(Zawgyi/Unicode)
Italian-Thai ကုမ္ပဏီ Italian-Thai Development (ITD) နဲ့ ချုပ်ဆိုထားတဲ့ အငြင်းပွားဖွယ် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းစာချုပ်တွေကို ရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း မြန်မာအစိုးရက ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြောပါတယ်။ ဇန်နဝါရီ(၁၈)ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ကြေညာသွားတာပါ။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးတဲ့အနေနဲ့ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးကို အရင် စစ်အစိုးရ လက်ထက်ကတည်းက အကောင်အထည်ဖေါ်လာတာ ဖြစ်ပေမဲ့ စီမံကိန်းရဲ့ ကနဦးအဆင့် စီမံကိန်း(၉)ခုကို အကောင်အထည်ဖေါ်ဖို့ Italian-Thai ကုမ္ပဏီက အကြိမ်ကြိမ် ပျက်ကွက်နေတဲ့ အတွက် ယုံကြည်မှုပျောက်ဆုံးလာရပြီး အခုလို ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဒေါက်တာ ထွန်းနိုင်က ပြောပါတယ်။
" သက်ဆိုင်ရာ ကုမ္ပဏီအနေနဲ့ ပျက်ကွက်ခဲ့တဲ့ တာဝန် ၊ ဝတ္တရား အချက်အလက်တွေကို ကျနော်တို့လက်ထဲမှာ ခိုင်ခိုင်မာမာ အထောက်အထားတွေ ရှိပါတယ်။ ယခင်ကလည်း သက်ဆိုင်ရာ ကုမ္ပဏီထံ စာချုပ်ပါ စည်းမျည်း စည်းကမ်းတွေနဲ့ မကိုက်ညီဘူးဆိုတဲ့အကြောင်း အကြိမ်ကြိမ် အကြောင်းကြားထားတဲ့ အထောက်အထားတွေ ရှိပါတယ်။"
Italian-Thai ကုမ္ပဏီ အီတာလျံ-ထိုင်း ကုမ္ပဏီက ပျက်ကွက်မှုတွေထဲမှာ စီမံကိန်း အကောင်အထည်ဖေါ်ဖို့ ကြန့်ကြာနေတာ၊ စာချုပ်ပါ ဘဏ္ဍာရေးတာဝန်တွေကို ဖြည့်ဆည်းဖို့ ပျက်ကွက်တာ၊ ဘဏ္ဍရေးဆိုင်ရာ အထောက်အထား ပြန်လည် မတင်ပြနိုင်တာတွေကြောင့် စာချုပ်တွေကို ရပ်ဆိုင်းခဲ့တာလို့ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက အကြောင်းပြချက်ပေးပါတယ်။ ဒါနဲ့ပတ်သက်လို့ Italian-Thai ကုမ္ပဏီ ဘက်က တစုံတရာ တုန့်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။
ထားဝယ် ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်စီမံကိန်း အကျယ်အဝန်းဟာ စတုန်ရန်း ကီလိုမီတာ (၂၀၀)နီးပါးရှိပြီး ခုတော့ နောက်ထပ်လာမယ့် ရင်းနှီးမြှုပ်နှံသူ အသစ်ကို ရှာဖွေနေတယ်လို့ စီမံခန့်ခွဲမှု ကော်မတီက ပြောပါတယ်။
ဒီစီမံကိန်းကို အကောင်ထည်ဖေါ်ဖို့ ဂျပန်နိုင်ငံက စိတ်ဝင်စားပြီး စီမံကိန်းလုပ်လိုကြောင်း ဂျပန်အစိုးရဘက်က အဆိုပြုထားတာကို မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်မှာ အကြောင်းပြန်ကြား ထားတယ်လို့ သိရပါတယ်။
Your browser doesn’t support HTML5
.............
(Unicode)