖြတ်ခင်မှာ ထိခိုက်နစ်နာ ခဲ့ရသူတွေကို လျော်ကြေး ပြန်ပေးရေး၊ မတရား နှိပ်စက်မှုတွေ အပေါ် ဥပဒေ အရ ဖြေရှင်း ပေးရေးနဲ့ နိုင်ငံသား အသိအမှတ်ပြုရေး လမ်းစဖော်ပေးရေးတို့ကို မဖြစ်မနေ ကြို ကတိပေး ထားဖို့ တောင်းဆိုထားပါတယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဦးဆောင်တဲ့ မြန်မာ အရပ်သား အစိုးရအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အကန့်အသတ်တွေ ကြောင့် တပ်မတော်ရဲ့ နှိမ်နင်းမှုကနေ ဖြစ်လာတာတွေကို တပ်မတော် ဆန္ဒမပါဘဲ အရေးယူ ဆောင်ရွက်နိုင်တဲ့ အနေအထား မရှိပါဘူး။ ဒါပေမယ့် မနှစ် အောက်တိုဘာက ဖွဲ့စည်းခဲ့တဲ့ ဒီ UEHRD ပြည်ထောင်စု စီမံကိန်းကနေ တဆင့်တော့ ရခိုင်ပြည်နယ်က လူတွေအရေး ဖြေရှင်း ဆောင်ရွက်ပေးဖို့ မြန်မာ လူမှုအသိုင်းအဝိုင်းကို မျိုးချစ်စိတ်နဲ့ စည်းရုံးပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ ကြိုးစားနေပါတယ်။
ဒီလုပ်ငန်းစဉ်မှာ အဓိက ကျတာကတော့ မြန်မာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ ထောက် ခံကူညီပေးမှုပါ။ မြန်မာ အစိုးရနဲ့ နီးနီးစပ်စပ် လုပ်ကိုင်ခဲ့ရာက ချမ်းသာကြွယ်၀ လာပြီး လက်ရှိ မြန်မာ့ စီးပွားရေးမှာလည်း အဓိက ဆက်လက် လွှမ်းမိုးထားနိုင်တဲ့ ထိပ်ပိုင်း စီးပွားရေး လုပ်ငန်းရှင် တဒါဇင်ခန့်က ဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်းဆိုမှုကို ချက်ချင်း လက်ခံလိုက်ကြပါတယ်။ နေပြည်တော်မှာ အောက်တိုဘာလက လုပ်ခဲ့တဲ့ UEHRD အခမ်းအနားမှာ ကမ္ဘောဇဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်း၊ မက်စ် မြန်မာ ကုမ္ဗဏီပိုင်ရှင် ဦးဇော်ဇော်၊ အေးရှားဝေါ ကုမ္ဗဏီ ပိုင်ရှင် စတီဗင်လော၊ ဧဒင် ဦးချစ်ခိုင်နဲ့ ဇေကမ္ဘာ ဦးခင်ရွှေတို့ ပါဝင်တဲ့ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်တွေက အလှုငွေ အမေရိကန် ဒေါ်လာ ၁၃.၅ သန်းခန့် လှုဒါန်းခဲ့ကြပါတယ်။
ကမ္ဘောဇဘဏ်က အကြီးတန်း စီမံခန့်ခွဲမှု ညွှန်ကြားရေးမှူး ဦးညိုမြင့်က သူတို့ ကမ္ဘောဇ ဘဏ် အုပ်စု အနေနဲ့ နယ်စပ်ခြံစည်ရိုးကာဖို့ အမေရိကန် ဒေါ်လာ ၂.၂ သန်း လှူဒါန်း ခဲ့တယ်လို့ ထုတ်ပြောခဲ့ပါတယ်။
“ရခိုင်ပြဿနာတက်လာချိန်မှာ ပုဂ္ဂလိကကဏ္ဍကနေ ဝိုင်းလှူပေးကြဖို့ အစိုးရက တောင်း ဆိုခဲ့ပါတယ်။ အဲ့ဒိလို ကြားလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ဘက်က ဘာလှူပေးရ မလဲ ပေါ့နော်။ သူတို့ဘက်ကပြောပါတယ်။ သူတို့အနေနဲ့ နယ်စပ်ခြံစည်းရိုးကာဖို့ လိုတယ်တဲ့။ အဲ့ဒီတော့ ဒီခြံစည်းရိုးခတ်ဖို့ ဝိုင်းကူပေးသင့်၊ မသင့် စဉ်းစားရတာပေါ့နော်။ ဒီခြံစည်းရိုး ရှိလာလို့ ဘာအကျိုးရှိမလဲပေါ့။ ကျွန်တော်တို့ နားလည်တာက ဒီခြံစည်းရိုးရှိလာရင် တရားမဝင် နယ်စပ်ကျော်ဝင်တာတွေ မရှိနိုင်တော့ဘူးပေါ့နော်။”
ဒါ့အပြင် ဧဒင် ဦးချစ်ခိုင် အုပ်စုကလည်း ဒုက္ခသည်တွေ ပြန်လာမယ့် အဓိက စခန်းတခု ဖြစ်တဲ့ ငခူရ ဒေသ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ကူပေးနေတယ်လို့ ဗွီအိုအေကို ပြောခဲ့ပြီး အေးရှားဝေါလ် အုပ်စုကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မိုင် ၅၀ နီးပါး ရှည်လျားတဲ့ ကားလမ်းဖောက်ပေးနေပါတယ်လို့ မြန်မာ အစိုးရ မီဒီယာက ထုတ်ပြောခဲ့ ပါတယ်။
တကယ်တော့ အခု စီးပွားရေး လုပ်ငန်းရှင်ကြီး အများစုဟာ စစ်အစိုးရ လက်ထက်မှာ အတိုက်အခံ ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ပါတီဘက်က ခရိုနီခေါ် လက်ဝေခံ စီးပွားရေး သမားတွေလို့ သတ်မှတ်ခဲ့ရာကနေ အခုလို ပူးပေါင်းဆောင်ရွက်လာတာက ထူးခြားနေပါတယ်။
ဒါပေမယ့် ANU သြစတေးလျ အမျိုးသား တက္ကသိုလ်က မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဂျရတ် မက်ကာသီ ကတော့ အခုဖြစ်တာက NLD မူလ လမ်းကြောင်း အတိုင်းပါဘဲလို့ အခုလို ဆိုပါတယ်။
“NLD အနေနဲ့ အရင်တုံးကတည်းက အယူဝါဒတွေအပေါ် အဓိက အခြေခံ စံထားပြီး ရပ်တည ်ဆောင်ရွက်လာခဲ့တာပါ။ အခု အစိုးရဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာလည်း ခုလို ကိုယ်ကျင့်တရား အယူဝါဒအပေါ် ဆက်အခြေခံပြီး နိုင်ငံရေးအတွက် လူမှုရေးအတွက် အကျိုးရှိနိုင်မယ့် အလှူပေးမှုတွေကို ဆက်လက် တောင်းခံလာခဲ့ပါတယ်။ ”
ဒါ့အပြင် UMFCCI မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ်ရဲ့ ဆန်စပါး လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်ကလည်း ရခိုင် အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာ ဝိုင်းဝေဖန်ခံရတဲ့ အကြပ်အတည်း ဖြစ်နေချိန်မှာ ပြည်တွင်း လုပ်ငန်းရှင်တွေက ဝိုင်းကူပေးသင့်တယ်လို့ ဆိုပါတယ်။
“အခု အချိန်ကာလ မြန်မာပုဂ္ဂလိက ကဏ္ဍအနေနဲ့ တညီတညွတ်တည်းရှိကြပြီး ဒီညီညွတ်မှုကို ပြရမယ့်အချိန်ပါ၊ လက်ရှိအစိုးရရဲ့ ဦးဆောင်မှုအောက်မှာပေါ့နော်။ အထူး သဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ဦးဆောင်မှုပေါ့။ ”
ဒါ့အပြင် ဦးရဲမင်းအောင်က အခု ရခိုင် ပဋိပက္ခဖြစ်ရခြင်းက စီးပွားရေး ကြပ်တည်းမှုကြောင့် အဓိက ဖြစ်ရတာမို့ ဆန်စိုက်ပျိုးမှု ပြန်အားကောင်းလာအောင် လုပ်ပြီး ဆန်ကုန်သွယ် တင်ပို့မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ပေးဖို့ လိုအပ်နေတယ်လို့ ဆိုလိုက်ပါတယ်။
Your browser doesn’t support HTML5