လက်နက်ဆိုင်ရာဥပဒေ ပိုတင်းကြပ်ဖို့ နယူးဇီလန် အစိုးရအဖွဲ့ သဘောတူ

နယူးဇီလန်နိုင်ငံ Christchurch မြို့မှာ ပြီးခဲ့တဲ့သောကြာနေ့တုန်းက ဗလီ၂ ခုကို တိုက်ခိုက်မှု ဖြစ်ပွါခဲ့ပြီးတဲ့နောက်ပိုင်း နိုင်ငံရဲ့ သေနတ်ဆိုင်ရာ ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ နယူးဇီလန် အစိုးရက ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် Jacinda Ardernက မနေ့ကပဲပြောပါတယ်။

ဒီသေနတ် ဥပေ ဒပြင်ဆင်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို လာမယ့် တနင်္လာနေ့မတိုင်ခင် သတင်းမီဒီယာတွေနဲ့ လူထုကို အသိပေးသွားမယ်လို့လည်း ဆိုပါတယ်။ အခုလို အကြမ်းဖက် တိုက်ခိုက်မှု နယူးဇီလန်မှာ ဖြစ်ပွါးခဲ့တာနဲ့ ပတ်သက်လို့ လူထုအသိုင်းအဝိုင်း အကြား ပိုပြီးလုံခြုံမှုရှိလာအောင် လုပ်ဆောင်တဲ့ သဘောနဲ့ တိုက်ခိုက်မှုဖြစ်ပွါး အပြီး ဆယ်ရက်အတွင်း သေနတ်နဲ့ ဆိုင်တဲ့ ဥပဒေပြောင်းလဲမှုကို ကြေညာမှာ ဖြစ်တယ်လို့လည်း နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern ကပြောပါတယ်။ ဒီလို ဥပဒေပြုပြင်ပြောင်းလဲရေး အတွက် အစိုးရတရပ်လုံးက တညီတညွတ်ထဲရှိပြီး အစိုးရရဲ့ ဆုံးဖြတ်ချက်တခု အဖြစ် ချမှတ်ခဲ့တာလို့လည်း ဆိုပါတယ်။

သေဆုံးခဲ့ရသူ ငါးဆယ်လုံးရဲ့ ရုပ်အလောင်းတွေ အားလုံးကို မူဆလင်ထုံးစံအရ စီစဉ်နိုင်အောင် မိသားစုတွေဆီကို ဗုဒ္ဓဟူးနေ့ကျရင် ပြန်အပ်မယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ သေဆုံးသူတွေက ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကို အတည်ပြုနိုင်ရေး လုပ်ငန်းစဉ်မှာ သြစတေးလျှက ကျွမ်းကျင်သူ ၆ ဦးလည်း ပါဝင်ကူညီနေကြတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေကို သူတို့ရဲ့ မိသားစုတွေဆီကို အသေအချာနဲ့ အတိအကျ ပြန်ပို့နိုင်အောင် အမြန်ဆုံး လုပ်ဆောင်နေကြတယ် လို့လည်း သေမှုသေခင်း စုံစမ်းစစ်ဆေးရေးမှုးချုပ်က ပြောပါတယ်။

Your browser doesn’t support HTML5

လက်နက်ဆိုင်ရာဥပဒေ ပိုတင်းကြပ်ဖို့ နယူးဇီလန် အစိုးရအဖွဲ့ သဘောတူ