NATO အဖွဲ့ဝင်တွေ ကာကွယ်ရေးစရိတ်တိုးမြင့်မည်

မြောက်အတ္တလန်တိတ်စာချုပ်အဖဲ့ွ (NATO) အဖွဲ့ဝင်နိုင်ငံတွေထံက ကာကွယ်ရေးအတွက် တိုးမြှင့်သုံးစွဲမယ့် ကတိပြုစကား ရရှိခဲ့တဲ့အတွက် အောင်မြင်မှုရခဲ့ကြောင်း အမေရိကန်သမ္မတ Donald Trump က ပြောလိုက်ပါတယ်။

မဟာမိတ်အဖွဲ့ရဲ့ ဝန်ထုပ်ဝန်ပိုး အများစုကို အမေရိကန်က ထမ်းပိုးနေရကြောင်း အမေရိကန်သမ္မတက ဆက်တိုက်ဆိုသလို ဝေဖန်ခဲ့ပြီးနောက်မှာပဲ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က ၂ ရက်ကြာ နှစ်ပတ်လည် ထိပ်သီးဆွေးနွေးပွဲ ဒီကနေ့ အဆုံးသတ်ချိန်မှာ သမ္မတ Trump က ပြောဆိုလိုက်တာပါ။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကတိစကားကြောင့် NATO အဖွဲ့ကြီး ပိုမိုခိုင်မာ အားကောင်းလာပြီဖြစ်ကြောင်းလည်း ဗြိတိန်ဝန်ကြီးချုပ် Theresa May အပြင် အဲလိဇဘတ် ဘုရင်မကြီးတို့နဲ့ပါ တွေ့ဆုံဖို့ ဒီကနေ့ လန်ဒန်မြို့တော်ကို မထွက်ခွာခင်မှာပဲ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဘယ်နိုင်ငံတွေက ဘယ်အတိုင်းအတာအထိ ထည့်ဝင်မယ်ဆိုတာကို အတိအကျ မပြောခဲ့ပေမဲ့၊ ပြီးခဲ့တဲ့နှစ်ထဲ အဖွဲ့ဝင်နိုင်ငံတွေက ကာကွယ်ရေးအတွက် တိုးမြှင့်သုံးစွဲရာမှာ ၃၃ ဘီလီယံအထိ ရှိခဲ့ကြောင်းနဲ့ အရင်က တွေးတောင်မတွေးမိတဲ့ ပမာဏထက် တိုးမြှင့်ဖို့ သဘောတူခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။ NATO အတွင်းရေးမှူးချုပ် Jens Stoltenberg ကတော့ စစ်ဘက်ဆိုင်ရာ အသုံးစရိတ် တိုးမြှင့်ဖို့ အရေးတကြီး လိုအပ်နေချိန်မှာ သမ္မတ Trump က တွန်းားပေးနိုင်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macron ကတော့ NATO အဖွဲ့ဝင် ၂၉ နိုင်ငံထဲမှာ ဘယ်နိုင်ငံကမှ ၂၀၂၄ ခုနှစ်မှာ နောက်ဆုံးထားပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပျမ်းမျှ ပြည်တွင်း ကုန်ထုတ်လုပ်မှု ပမာဏ (GDP) ရဲ့ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားဖို့ မူလက ရည်မှန်းချက်ကို ကျော်လွန်ပြီး ကတိပေးပြောဆိုတာမျိုး မရှိခဲ့ကြောင်း ပြောဆိုခဲ့တာပါ။

သမ္မတ Trump ကတော့ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ ကတိပြုချက်ရခဲ့ကြောင်း ပြောခဲ့သလို မနေ့တုန်းကလည်း NATO အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ကာကွယ်ရေးအတွက် အသုံးစရိတ်ကို ၂၀၂၄ ခုနှစ်မှာ တိုင်းပြည် GDP ရဲ့ ၄ ရာခိုင်နှုန်းစီအထိ တိုးမြှင့်သုံးစွဲဖို့လည်း တိုက်တွန်းခဲ့တာပါ။ လတ်တလောမှာတော့ ကာကွယ်ရေးအသုံးစရိတ်အတွက် GDP ရဲ့ ၂ ရာခိုင်နှုန်းသုံးစွဲတဲ့ NATO အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံသာ ရှိပါတယ်။

Your browser doesn’t support HTML5

NATO အဖွဲ့ဝင်တွေ ကာကွယ်ရေးစရိတ်တိုးမြင့်မည်