အရန်ဆန် သိုလှောင်မှု တိုးမြှင့်မယ့်အပေါ် လယ်သမားအရေး လှုပ်ရှားသူတွေအမြင် 

ရန်ကုန်ဆိပ်ကမ်းမှာ ဆန်အိတ်ထမ်းနေတဲ့ အလုပ်သမားတဦးကိုတွေ့ရစဉ် (ဇွန် ၂၈၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ ဒီနှစ် ဆန်စပါး အရန်သိုလှောင်မှု ပမာဏကို ဆန်စပါးအသင်းချုပ်က တိုးမြှင့်လိုက်ပြီး၊ ဆန်အိတ် ၁ သန်းကို ကနဦး သိုလှောင်သွားမယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ ရေဘေးဒဏ်ကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ထိခိုက်ခဲ့ရပြီးနောက် အခုလို အရန်ဆန်တွေ တိုးမြှင့်သိုလှောင်မယ့် အစီအစဉ် ထွက်ပေါ်လာတာပါ။ အရန်ဆန် သိုလှောင်မယ့် အစီအစဉ်သစ်နဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

ဒီနှစ်မှာ ၂၄ပြည် (၁၀၈ပေါင်) ပါတဲ့ ဆန်အိတ်ရေ ၁ သန်းကို အရန်ဆန်အဖြစ် သိုလှောင်သွားမယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃က ပြည်ပကိုဆန် ၃ တန် တင်ပို့ရင် အရန်ဆန် ၁ အိတ်နှုန်း စုဆောင်းခဲ့တာပါ။ ဒီနှစ်မှာတော့ ဆန် ၁ တန်ပို့ရင် ဆန် ၁ အိတ်ကနေ ၃ အိတ်အထိ အရန်ထားဖို့ စစ်ကောင်စီနဲ့ ဆန်စပါးအသင်းချုပ်ဘက်က မကြာသေးခင်ကပဲ ဆုံးဖြတ်ခဲ့တာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေသလို၊ ရေဘေးကြောင့် စိုက်ပျိုးမြေတွေ ထိခိုက်ပျက်စီးနေချိန်မှာ အခုလို စီစဉ်ခဲ့တာလို့လည်း မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဒေါ်စုစုနွေးက ပြောပါတယ်။

" အထွက်နှုန်းတွေက လျော့မယ်၊ ဒီနှစ်လျော့မယ်ပေါ့နော်။ လယ်ယာမြေတွေမှာ စပါးတွေ ရေကြီး၊ နစ်မြုပ်တဲ့အတွက် အရည်အသွေးမီတဲ့ စပါးတွေရရှိမှု နည်းပါးမယ်၊ အထွက်နှုန်းတွေ လျော့မယ်။ အဲဒါကြောင့်မို့ နောက်နှစ် ဒီလိုအချိန်တွေကြရင် စပ်ကူးမပ်ကူး တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းပေါ့ အဲလိုအချိန်ကြရင် တော်တော်လေး ဆန်တွေမှာ အခက်အခဲတွေ ရှိလာနိုင်တယ်။ အဲဒါကို ကြိုမြင်လို့လည်း သူတို့ ဒီဥစ္စာကို အရန်ဆန်အနေနဲ့ သိုလှောင်တာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ နောက်တခုကတော့ နိုင်ငံရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်တယ်လို့ မြင်တယ်။"

အစိုးရရဲ့ စိုက်ပျိုးစရိတ်ချေးငွေကို အကြေမဆပ်နိုင်သေးတဲ့ လယ်သမားတွေက ဒီနှစ်မှာ ချေးငွေထပ်မရပါဘူး။ ဒါကြောင့် ကိုယ့်စရိတ်နဲ့ကိုယ် ပြန်ပြီးထူထောင်ရလို့ စိုက်ဧကများတဲ့ လယ်သမားတယောက်ကို ကျပ်သိန်း၁၅၀ကျော်လောက် ထပ်ကုန်နိုင်ကြောင်း ဒေါ်စုစုနွေးက ပြောပါတယ်။

အခုနှစ်မြစ်ရေကြီးတာက မနှစ်ကလောက် ပမာဏမများပေမဲ့ တချို့ဒေသတွေမှာ ရက်အတော်ကြာအောင် ရေလွှမ်းနေခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ လေ့လာသူတွေက သုံးသပ်ထားပါတယ်။ ပဋိပက္ခဒေသတွေမှာဆို အထွက်နှုန်းက ထက်ဝက်လောက် ကျသွားနိုင်တယ်လို့ ရခိုင် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ဗွီအိုအေကို ပြောပါတယ်။

" ဒီနှစ်က တောင်သူလယ်သမားတွေ အနေနဲ့ စိုးရိမ်စရာ အမြင့်ဆုံးအနေအထားအထိ ရောက်နိုင်တယ်လို့ သုံးသပ်ရင်လည်းရတယ်။ မုန်တိုင်းတို့၊ သဘာဝအန္တရာယ်တို့ ဒီဘက်မှာ စစ်ပွဲစစ်ဒဏ်တို့ တောက်လျှောက်ခံလာရတဲ့ အနေအထားအောက်မှာ ဒီနှစ်မှာ စိုက်ဧကတဝက်လောက် လျော့ကျသွားတဲ့ အနေအထား ရှိနေတယ်။ အဲထဲမှာမှ တောင်သူတွေက စက်သုံးဆီမရှိဘူး၊ ထွန်စက်တွေက စပယ်ယာ(အပိုပစ္စည်း) မရှိတော့ သိပ်အလုပ်မဖြစ်ဘူး၊ ဓာတ်မြေဩဇာ မသုံးနိုင်ဘူး။ အဲဒီအတွက်ကြောင့် အထွက်နှုန်းက တော်တော်လေး ကျဆင်းသွားနိုင်တဲ့ အနေအထား ရှိနေတဲ့အတွက်ကြောင့် စိုးရိမ်စရာတော့ တော်တော်ကောင်းတယ်ဗျ၊ ဒီနှစ်က။"

ပြည်တွင်းမှာ အဓိကစားသုံးတဲ့ ဆန်ချောတွေက ပို့ကုင်္နမရှိလို့ နှစ်တိုင်းစိုးရိမ်စရာမရှိပေမဲ့ ဒီနှစ်အထွက်နှုန်းကျတာက ပို့ကုန်ဝင်ငွေကိုပါ ထိခိုက်လာနိုင်ခြေ ရှိနေတာပါ။ ဒါကို စစ်ကောင်စီဘက်က စိုးရိမ်နေတာဖြစ်တယ်လို့ လယ်သမားတချို့က ခန့်မှန်း၊ သုံးသပ်ကြပါတယ်။ နိုင်ငံခြားငွေလဲနှုန်းနဲ့ အထွေထွေ ကုန်ဈေးနှုန်းတွေ မတည်ငြိမ်တဲ့အတွက် ဇွန်လထဲမှာ ဆန်ချောတအိတ်ရဲ့ဈေးနှုန်းက ကျပ်၂သိန်းအထိရောက်ခဲ့တာပါ။ ဒီနေ့အထိလည်း တချို့ဆိုင်တွေမှာ ရွှေဘိုပေါ်ဆန်းမွှေးလို အရည်အသွေးမြင့်တဲ့ ဆန်တွေကို ဝယ်လို့မရသေးကြောင်း ရန်ကုန်မြို့ခံတချို့က ပြောခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အရန်ဆန် သိုလှောင်မှု တိုးမြှင့်မယ့်အပေါ် လယ်သမားအရေး လှုပ်ရှားသူတွေအမြင်