မေလ ၂၉ရက်နေ့တုန်းက ရခိုင်ကမ်းရိုးတန်းကနေတဆင့် မြန်မာနိုင်ငံထဲ ဝင်ရောက်လာခဲ့တဲ့ မုန်တိုင်းကြောင့် လူ လေးဦးထက်မနည်း သေဆုံးပြီး ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ပါတယ်။ မုန်တိုင်းမဝင်ခင်ကတည်းက မုန်တိုင်းအန္တရာယ်ကြိုတင်ပြင်ဆင်ရေးဆောင်ရွက်နေသလို၊ အခု မုန်တိုင်းဝင်ပြီးနောက်မှာလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတယ်လို့ မြန်မာအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဗွီအိုအေ သတင်ေးထာက် ကိုကောင်းစံဟိန်း စုံစမ်းမေးမြန်းသတင်းပေးပို့ထားပါတယ်။
ဘင်္ဂလားပင်လယ်အော်ကနေ ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံအလယ်ပိုင်းကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် ဒေသအချို့ လူသေဆုံးမှု နဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် ကပြောပါတယ်။
"ပျက်စီးစာရင်း Report လုပ်တာကတော့ ပြည်နယ်နဲ့တိုင်း ၇ခုရှိတယ်။အဲဒီမတိုင်ခင် တရက်ကတော့ လေဆင်နှာမောင်း ဝင်သွားတယ် ရွှေပြည်သာမှာ၊အိမ်ခြေ၇၀၀ကျော် ထိသွားတယ်ပေါ့နော်၊နောက်တခု များတာတွေက မကွေးတိုင်းမှာ နည်းနည်းများတယ်၊တခြားတွေတော့နည်းနည်းပါပဲ ။ နေပြည်တော်မှာ ၂ အိမ်၊ မန္တလေးတိုင်းဆိုရင် ၃ အိမ်၊ မွန်ပြည်နယ် ၉ အိမ်၊ ကရင်ပြည်နယ် ၁၉ အိမ် ရခိုင်ပြည်နယ်မှတော့ ၄၃ အိမ် ။ ကျနော်တို့ သေဆုံးတွေက ၄ဦးဗျ၊ ရခိုင်မှာ ၃ ဦး သေဆုံးတယ်။ ဒဏ်ရာရတွေကတော့ ၅ ဦးပေါ်နေတယ် မနေ့ကညနေအထိ"
ရခိုင်ပြည်နယ် သံတွမြို့နယ်မှာတော့ ၂၉ရက်နေ့က ဝင်ရောက်တဲ့ မုန်တိုင်းကြောင့် ပင်လယ်ကမ်းထွက်သွားတဲ့ လှေတစ်စီးတိမ်းမှောက် သွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့တယ်လို့ သံတွဲဒေသခံ ဦးစိန်ချစ်ကပြောပါတယ်။
"ဒီငပလီကမ်းခြေ မြစ်ကမ်းထွက်သွားတဲ့ ပင်လယ်သမားတွေတော့ ဒီပင်လယ်ထဲမှာ သေဆုံးတဲ့လူတော့ရှိတယ်။သူတို့ ၂၈ရက်နေ့က ပင်လယ်ထွက်သွားတာပေါ့။လမ်းမှာ မုန်တိုင်းနဲ့ မိပြီးတော့ လေလည်းပေါက်တော့ ၂ဦးမှာ ၁ဦးတော့ အသက်ရှင်တယ်။ နောက် ၇ ဦးကတော့ ဧရာဝတီဘက်ကို မျောသွားပြီး လပ္ပတ္တာဘက်မှာထင်တယ် အဲဒီမှာတော့ ကယ်ဆယ်ရေးပြန်လုပ်တာပေါ့ အဲဒါမျိုးတော့ရှိတယ်။ "
ဘင်္ဂလားပင်လယ်အော်အတွင်းက အဲဒီ အပူပိုင်းမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းဝင်ရောက်ချိန်မှာတာ့ မျှော်လင့်ထားတာထက်ပိုပြီး ဆိုက်ကလုံးမုန်တိုင်းငယ်တခုအနေနဲ့ တိုက်ခိုက်ခဲ့တာပါ။ မုန်တိုင်းမဝင်ခင်ကတည်းကတော့ အာဏာပိုင်တွေက ကြိုတင်သတိပေးချက်တွေနဲ ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ အခု မုန်တိုင်းဝင်ပြီးနောက်မျာလည်း လူသေဆုံးမှုတွေနဲ့ နေအိမ်ပျက်စီးဆုံးရှုံးမှုတို့အတွက် ပြန်လည်ထူထောင်ခြင်းလုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် ကပြောပါတယ်။
"အိမ်တွေအတွက်ကတော့ လုံးဝပြိုကျတာဆိုရင် ကျနော်တို့ ၁ သိန်း ဒါမှမဟုတ် ၂ သိန်း ။ များသောအားဖြင့်တော့ ၁ သိန်းတွေပဲ များတယ်။ ဘာကြောင့်လဲဆိုတော့ တဲတွေပဲဖြစ်တာများတာကို လေတိုက်လို့လဲတယ်ဆိုတာက။ တဲတွေပဲ တခြားအိမ်တွေကတော့ ဖြစ်မှမဖြစ်တာ။ နောက်တစိတ်တပိုင်းပျက်စီးတာကတော့ ကျနော်တို့ နှုန်းကတော့ ၁ သောင်းကနေပြီးတော့မှ ၉ သောင်း ၁ သိန်းအထိ ပေးတယ်ပေါ့နော် ဒါပေမယ့် အများစုကတော့ ဒီမှာ ၅ သောင်းတွေရကြတယ်။ နောက် သေဆုံးသူတွေကိုတော့ ၃ သိန်းထောက်ပံ့တယ်။ ဒဏ်ရာရဆေးရုံတက်တဲ့လူတွေကိုတော့ ၅ သောင်းထောက်ပံ့တယ်။ "
မုန်တိုင်းဟာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားပီး မနေ့ကညနေက အားပျော့သွားကြောင်း မိုးလေဝသဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မုတ်သုံလေ အားကောင်းနေပြီး နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ ရန်ကုန် နှင့် ဧရာဝတီတိုင်းဒေသကြီး၊ရခိုင်၊ ကချင်၊ ချင်းနှင့် မွန်ပြည်နယ်တို့တွင် ယနေ့(မေလ ၃၁ ရက်)အထိ နေရာကွက် မိုးကြီးနိုင်သေးကြောင်းလည်း ခန့်မှန်းထားပါတယ်။
Your browser doesn’t support HTML5