ICJ အမှု မြန်မာစစ်ကောင်စီကိုယ်စားလှယ်ဦးကိုကိုလှိုင်နဲ့ VOA မေးမြန်းမှု

  • ဝင်းမင်း

ICJ မှာ ဂမ် ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုကို ဖြေရှင်းနေတဲ့ မြန်မာနိုင်ငံစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင် (ဓာတ်ပုံ-ICJ)

[Zawgyi/Unicode]]

မြန်မာနိုင်ငံအပေါ် ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာဘက်က တရားစွဲခွင့်မရှိဘူးလို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က တနင်္လာနေ့က ထပ်ကန့်ကွက်ခဲ့ပါတယ်။ အရင် ၂၀၁၉ က ICJ ခုံရုံးချေပချက်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က အလားတူ ချေပခဲ့ဖူူးတာကြောင့် ဒီတခေါက်ချေပချက်မှာ ဘယ်လို ထူးခြားမူရှိနေပြီး ဘယ်လိုဆုံးဖြတ်လာနိုင်ပါလဲ။

စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင်ကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။


ဥပဒေကြောင်းအရ ဒီအမှုကို ICJ က စီရင်ပိုင်ခွင့်မရှိဘူး။ ဒါမှမဟုတ် လက်ခံကြားနာမှု မပြုနိုင်ဘူးဆိုတဲ့ အချက်တွေနဲ့ မြန်မာဘက်ကနေ ကနဦး ကန့်ကွက်လွှာတင်သွင်းခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ဘက်က အချက်လေးချက်ကို အခြေခံပြီးတော့မှ ကန့်ကွက်လွှာ လေးရပ်တင်သွင်းထားပါတယ်။ အကျဉ်းချုပ်အားဖြင့်ဆိုရင်တော့ ဂမ်ဘီယာက ဒီအမှုကိုသူ့သဘောနဲ့သူစွဲချက်တင်တာမဟုတ်ဘဲနဲ့ OIC ကိုယ်စား၊ OIC ရဲ့ခိုင်းစေမှု၊ OIC ရဲ့ထောက်ပံ့မှုတွေနဲ့စွဲတင်ခဲ့တာဖြစ်ပါတယ်။ OIC ကိုယ်တိုင်က နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပြီးတော့မှ Genocide Convention စာချုပ်ဝင်နိုင်ငံတခုမဟုတ်တဲ့အတွက် တရားစွဲပိုင်ခွင့်မရှိဘူး။ ဂမ်ဘီယာဟာ မြန်မာနိုင်ငံနဲ့အလှမ်းကွာဝေးပြီး ဘာမှမပတ်သက်တဲ့အပြင် ဒီကိစ္စမှာထိခိုက်နစ်နာသူလည်းမဟုတ်တဲ့အတွက် တရားရုံးကို စွဲဆိုတင်ပို့နိုင်တဲ့အနေအထား Standing လည်းမရှိဘူး။ မြန်မာနိုင်ငံက Genocide Convention မှာပါဝင်ဖို့ လက်မှတ်ထိုးတုန်းက Article 8 (အပိုဒ် ၈) ကို ခြွင်းချက်ပြု ချန်လှပ် ထားခဲ့တဲ့အတွက် အမှုနဲ့မသက်ဆိုင်တဲ့ တတိယနိုင်ငံတခုက မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေထဲကကိစ္စတခုကို အများအကျိုးအလို့ငှာဆိုပြီးတော့မှ တရားစွဲဆို တင်ပို့နိုင်မှုမရှိဘူး။ ဂမ်ဘီယာနဲ့မြန်မာကြားမှာလည်းပဲ အမှုဖြစ်၊ စွဲတင်ရလောက်တဲ့ဥပဒေကြောင်းဆိုင်ရာအငြင်းပွါးမှု Legal Dispute လည်း ဘာမှမရှိခဲ့ဘူးဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ ပြီးခဲ့တဲ့အခေါက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ချေပခဲ့တဲ့လမ်းကြောင်းနဲ့ အခု ဦးကိုကိုလှိုင်တို့အဓိကချေပခဲ့တာက ထူးထူးခြားခြားကွဲလွဲချက်တွေ ရှိနေလား။

ဖြေ။ ။ ဘယ်လိုကွဲလွဲသလဲဆိုတော့ ပြီးခဲ့တဲ့အစိုးရက မြန်မာနိုင်ငံအပေါ်မှာ ကြားဖြတ်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ Provincial Measures တွေ မချမှတ်သင့်ကြောင်း ဦးတိုက်လျှောက်လဲခဲ့တာဖြစ်ပြီးတော့ အဲဒီလျှောက်လဲချက်ကတော့ အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်မှာ နိုင်ငံအစိုးရချင်း ဆက်ခံမှုဆိုင်ရာ နိုင်ငံတကာဥပဒေ Law of the State Succession အရ ဒီအမှုကိုလည်းပဲ ကောင်းမွေ၊ ဆိုးမွေ ဆက်ခံရတဲ့အခါမှာ ဥပဒေကြောင်းအရ ဒီအမှုကို နိုင်ငံတကာတရားရုံးက စီရင်ပိုင်ခွင့်နဲ့ အမှုလက်ခံနိုင်မှုမရှိဘူးဆိုတဲ့ ကနဦးကန့်ကွက်ချက်တင်သွင်းမှုလမ်းကြောင်းကနေပြီးတော့မှ ထပ်ပြီးတော့မှ ခုခံကာကွယ်နေတာဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ နောက် နိုင်ငံတကာဥပဒေပညာရှင်ကြီး William Schabas နုတ်ထွက်သွားတာက အခု ဦးကိုကိုလှိုင်တို့ Defense Team ခုခံချေပတဲ့အဖွဲ့မှာ ဘယ်လို သက်ရောက်မှုရှိလာနိုင်မလဲ၊ နောက်ပြီး နောက်ထပ်ငှါးရမ်းထားတဲ့ ဥပဒေပညာရှင်ရဲ့အကြောင်းလေးပါ နည်းနည်းထည့်ပြောပြပါလား။

ဖြေ။ ။ ဟုတ်ကဲ့။ ပရော်ဖက်ဆာ Schabas နုတ်ထွက်သွားပေမယ့်လည်း ကျန်တဲ့နိုင်ငံတကာရှေ့နေတွေနဲ့ နောက်ထပ်ရှေ့နေတွေ ထပ်မံဖြည့်တင်းပြီးတော့မှ လုပ်ကိုင်နေပါတယ်။ အခုငှားရမ်းထားတဲ့ရှေ့နေတွေကလည်း နိုင်ငံတကာဥပဒေပါရဂူဘွဲ့ရတွေဖြစ်ပြီးတော့မှ အမှုလိုက်တဲ့အတွေ့အကြုံရင့်ကျက်ရုံသာမက နိုင်ငံတကာဥပဒေတွေနဲ့ပတ်သက်ပြီးတော့မှ တက္ကသိုလ်တွေမှာ သင်ကြားပို့ချနေတဲ့ပါမောက္ခတွေ၊ စာအုပ်တွေရေးသားထုတ်ဝေနေတဲ့ ပညာရှင်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ အားကိုးအားထားပြုနိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေဖြစ်ကြပါတယ်။

မေး။ ။ နောက်တခုက မြန်မာပြည်အရေးနဲ့ အခု ရိုဟင်ဂျာ ရခိုင်မွတ်ဆလင်တွေအပေါ် Genocide လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်တွေအတွက် ICJ မှာရင်ဆိုင်နေရတာမှာ ဘယ်လိုရလာဒ်မျိုးကို မျှော်လင့်ပြီး ကြိုးစားနေတာပါလဲ။

ဖြေ။ ။ ကျနော်တို့ဘက်ကတော့ အကောင်းဆုံးကိုမျှော်လင့်ထားတာပါပဲ။ မျှော်လင့်သလို အကောင်းဆုံးဖြစ်မလာရင်လည်းပဲ ဘာပဲဖြစ်ဖြစ်၊ ဖြစ်လာသမျှ စိန်ခေါ်မှုတွေကို နိုင်ငံနဲ့ပြည်သူအကျိုးအတွက် အကောင်းဆုံးရင်ဆိုင်သွားနိုင်ဖို့ပဲ ကြိုးစားသွားမှာဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ ဦးကိုကိုလှိုင်။ အဲ့ဒိတော့ ခုံရုံးဘက်ကရော ဘယ်လိုဆုံးဖြတ်လာနိုင်ခြေရှိတယ်လို့ သုံးသပ်ထားလဲ။

ဖြေ။ ။ တရားရုံးအနေနဲ့ ဒီကနဦးကန့်ကွက်ချက်ကို လက်ခံတယ်ဆိုရင်တော့ အမှုအဖြစ် ဆက်သွားစရာမလိုဘူးပေါ့။ ကျနော်တို့ရဲ့ကန့်ကွက်ချက်ကို လက်မခံဘူးဆိုရင်တော့ တရားရုံးကအမှုကို စီရင်ပိုင်ခွင့်ရှိတယ်ဆိုတဲ့သဘောပဲဖြစ်ပါလိမ့်မယ်။

မေး။ ။ ဟုတ်ကဲ့၊ ဦးကိုကိုလှိုင်၊ နောက်ဆုံး ခုံရုံးဘက်ကနေ ဆုံးဖြတ်လာမယ့်အပေါ်မှာရော လိုက်နာဖို့ အနေအထား ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွါးနဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတဲ့အလျှောက် ဥပဒေကြောင်းအရလည်းပဲ တရားဥပဒေမျက်နှာစာကနေပြီးတော့မှ အစွမ်းကုန် ကာကွယ်တွန်းလှန်သွားမှာဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ နောက် ရိုဟင်ဂျာ ရခိုင်မွတ်ဆလင်တွေအပေါ် ဖိနှိပ်သတ်ဖြတ်ကျူးလွန်မှုတွေ လုံးဝ မရှိခဲ့ပါဘူးလို့ ယတိပြတ်ငြင်းမယ်ဆိုရင် နိုင်ငံတကာကစုဆောင်းတင်ပြထားတဲ့အချက်တွေကို ကျော်လွန်ချေပနိုင်မယ်လို့ ဦးကိုကိုလှိုင်တို့ ယူဆထားပါလား။

ဖြေ။ ။ အဲဒါတွေကိုပြောရမယ်ဆိုရင်တော့ တော်တော်လေးလည်းများပါတယ်။ ဒါပေမယ့်လည်း အပြောမတတ်လို့ရှိရင်လည်း Contempt of Court (တရားရုံးမထီမဲ့မြင်မှု) နဲ့သွားပြီးတော့ ငြိနိုင်တာမို့လို့ ဒီအချက်ကိုတော့ မဖြေပါရစေနဲ့လို့ပဲ ပြောချင်ပါတယ်။

ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် ဦးကိုကိုလှိုင်ခင်ဗျာ။

Your browser doesn’t support HTML5

ICJ အမှု မြန်မာစစ်ကောင်စီကိုယ်စားလှယ်ဦးကိုကိုလှိုင်နဲ့ VOAမေးမြန်းမှု

============

[[Unicode]]
















===================