သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသတိပေးချက် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့ဖွယ်ရှိကြောင်း မိုးဇလ ထုတ်ပြန်


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းကနေ မြန်မာနိုင်ငံအနောက်ဖက် အမ်းမြို့ကို ဖြတ်ကျော် ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းဟာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်တည်ရှိနေပြီး နောက် ၁၂ နာရီအတွင်းမှာတော့ အားလျော့သွားမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဌာနရဲ့ Facebook စာမျက်နှာမှာ နောက်ဆုံးသတိပေးချက်အရ အဲဒီ ကုန်းတွင်းမုန်တိုင်းငယ် ဖြစ်ပေါ်နေစဉ် ဒီကနေ့ မတ်လ ၃၀ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်ပြီး မိုးကြီးတာနဲ့ ဒေသအလိုက် မိုးကြီးနိုင်တယ်လို သတိပေးထားပါတယ်။ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာတော့ တစ်နာရီကို ၃၅ မိုင်နှုန်းအထိ လေပြင်း တိုက်ခတ်နိုင်တယ်လို့လည်း မိုးဇလရဲ့ နောက်ဆုံးသတိပေးချက်မှာ ပြောထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာတော့ ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မနဲ့ အထက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းနှင့် မန္တလေး တိုင်းတို့မှာ ၁ လက်မခွဲအထက် မိုးရွာသွန်းနိုင်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မကြာခဏ မိုးသက် လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို ၄၅ မိုင်အထိ တိုက်နိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၁၀ ပေကနေ ၁၆ ပေအထိရှိနိုင်တယ်လို့ ပြောပါတယ်။ မုန်တိုင်းအရှိန်ကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှု အန္တရာယ်၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်တွေ အနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေဖြစ်နိုင်တယ်လို့လည်း ကြိုတင်သတိပေးထားပါတယ်။ ဒါ့အပြင် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့က ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ။ သင်္ဘောတွေအနေနဲ့ သတိထားကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG