တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ မြိတ်-ပုလော-ထားဝယ်ကားလမ်း ပြန်ဖွင့်ပြီ

မြိတ်ခရိုင်တပ်ရင်း(၁) - ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ

တနင်္သာရီ တိုင်းဒေသကြီး၊ ပုလောမြို့နယ်ထဲ စစ်ကောင်စီတပ်တွေနဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေချိန် ဖြတ်သန်းသွားလာခွင့်မရဘဲ ကားတွေ လမ်းမှာပိတ်မိနေတဲ့ မြိတ်-ပုလော-ထားဝယ်ကားလမ်းကို အောက်တိုဘာလ ၂၃ ရက်နေ့မှာ ပြန်ဖွင့်ပေးလိုက်ပါပြီ။ တိုက်ပွဲတွေ စဖြစ်ချိန်ကစလို့ ပုလော-မြိတ် ထားဝယ် ပြည်ထောင်စုလမ်းကို မသွားလာကြဖို့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးခဲ့တာပါ။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ဘက်တိုက်ပွဲပြင်းထန်နေတဲ့အတွက် ပုလောမြို့နယ်နဲ့ မြိတ်ကိုသွားတဲ့ ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီဘက်ကရော ဒေသခံကာကွယ်ရေးတပ်တွေဘက်ကပါ ပိတ်ထားလိုက်တာပါ။ သီတင်းတပတ်ကျော်လောက် ပိတ်ထားရတဲ့ ကားလမ်းကိုအောက်တိုဘာလ ၂၃ ရက်နေ့ကစပြီး ပြန်ဖွင့်ပေးလိုက်တယ်လို့ ဒေသခံတဦးက ဗွီအိုအေကိုပြောပါတယ်။

"မနေ့ကတည်းက လမ်းဖွင့်ပေးလိုက်တယ်။ မြိတ်မှာကျတော့ စစ်တပ်က ပိတ်တယ်။ တခြားပုလော ဘက်မှာကတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပိတ်ထားတယ်။ နှစ်ဖက်လုံးကပိတ်ထားတာ။ အခုဟာကတော့ ကားလမ်းက နှစ်ဖက်လုံးက ပြန်ဖွင့်ပေးလိုက်ပြီ။ မနေ့ကဆိုရင် မနက်အစောကြီးမှာ ထားဝယ်ဘက်ကနေလာတဲ့ကားတွေကို စစ်ကောင်စီက ကား ၃ စီးဖွင့်ပေးလိုက်တယ်။ တော်လှန်ရေး ဘက်ကလည်းဖွင့်ပေးလိုက်တယ်။ နောက်တော့ ခန ပြန်ပိတ်လိုက်တယ်။ ညနေပိုင်းမှာတော့ နှစ်ဖက်လုံး က ပြန်ဖွင့်ပေးလိုက်တယ်။"

နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေချိန်မှာ ပုလောမြို့နယ် ကြဲရွာကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ ပါတယ်။ ဒီအတွက် ဒေသခံတထောင်ကျော် ဘေးလွတ်ရာကိုထွက်ပြေးခဲ့ရပါတယ်။ ကားလမ်းတွေ ပိတ်ထားချိန် လှေစီးပြီးထွက်ပြေးကြရရင်း လှေမှောက်သေဆုံးသူ ၂၀ ထက်မနည်းရှိပြီး ဒီထဲမှာ ပုလောဘက်က စစ်ဘေးရှောင်တွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။

"ကားလမ်းပိတ်တဲ့အချိန်မှာပဲ ကျောက်ကာရွာနဲ့မြိတ်ဘက်ကိုလှေနဲ့သွားတာပါ၊ စက်လှေနဲ့မြိတ်ဘက်ကိုသွားတုန်းမှာတိမ်းမှောက်သွားတာပေါ့၊ လှေမှာပါတဲ့ ခရီးသည်တွေထဲမှာ မြိတ်ဘက်က ကျောင်းပြန်ဖွင့် တော့ ကျောင်းပြန်တက်ကြမယ့်ကလေးတွေလည်းပါတယ်။ တချို့မွေးကင်းစအရွယ် ကလေးတွေ လည်း ပါတာပေါ့နော်။ ပြီးတော့ စစ်ဘေးရှောင်တွေလည်းပါတယ်။ တချို့ပုလောဘက်မှာ တိုက်ပွဲတွေ ဖြစ်တော့ မြိတ်ဘက်ကိုတိမ်းရှောင်မယ်ဆိုပြီး ထွက်လာကြတဲ့ကလေးတွေလည်းပါတာပေါ့။"

ပုလောမြို့နယ်၊ ကြဲကျေးရွာဘက်မှာ အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး တိုက်ပွဲတွေစတင်ဖြစ်ခဲ့ပြီး ပုလော-မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းကို မသွားလာကြဖို့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သတိပေးထားပါတယ်။ ကြဲကျေးရွာကို အောက်တိုဘာလ ၁၆ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီးနောက် ကားလမ်းတွေလည်းပိတ်ထားခဲ့တာပါ။

အဲဒီကားလမ်းမအနီးမှာပဲ မိုင်းနင်းမိတဲ့အတွက် ကားသမားတဦးလည်း ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ပါတယ်။ အဲဒီဒေသမှာ စစ်ကောင်စီဘက်က ခြေလျင်တပ်ရင်း(ခလရ-၁၀၂) က လှုပ်ရှားနေတဲ့ နယ်မြေ ဖြစ်ပြီး စစ်အင်အားရာဂဏန်းနဲ့ ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

စက်တင်ဘာလတုန်းက ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုအများဆုံးဖြစ်ခဲ့ပြီး တနင်္သာရီတိုင်းမှာပဲ တိုက်ပွဲ ၆၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သလို မိုင်းဆွဲတိုက်ခိုက်မှု ၉ ကြိမ်ထက်မနည်းရှိခဲ့ကြောင်းနဲ့ စုစုပေါင်းထိတွေ့မှု အနည်းဆုံး ၇၇ ကြိမ်ထိရှိခဲ့တယ်လို့ ဒေသအတွင်း သတင်းအချက်အလက် ကောက်ယူခဲ့တဲ့ FE5 တနင်္သာရီရဲ့ တိုက်ပွဲကြားက မြေစာပင်ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

Your browser doesn’t support HTML5

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ မြိတ်-ပုလော-ထားဝယ်ကားလမ်း ပြန်ဖွင့်ပြီ