မြန်မာအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို အမေရိကန်သမ္မတ အိုဘားမားက မနေ့က ရုပ်သိမ်းကြောင်း အမိန့်ထုတ်ပြန်လိုက်တဲ့အပေါ်မှာ မြန်မာအစိုးရအပါအဝင် အမေရိကန်နဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေက ကြိုဆိုလိုက်ပါတယ်။ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းခြင်းအားဖြင့် မြန်မာနိုင်ငံလက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေးဆိုင်ရာ အခက်အခဲတွေနဲ့ အကဲစမ်းမှုတွေကို NLD အစိုးရသစ် ဖြေရှင်းရာမှာ အမေရိကန်ပြည်ထောင်စုက ကူညီဆောင်ရွက်မှာဖြစ်ပြီး တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်လာအောင် ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ ပြင်ဆင်နေကြောင်း စက်တင်ဘာလ (၁၄)ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် သမ္မတအိုဘားမားက မနေ့ သောကြာနေ့က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ပြည်ထောင်စု အရေးပေါ်အက်ဥပဒေကို ရပ်ဆိုင်းတဲ့ အကြောင်း လက်မှတ်ရေးထိုးခဲ့တာပါ။
ဒီလိုရုပ်သိမ်းလိုက်တဲ့အတွက် သက်ရောက်မှုရှိမယ့် အကျိုးဆက်တွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို အခုလိုပြောပါတယ်။
“၁၉၉၇ခုနှစ်က စတင်ချမှတ်ခဲ့တဲ့ ဒီအရေးပေါ် အက်ဥပဒေကို ရပ်ဆိုင်းခြင်း အားဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။ အခုလိုဖယ်ရှားပေးရာမှာ ဘဏ္ဍာရေးဌာန လက်အောက် OFAC ခေါ် နိုင်ငံခြားငွေကြေးပိုင်ဆိုင်မှုများ ဆိုင်ရာဌာနက ထုတ်ပြန်ထားတဲ့ SDN အထူးပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ထားတဲ့စာရင်းမှာပါနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေလည်း အကျုံးဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် မူးယစ်ဆေးဝါးရောင်း ဝယ်မှု နဲ့ ပိတ်ဆို့ခံထားရသူတွေကိုတော့ ဆက်ပြီး SDN စာရင်းမှာ ထားရှိ မှာဖြစ်ပါတယ်။”
စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တာဟာ မြန်မာအစိုးရသစ်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကူညီဖြေရှင်းဖို့ ဖြစ်တယ်လို့လည်းသူက အခုလိုပြောပါတယ်။
"အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးဆက်လက်ဖေါ်ဆောင်ဖို့ သံဓိဌာန်အခိုင်အမာချထားပြီး ကျန်ရှိနေတဲ့ လူအခွင့်အရေးဆိုင်ရာအကဲစမ်းမှုတွေကို ဖြေရှင်းရာမှာ မြန်မာအစိုးရနဲ့ အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်ရာမှာ အစိုးရထဲနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ စစ်တပ်ရဲ့အခန်းကဏ္ဍပါဝင်မှု ကြီးမားနေတာ အပါအဝင် အခြားစိန်ခေါ်မှုတွေကို အစိုးရသစ်နဲ့ နီးနီးကပ်ကပ် လက်တွဲဖြေရှင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါအပြင် ကျောက်စိမ်းနဲ့ ကျောက်မြတ်ရတနာ လုပ်ငန်းကဏ္ဍမှာလည်း တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပီပြင်တဲ့ စီးပွားရေး ကျင့်ဝတ်တွေကို အသုံးပြုဖို့ လိုအပ်ချက်တွေမှာလည်း အမေရိကန်က ကူညီဆောင်ရွက်မှာဖြစ်ပါတယ်။"
အမေရိကန်ဘက်က စီးပွားရေးဒဏ်ခတ်မှုအားလုံး ရုပ်သိမ်း လိုက်တာဟာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးအတွက် အထောက်အကူပြုပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ် ရလဒ် လည်းဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။
" အထူးသဖြင့် ကျနော်တို့ မြန်မာနိုင်ငံ အနေနဲ့ပေါ့နော် ဒါက ကြိုဆိုရမယ့်ကိစ္စပါ။ ကြိုလည်း ကြိုဆိုပါတယ်။ အဓိက အားဖြင့် ကမ္ဘာ့စီးပွားရေးက နှေးကွေးပြီးတော့ ခက်ခဲနေတယ်။ နောက် ပြည်တွင်းမှာလည်း စီးပွားရေးတွေက ဒေါ်လာဈေး၊ ရွှေဈေး ကျန်တဲ့ ကုန်ဈေးနှုန်းကလည်း အစစ ခက်ခဲနေတဲ့အချိန်မှာ နောက်တချက် က မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ အထူးတလည် ဆောင်ရွက်ချက်ဖြစ်ပါတယ်။ နောက်တချက်က ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ဖြူတော်ခရီးစဉ် သွားခဲ့တဲ့ သဘောတူညီချက်ရဲ့ ရလဒ်လည်းဖြစ်ပါတယ်။ "
အလားတူ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီကလည်း အမေရိကန် သမ္မတရဲ့ကြေညာချက်ကို ကြိုဆိုကြောင်း တွဲဘက်မန်နေဂျာ ကိုလှဘုန်းမြင့် က ပြောပါတယ်။
" ဒီ National Emergency အပြီးသတ် လုပ်လိုက်ခြင်းဟာ အမေရိကန် ကုမ္ပဏီတွေကို မြန်မာနိုင်ငံတွင်းမှာ ဝင်ရောက်ပြီးတော့ လွတ်လပ်စွာ ရင်းနှီးမြုပ်နှံနိုင်ဖို့ အခွင့်အလမ်း အများကြီး ဖွင့်ပေးလိုက်တာဖြစ်တဲ့အတွက် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ က ဝမ်းသာအားရကြိုဆိုပါတယ်။ စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေက နေ့ချင်းညချင်း အလုံးအရင်းနဲ့ ဝင်လာဖို့ကတော့ ဒါ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဖြေးဖြေးမှန်မှန်နဲ့ အရှိန်အဟုန်ပြင်းစွာ နောက်ပိုင်းမှာ ဝင်လာဖို့ရှိပါတယ်။ ရှိတဲ့အတွက် အမေရိကန်အစိုးရရော အမေရိကန်စီးပွားရေး အသိုင်းဝိုင်းကရော မြန်မာနိုင်ငံရဲ့ ဥပဒေ လုပ်ထုံးလုပ်စဉ် ပေါ်လစီတွေကို အစိုးရနဲ့တွဲပြီးတော့ ဆက်လက်ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်ခင်ဗျ။ "
အမေရိကန်သမ္မတရဲ့ အမိန့်နဲ့ ဖယ်ရှားလိုက်တဲ့ ပိတ်ဆို့မှုတွေထဲမှာမြန်မာနိုင်ငံနဲ့ လုပ်ကိုင်မယ့် ဘဏ်လုပ်ငန်းအပေါ် တားဆီးထားတဲ့ ကိစ္စရပ်တွေလည်း အကျုံးဝင်မှာဖြစ်ပါတယ်။
Your browser doesn’t support HTML5