နိုင်ငံတကာအရေး အမေရိကန်သမ္မတသစ်နဲ့အတူရင်ဆိုင်ဖို့ နေတိုးအကြီးအကဲလိုလား

NATO အတွင်းရေးမှူးချုပ် Mark Rutte က ဥရောပနိုင်ငံရေးအသိုက်အဝန်းထိပ်သီးစည်းဝေးပွဲတက်ဖို့ ဘူဒါပတ်စက်မြို့ကိုရောက်ချိန် သတင်းထောက်တွေရဲ့မေးခွန်းကို ဖြေကြားစဥ်။ (နိုဝင်ဘာ ၇၊ ၂၀၂၄)

ကမ္ဘာကြီးမှာဖြစ်ပေါ်နေတဲ့ ခြိမ်းခြောက်ရန်တွေကို အမေရိကန်သမ္မတသစ်နဲ့ ပူးပေါင်းဖြေရှင်းသွားဖို့ လိုလားတယ်လို့ NATO စစ်ရေးမဟာမိတ်အဖွဲ့ အကြီးအကဲက ပြောကြားလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကနေ မြောက်ကိုရီးယား၊ တရုတ်နဲ့အီရန်တို့ အတူပူးပေါင်းပါဝင်နေတဲ့ စိုးရိမ်စရာဖြစ်ပေါ် တိုးတက်မှုတွေအပေါ် ရွေးကောက်ခံသမ္မတ Donald Trump နဲ့အတူတွဲ တုံ့ပြန်သွားရမှာဖြစ်တယ်လို့ NATO အတွင်းရေးမှူးချုပ် Mark Rutte က ဒီနေ့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ယူကရိန်းကိုတိုက်နိုင်ဖို့ မြောက်ကိုရီယား၊ အီရန်နဲ့တရုတ်တို့က ရုရှားနဲ့အတူလက်တွဲနေကြတာ ပိုပိုပြီး မြင်နေရတဲ့ စိုးရိမ်စရာ ဖြစ်ပေါ်တိုးတက်မှုတွေကို ဒီနေ့ ဆွေးနွေးကြမှာဖြစ်သလို ဒီအန္တရာယ်ကို အားလုံးပူးပေါင်းပြီး ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ သမ္မတ Trump နဲ့ ဆွေးနွေးနိုင်ဖို့ လိုလား မျှော်လင့်ထားတယ်လို့ NATO အတွင်းရေးမှူးချုပ်က ပြောကြားခဲ့တာဖြစ်ပါတယ်။ ကမ္ဘာကြီးရင်ဆိုင်နေရတဲ့အန္တရာယ်တွေကို အားလုံးပူးပေါင်း တုံ့ပြန်ဖို့နဲ့ ကမ္ဘာကြီးလုံခြုံနေစေဖို့ ဖြစ်တယ်လို့ Hungary နိုင်ငံ Budapest မြို့တော်မှာ ကျင်းပတဲ့ ဥရောပ နိုင်ငံရေး အသိုက်အဝိုင်း ထိပ်သီးစည်းဝေးပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကိုတိုက်နေတဲ့ စစ်ပွဲမှာ ရုရှားဘက်ကနေ မြောက်ကိုရီးယားစစ်သားတွေ ပါဝင်တိုက်ခိုက်ပေးနေပြီး ရုရှား၊ မြောက်ကိုရီးယား၊ တရုတ်နဲ့ အီရန်တို့ ပူးပေါင်းနေကြသလို မြောက်ကိုရီးယားကို နည်းပညာတွေ ပေးနေကြတဲ့အတွက် အနာဂတ်မှာ အမေရိကန်နဲ့ ဥရောပတိုက်သာမက အင်ဒိုပိစိဖိတ်ဒေသက မိတ်ဖက်တွေဖြစ်ကြတဲ့ ဂျပန်နဲ့ တောင်ကိုရီးယားအတွက်လည်း ခြိမ်ခြောက်ရန်တွေဖြစ်လာတယ်လို့ NATO အကြီးအကဲက ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတဟောင်း Trump ပြန်လည်အနိုင်ရခဲ့တဲ့အတွက် NATO အဖွဲ့နဲ့ ယူကရိန်းအပေါ် အမေရိကန်ရဲ့ ထောက်ပံ့မှုအကူအညီတွေ အပြောင်းအလဲဖြစ်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေကြားမှာ EU ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေကြတာဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ယူကရိန်းကို ဆက်လက် ကူညီဖို့နဲ့ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲတွေ မဖြစ်အောင် ရှောင်ရှားဖို့ ဥရောပခေါင်းဆောင်တွေက တိုက်တွန်းနေကြပါတယ်။

Your browser doesn’t support HTML5

 နိုင်ငံတကာအရေး အမေရိကန်သမ္မတသစ်နဲ့အတူရင်ဆိုင်ဖို့ နေတိုးအကြီးအကဲလိုလား