နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တော်မှာ အစ္စရေးဘော်လုံးကလပ်အသင်းကို လာရောက် အားပေးသူတွေ တိုက်ခိုက်ခံရတဲ့အပေါ် နယ်သာလန်နဲ့ အစ္စရေးခေါင်းဆောင်တွေ ဝေဖန်ပြစ်တင်လိုက်ကြပါတယ်။
Europa League ဘောလုံးပွဲစဉ်အတွက် အိမ်ရှင်နယ်သာလန်ကလပ်သင်း Ajax နဲ့ အစ္စရေးကလပ် အသင်း Maccabi Tel Aviv တို့ ကြာသပတေးနေ့က ကစားခဲ့တာမှာ ပွဲမစခင်မှာရော ပွဲပြီးချိန်မှာပါ အစ္စရေးအသင်းကို အားပေးသူတွေနဲ့ ပါလက်စတိုင်းလိုလားသူတွေ အဓိကရုဏ်းဖြစ်ခဲ့ကြတာပါ။ ၅ ဦးထက်မနည်း ဒဏ်ရာရပြီး ၆၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ နယ်သာလန် ရဲတပ်ဖွဲ့က ဒီနေ့ သောကြာနေ့မှာ ပြောပါတယ်။
အကြမ်းဖက်မှုတွေ ဖြစ်မှာစိုးရိမ်လို့ ဘောလုံးကွင်းနားမှာ ပါလက်စတိုင်းထောက်ခံတဲ့ ဆန္ဒပြပွဲတွေ မလုပ်ရလို့ အမ်စတာဒမ်မြို့တော်ဝန်က တားမြစ်ထားတဲ့ကြားက အဓိကရုဏ်းဖြစ်ခဲ့တာပါ။ ဘယ်ကစပြီး တိုက်ခိုက်မှုဖြစ်သလဲဆိုတာ အတိအကျ မသိရသေးပေမဲ့ ဂျူးမုန်းတီးမှုအခြေခံတဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ အမ်စတာဒမ်မြို့ တာဝန်ရှိသူတွေက ဖော်ပြပြောဆိုခဲ့ပါတယ်။
အခုလို အစ္စရေးတွေကိုတိုက်ခိုက်တာဟာ လက်ခံနိုင်စရာမရှိကြောင်းနဲ့ ပါဝင်ပတ်သက်သူတွေကို ဥဒေအရရေးယူသွားမယ်လို့ နယ်သာလန်ဝန်ကြီးချုပ် Dick Schoof က X လူမှုကွန်ယက်ကနေ ပြောကြားခဲ့ပါတယ်။ နိုင်ငံသားတွေကို ကယ်ဆယ်နိုင်ရေး နယ်သာလန်ကို လေယာဉ် ၂ စင်း စေလွှတ်ဖို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ်ရုံးကလည်း ထုတ်ပြန်ခဲ့ပါတယ်။
ဘောလုံးပွဲမှာ နယ်သာလန် Ajax အသင်းက အစ္စရေး Maccabi Tel Aviv အသင်းကို ၅ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
Your browser doesn’t support HTML5