မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အခြာ ရန်ကုန်မြို့မှာ တနေ့ကို လျှပ်စစ်မီး လေးနာရီလောက်သာ ပေးနိုင် တော့တယ်လို့ စစ်ကောင်စီလျှပ်စစ်ဝန်ကြီးဌာနက ဒီနှစ်ဆန်းမှာပဲ ထုတ်ပြန်ထားပါတယ်။ တနေ့ လေးနာရီ အလှည့်ကျ လျှပ်စစ်မီးပေးမယ့်အစီအစဉ်ကြောင့် မြို့ခံတွေသာမက စီးပွားရေးမှာလည်း ရိုက်ခတ်လာမှာကို စိုးရိမ်နေကြတာပါ။ လျှပ်စစ်မီးပြဿနာ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနထုတ်ပြန်ချက်အရ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ လျှပ်စစ်ဓါတ်အား အမြင့်ဆုံး ထုတ်လုပ် နိုင်မှုဟာ တရက်မှာ မဂ္ဂါဝပ် ၂,၀၀၀ အထက်မှာရှိခဲ့ရာကနေ ၂၀၂၅ နှစ်စပိုင်းမှာတော့ လျှပ်စစ်ဓာတ်အား အမြင့်ဆုံးထုတ်လုပ်နိုင်မှုမှာ တရက်မှာ မဂ္ဂါဝပ် ၂,၀၀၀ အောက်သို့ ရောက်ရှိလာခဲ့တယ်လို့ ထုတ်ပြန် ပါတယ်။ ဒီလို ကျဆင်းလာတဲ့အတွက် အရင်က ရန်ကုန်တိုင်းထဲက ခရိုင်လေးခုကို အုပ်စုနှစ်စုခွဲပြီး တရက်ကိုရှစ်နာရီနှုန်းနဲ့ အလှည့်ကျဓါတ်အားဖြတ်တောက်တဲ့ ဓါတ်အားပေးစနစ်နဲ့ပေးနေခဲ့ရာကနေ ဒီလ ၅ ရက်နေ့ကစလို့ အုပ်စုသုံးခုခွဲပြီး တနေ့ ၄ နာရီသာလျှပ်စစ်မီးပေးနိုင်ပြီး မီးဖြတ်ခံရချိန်က ၁၂ နာရီ ဖြစ်လာပါတယ်။
အခုလိုလျှပ်စစ်မီးပြတ်တောက်မှု အရင်ကထက်ပိုများလာတာမို့ ရန်ကုန်မြို့တွင်းနေသူတွေ အတော်လေး အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေကပြောပါတယ်။ လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုများလာတာအပြင် ပေးချင်တဲ့အချိန်မှ မီးပေးနေတာတွေကြောင့် အခြေခံလူတန်းစားတွေမှာ ပိုကျပ်တည်းလာတယ်လို့ ရွှေပြည်သာ မြို့မှာနေသူတဦးက ခုလို ဗွီအိုအေကိုရင်ဖွင့်ပါတယ်။
"ခုကပိုဆိုးလာတာပေါ့။ ဘယ်လိုပြောမလဲ။ ရေအတွက်လည်း ပူပန်ရတယ်။ ချက်ဖို့ပြုတ်ဖို့ မမှီတော့ ဘူး။ ဒီမှာကစက်ရုံတွေက များတယ်။ အလုပ်မမှီတော့ ထမင်းချိုင့်ယူမသွားရတော့ဘူး။ ပိုက်ဆံပိုကုန် တယ်။ ပိုက်ဆံပိုကုန်ပြီး ဒုက္ခပိုရောက်။ လာချိန်လည်း မမှန်ဘူး။ လာချိန်အတိအကျမရှိဘူး။ ကျနော်တို့ ရပ်ကွက်တွေက။ အချိန်သိရရင် တော်သေးတယ်။ အချိန်လည်းမသိရ၊ ခုလာပြီး ထမင်းအိုးတည် ဆန်ဆေးရုံပဲ ရှိတယ်၊ ပြတ်သွားတယ်။ ဒုက္ခရောက်တာပေါ့။ ဘယ်လိုလုပ်မလဲ မီတာခလည်းလျော့တာ လည်းမဟုတ်ဘူး။"
အခုလို လျှပ်စစ်မီးပြတ်တောက်ချိန် များလာကြောင့် ရန်ကုန်မြို့လယ်က တိုက်ခန်းတွေမှာ နေထိုင် သူတွေ အနေနဲ့ ရေစက်မောင်းတာ၊ ထမင်းဟင်းချက်ပြုတ်တာတွေမှာ မီးလာချိန် ခဏလေးအတွင်း ခက်ခက်ခဲခဲ လုပ်ဆောင်နေကြရတာပါ။ လျှပ်စစ်မီး ပြတ်တောက်ချိန် များနေပေမယ့် စစ်ကောင်စီဟာ လျှပ်စစ်မီတာခတွေကို တိုးမြှင့်ကောက်ခံမှုတွေကို ၂၀၂၄ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ကောက်တာမို့ သာမန်လက်လုပ်လက်စား ပြည်သူတွေအတွက် အတော်လေး ကျပ်တည်းမှုတွေ ရှိနေတာပါ။
စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုးဝါးဆုံးကျဆင်း လာတဲ့ အကြောင်းရင်းတွေ ထဲမှာ လျှပ်စစ်ရရှိမှု နည်းတာကြောင့်လည်းပါတယ်လို့ စစ်တမ်းတွေကဖော်ပြထားပါတယ်။ လက်ရှိမှာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) စာရင်းတွေအရ ဘဏ္ဍာနှစ် ၂၀၂၄-၂၅ ဧပြီ ကနေ အောက်တိုဘာ အထိ ၇ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၂၂၆ သန်း ကျော်သာရှိတဲ့အထိ အဆိုးဝါးဆုံးနဲ့ အနည်းဆုံးဖြစ်ခဲ့ ပါတယ်။ ဒီပမာဏဟာ စစ်အာဏာသိမ်းပြီးနောက် ၄ နှစ်နီးပါးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းဆုံးအခြေအနေဖြစ်ပါတယ်။
ဒီလိုကျဆင်းလာတဲ့ အကြောင်းတရားတွေထဲကတခုကတော့ လျှပ်စစ်မီးရရှိမှုနည်းတာကြောင့်လို့ ထောက်ပြမှုတွေရှိနေသလို ခုလိုလျှပ်စစ်မီးရရှိမှုဆိုးဝါးလာတာမို့ လာမယ့် ဘဏ္ဍာနှစ်တွေမှာလည်း ရင်းနှီးမြှုပ်နှံမှု ပိုနည်းပါးလာနိုင်ဖွယ်ရှိသလို စီးပွားရေးပေါ်မှာ ပိုရိုက်ခတ်လာနိုင်တယ်လို့ လုပ်ငန်းရှင်တဦးလည်းဖြစ်၊ စီးပွားရေးလေ့လာသူတဦးက သုံးသပ်လိုက်ပါတယ်။
"လျှပ်စစ်မီးအခြေအနေက ဒီတိုင်းဆို ရှေ့လျှောက် ဒီထက်ဆိုးဖို့ပဲ ရှိမယ်။ ဘယ်လောက်ဆိုးမလဲဆိုတာ ခန့်မှန်းရခက်တဲ့အခြေအနေဖြစ်နေတယ်။ တကယ်က တိုင်းပြည်စီးပွားရေး၊ ကုန်ထုတ်လုပ်ရေး အရာရာလည်ပတ်ဖို့အတွက် စရိတ်အသက်သာဆုံးကလျှပ်စစ်မီးပေါ့။ လျှပ်စစ်ကအဓိကကျတဲ့ ကုန်ထုတ်လုပ်မှု အရင်းအမြစ်ဖြစ်တယ်။ တောက်လျှောက် ထိခိုက်တယ်။ အရင်ကလည်းဖြစ်တယ်။ အခုလည်းထပ်ဖြစ်တယ်။ အဆိုးဆုံးအခြေအနေကို ဦးတည်နေတယ်ပြောရမှာ။ ၂ထပ်ကွမ်း ၃ထပ်ကွမ်း တိုင်းပြည်စီးပွား၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အရာရာ နိမ့်သထက်နိမ့်လာမယ်။ နစ်နာလာမယ်လို့ပြောရမှာပါ။"
လက်ရှိအခြေအနေအရ စက်မှုဇုန်တွေမှာလည်း တရက်ခြား မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီ အထိသာ မီးရမှာဖြစ်ပြီး တနင်္ဂနွေနေ့တိုင်းကို မီးဖြတ်မယ်လို့ အသိပေးထားကြောင်း အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တဦးကဆိုပါတယ်။
လက်ရှိနိုင်ငံလိုအပ်ချက်အရ တရက်အတွက် လျှပ်စစ်ဓာတ်အား ပျှမ်းမျှလိုအပ်ချက်မှာ ၄,၄၀၀ မဂ္ဂါဝပ်ထိ ရှိနေတာဖြစ်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ လိုအပ်ပမာဏပါ မဂ္ဂါဝပ် ၂,၀၀၀ ခန့်သာ ထုတ်လုပ်နိုင်တာမို့ အခုလိုအခြေအနေ ဖြစ်လာတာဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေကော်ပိုရေးရှင်း (YESC) က သတင်းထုတ်ပြန်ထားပါတယ်။