ပြည်ပထွက်ပြီး အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိသားစုကို ဘဏ်တွေကနေ တရားဝင် ငွေပြန်လွှဲမယ်ဆိုရင် အထူးအစီအစဉ်အနေနဲ့ လျှပ်စစ်ကားနဲ့ဆိုင်ကယ်တွေ တင်သွင်းခွင့်ပေးမယ့် အကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို စစ်ကောင်စီရဲ့ ပြည်ပသံရုံးတွေကနေ ထုတ်ပြန်ကြေညာနေပါတယ်။ တချိန်တည်းမှာပဲ အလုပ်သမား တွေရဲ့ လစဉ်လွှဲပို့ငွေစာရင်းကို အေဂျင်စီတွေအနေနဲ့ ပုံမှန်စာရင်းလုပ်ပြီး တင်ပြပေးရမယ်လို့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီတွေကိုလည်း စစ်ကောင်စီက ဖိအားပေးနေပါတယ်။
စစ်ကောင်စီအစီအစဉ်အပေါ် ပြည်ပရောက် မြန်မာအလုပ်သမားတချို့အမြင်ကို စုစည်းပြီး ရန်ကုန်ကသတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
နှစ်နိုင်ငံ သဘောတူညီမှု အလုပ်သမားစာချုပ် MoU စနစ်နဲ့ ပြည်ပထွက်ပြီး အလုပ်လုပ်နေတဲ့ မြန်မာ နိုင်ငံသားတွေကိုမိသားစုဆီ ဘဏ်စနစ်တွေကနေ ပုံမှန်ငွေလွှဲဖို့ စစ်ကောင်စီဘက်က နည်းအမျိုးမျိုး သုံးပြီး ဆွဲဆောင်၊ စည်းရုံးနေရပါတယ်။ ပြည်ပထွက်ပြီး အလုပ်လုပ်နေတဲ့ မြန်မာ နိုင်ငံသားတွေအနေနဲ့ မိသားစုဆီကို တရားဝင် ဘဏ်လမ်းကြောင်းကနေ လစာငွေပုံမှန်လွှဲနေမယ်ဆိုရင် အထူးအစီအစဉ် အနေနဲ့ လျှပ်စစ်ကားနဲ့ဆိုင်ကယ်တွေ တင်သွင်းခွင့်ပေးမယ်ဆိုတဲ့စီးပွားရေးနဲ့ ကူးသန်းရောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို စစ်ကောင်စီရဲ့ ပြည်ပသံရုံးတွေကနေ ဒီဇင်ဘာလ ၉ ရက်နေ့က ထပ်ဆင့်ထုတ်ပြန်ကြေညာနေပါတယ်။ အခုလို စစ်ကောင်စီက လျှပ်စစ်ကားနဲ့ ဆိုင်ကယ်တွေ တရားဝင် တင်သွင်းခွင့်ပေးမယ်ဆိုတဲ့ မက်လုံးပေးနေပေမဲ့လည်း တရားဝင်ဘဏ်ငွေလဲနှုန်းနဲ့ ငွေပို့ပေးသူမရှိသလောက်ဖြစ်နေပါတယ်။ ဘဏ်တွေရဲ့ ငွေလဲနှုန်း အဆမတန်ကွာဟချက်ကြောင့် လက်ရှိကုန်ဈေးနှုန်းချိန်ပြီး ဟွန်ဒီစနစ်ကိုပဲ တွင်တွင်သုံးနေကြတုန်း ဖြစ်ပါတယ်။ ကိုရီးယားရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတဦးကအခုလိုပြောပါတယ်။
"Bank to Bank လွှဲရင် ဒီကနေ ဒေါ်လာဘယ်လောက်ဆိုပြီး လွှဲလိုက်ရင် ကျနော်တို့နိုင်ငံကို ဒေါ်လာ ရောက်သွားတယ်။ဒါပေမဲ့ အဲဒီ exchange rate က သူတို့ဆုံးဖြတ်ချင်တဲ့နှုန်းနဲ့ ထည့်ပေးလိုက်ကြ တာဗျာ။ ကျနော်ဆို ကိုယ်တွေ့ကြုံခဲ့ဖူးတယ်။ ဧရာဝတီဘဏ်တုန်းက အဲဒီကျ ကျနော်တို့ ပြန် ကွန်ပလိန်းတက်တော့လည်း နိုင်ငံခြားရေးရုံးဖြစ်ဖြစ်၊ သူတို့ဘဏ်တွေမှာလည်း ရှိတယ်လေ။ ဘယ်လိုပဲ ကွန်ပလိန်းတက်တက်၊ တော်တော်ဆုံရှုံးနစ်နာတာတွေ ရှိတယ်။ အဲဒါကြငွေလွှဲသမားတွေနဲ့လွှဲရင် ငွေဈေးဘယ်လောက် ကိုယ်အိမ်ကို မြန်မာငွေဘယ်လောက် ရောက်မယ်ဆိုတာ တရားဝင် by name နဲ့ လျော့စရာလည်းမရှိဘူး။ ပျက်စရာလည်းမရှိတော့ အဲနည်းနဲ့ အများစုကလွှဲလာတာ။"
ပြည်ပထွက်ပြီး အလုပ်လုပ်နေတဲ့ MoU လုပ်သားတွေရဲ့ လစာငွေထဲက ၂၅ ရာခိုင်နှုန်းကို နေရပ်ကို ပြန်လွှဲပေးဖို့ ကိစ္စတွေကို စစ်ကောင်စီရဲ့ အလုပ်သမားရေးဌာနက အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေကို တာဝန်ပေးထားပါတယ်။အလုပ်သမားတယောက်ချင်းစီရဲ့ မိသားစုလွှဲပေးငွေ သက်သေအထောက်အထားကို အေဂျင်စီတွေကို စိစစ်တင်ပြခိုင်းတာပါ။ ၂၀၂၃ စက်တင်ဘာ ကနေ ၂၀၂၄ ဧပြီလအထိ စာရင်းကိုတော့ အေဂျင်စီတွေက ပေးပို့ခဲ့ကြပါတယ်။ ဒါပေမဲ့အခု ၂၀၂၄ အောက်တိုဘာလအထိ စာရင်းကိုတော့ အေဂျင်စီ ၃၀၀ နီးပါးက မတင်ပြခဲ့ကြပါဘူး။ ဒါကြောင့် စစ်ကောင်စီက ဒဏ်ကြေးနဲ့ အလုပ်ခေါ်စာ အသစ်တင်တာတွေကို ဆိုင်းငံ့သွားမယ်ဆိုပြီး ဒီအေဂျင်စီ ၃၀၀ နီးပါးကိုနိုဝင်ဘာလထဲမှာ သတိပေးခဲ့တာ ဖြစ်ပါတယ်။
အလုပ်သမားတွေရဲ့ လစဉ်လွှဲပို့ငွေစာရင်းကို အေဂျင်စီတွေအနေနဲ့ ပုံမှန်စာရင်းလုပ်ပြီး တင်ပြပေးရမယ် လို့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူးက ဗွီအိုအေကို ပြောပါတယ်။
"ဘယ်လောက်လွှဲလဲဆိုတဲ့ report ပေါ့၊ အဲဒါကိုတောင်းတော့ တင်ပြတဲ့အေဂျင်စီတွေက အဲဒီအပေါ်မှာ နည်းနည်းမသဲကွဲဘူး ဖြစ်နေတာ၊ ဟိုအရင်ဟာကို တင်ရမှာလား၊ အမှန်က ဒီအောက်တိုဘာလ သီးသန့်မှာပဲ ဟိုဘက်ကနေ ပေးပို့သည်ဖြစ်စေ မပေးပို့သည်ဖြစ်စေ ကိုယ်ကပို့ထားတာ လူအယောက် ၁၀၀ ပေါ့။ အဲဒီ ၁၀၀ ထဲက ၁၀ ယောက်ပို့တယ်ပေါ့၊ ဒါမှမဟုတ်လည်း တယောက်မှ မပို့ဘူးပေါ့။ ဒါမှမဟုတ်လည်း အယောက် ၅၀ ပို့တယ်ပေါ့။ အဲလိုဟာကို ဝန်ကြီးဌာနကိုreport လုပ်ပါလို့ပြောတာကို အေဂျင်စီတွေက အဲဒါကို ရှုပ်ထွေးသွားတာ။ အဲဒါနဲ့ အေဂျင်စီ ၃၀၀ လောက်က မပို့ဖြစ်တာပေါ့။"
ထိုင်းနိုင်ငံအပါအဝင် ပြည်ပမှာ MoU အလုပ်သမားစာချုပ်နဲ့ တရားဝင်အလုပ်လုပ်နေတဲ့ မြန်မာ နိုင်ငံသားအားလုံးလစာငွေရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုထံ လတိုင်း ဒါမှမဟုတ် သုံးလ တကြိမ် မဖြစ်မနေ လွှဲပြောင်းပေးရမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားရေးဌာနက မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။ ပျက်ကွက်မယ်ဆိုရင် ပြည်ပထွက်ခွင့် ကာလအကန့်အသတ်နဲ့ ပိတ်တာ၊ ပြည်ပ အလုပ်အကိုင် သက်သေခံကတ် OWIC ထုတ်မပေးတာ၊ နိုင်ငံကူးလက်မှတ် (passport) သက်တမ်း မတိုးပေးတာတွေ လုပ်သွားမယ်လို့ ထုတ်ပြန်ခဲ့တာပါ။