7 Day အမှု တရားဝင်ကျေအေးစာ မရရှိသေး

7Day Daily news မှာ ဖော်ပြထားသော သူရဦးရွှေမန်း၏ လူမှုကွန်ယက်စာမျက်နှာ သတင်း (credit to 7Day Daily)

တပ်မတော်ဘက်ကနေ7day သတင်းစာ ကို ရာဇသတ်ကြီး ဥပဒေနဲ့ တရားစွဲဆိုထားပေမယ့်လို့ လက်ရှိအချိန်မှာ 7day ဘက်က ပြေလည်အောင် နှစ်ဘက် ညှိနှိုင်းနေဆဲဖြစ်သလို စာနယ်ဇင်းကောင်စီဘက်ကလည်း အဆင်ပြေအောင် ကြားဝင်ဖြေရှင်းပေးနေပါတယ်။ ဒါ့အပြင် အခုလို သတင်းထောက်တွေကို တရားစွဲဆို အပြစ်ပေးတာတွေနဲ့ ပတ်သတ်လို့ သတင်းမီဒီယာကောင်စီအနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက် ပေးနိုင်ခြင်း မရှိတာဟာ ဥပေဒေရဲ့ အားနည်းချက်ကြောင့်လည်း ပါတယ်လို့ သတင်းမီဒီယာကောင်စီ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

သူရ ဦးရွေမန်းရဲ့ ဖေ့ဘုတ် စာမျက်နှာပေါ်မှာ စစ်တက္ကသိုလ်ကျောင်းဆင်း တွေနဲ့ ပတ်သက်လို့ ရေးသားထားတဲ့ ထုတ်ပြန်ချက်တစ်ခုကို 7 Day သတင်းစာမှာ သတင်း ရေးသားဖော်ပြမှုကြောင့် စစ်တပ်တွင်း ပုန်ကန်မှုဖြစ်အောင် သွေးတိုး လှုံဆော်တယ်ဆိုပြီး အယ်ဒီတာချုပ်နဲ့ သတင်းထောက် တို့ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ (၁၃၁ )နဲ့ ကမာရွက်မြို့နယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နှစ်ဘက် ညိုနှိုင်းမှု အဆင်ပြေပြီး အမှုကျေအေးတယ်ဆိုတဲ့ တရားဝင်အကြောင်းကြားစာတော့ မရသေးဘူးလို့ ဗွီအိုအေ မြန်မာပိုင်း ကို ပြောပါတယ်။ ဒါ့အပြင် သတင်းမီဒီယာ ကောင်စီ အနေနဲ့လည်း နှစ်ဦးနှစ်ဖက် တွေ့ဆုံညိုနှိုင်းမှု အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးတယ်လို့ အတွင်းရေးမှူး ဦးသီဟစောက ပြောပါတယ်။

“သတင်းမီဒီယာ ကောင်စီအနေနဲ့ တပ်မတော်က တာဝန်ရှိတဲ့အပိုင်းနဲ့ 7 Day ကတာဝန်ရှိတဲ့ လူတွေနဲ့ ဆွေးနွေးဖြစ်အောင်လို့ ချိတ်ဆက်ပေးတယ်၊ ဆွေးနွေးပေးတယ် ။ ကျနော်တို့ကတော့ သတင်းမီဒီယာ ဥပဒေကိုက အားနည်းချက်တွေရှိတယ်။ သတင်းမီဒီယာ ဥပဒေကိုပဲ အသုံးပြုပြီးတော့ ညှိနှိုင်းဖြေရှင်းဖို့ အရင်လုပ်တာမျိုးကို လိုလားပါတယ်ဆိုပြီးတော့ သဘောထားထုတ်ပြန်ပါတယ်။ သူတို့ လုပ်စရာရှိတာတွေဆက်လုပ်သွားမယ်။ မပြီးသေးဘူး မပြီးသေးဘူးဆိုတာလေ ကျေအေးလိုက်ပြီ၊ ရုပ်သိမ်းလိုက်ပြီဆိုတဲ့ အဆင့်တွေ မရောက်သေးဘူးလို့ထင်တယ်။ ၂ ဘက်စလုံးက confirm မလုပ်သေးဘူး ။ ကျနော်တို့က ဆက်သွယ်ညှိနှိုင်းပေးတယ်။ သူတို့ကာယကံရှင်ပေါ့နော် တပ်မတော်က တာဝန်ရှိတဲ့လူနဲ့ 7 Day ကတာဝန်ရှိတဲ့လူတွေနဲ့ ပြောဆိုညှိနှိုင်းဖြစ်တယ် အဲဒါအထိပဲသိတယ်။ ၂ ဘက်စလုံးကနေပြီးတော့ ပြီးပါပြီ confirm ဖြစ်တယ်ဆိုတာ မပြောသေးဘူး။”

ဒီကနေ့ ဇွန်လ ၂၈ ရက်နေ့ထုတ် 7 day နေ့စဉ်သတင်းစာမှာတော့ ပြီးခဲတဲ့ ဧပြီလ ၂၄ ရက်နေ့က ဖော်ပြခဲ့တဲ့ စစ်တက္ကသိုလ် ဆင်း ညီနောင်များအား လက်ရှိအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရန် သူရဦးရွေမန်း တိုက်တွန်းဆိုတဲ့ ခေါင်းစဉ် နဲ့ ရေးသားဖော်ပြ ခဲ့တဲ့ သတင်းဟာ ဘာရည်ရွယ်ချက်မှ မပါပဲ ရိုးရိုးသားသား ဖော်ပြ ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုထား ပါတယ်။ နိုင်ငံတော်နဲ့ တပ်မတော်အပေါ် သစ္စာစောင့်သိမှု မထားရှိစေဖို့နဲ့ တာဝန်ဝတ္တရားတွေကို မဆောင်ရွက်နိုင်စေဖို့ သွေးထိုး လှုံဆောင်ဖို့အတွက် ရည်ရွယ်ရေးသားခဲ့ခြင်း လုံးဝမဟုတ်ဘူးလို့လည်း ပြောပါတယ်။ နားလည်မှု လွဲခဲ့ပြီး အခုလိုမျိုး ကိစ္စရပ် ဖြစ်ခဲ့တာကြောင့် စိတ်မကောင်းဖြစ်မိပြီး အခုလို သတင်းဖော်ပြခဲ့တာလည်း ရိုးရိုးသာသားရေးသားဖော်ပြခဲ့ခြင်းသာဖြစ်တယ်လို့ တပ်မတော်နဲ့ ပြည်သူလူထုကို အသိပေးဖော်ပြထားပါတယ်။ အခုလိုမျိုး သတင်းထောက်တွေအပေါ်မှာ တရားစွဲအပြစ်ပေးတာတွေနဲ့ ပတ်သတ်လို့ သတင်းမီဒီယာကောင်စီအနေနဲ့ တုံပြန်မှု နှေးကွေးတယ်လို့ သတင်းသမားကြား ဝေဖန်နေချိန်မှာပဲ သတင်းမီဒီယာကောင်စီရဲ့ အတွင်းရေးမှူး ဦးသီဟစောကတော့ ဥပဒေဟာ အားနည်းချက်များစွာ ရှိနေသေးတယ်လို့ ဆိုပါတယ်။

“သတင်းမီဒီယာ ဥပဒေ ကိုက မပြည့်စုံသေးဘူး။ အဲဒီအထဲမှာအားနည်းချက်တချို့ ညှိနှိုင်းရမယ်ဆိုတာမျိုးလုပ်လို့မရဘူး။ အခုဟာက ငါတို့လည်းပြန်ပြင်ဖို့ ကြိုးစားနေတယ်။ အဲလိုဖြစ်တဲ့အခါတိုင်းမှာ ရှိသမျှကိစ္စတိုင်းက ရှင်းလို့မရဘူး။ ကျင့်ဝတ်မှုပိုင်းဆိုင်ရာ သတင်းရေးသားမှုပိုင်းဆိုင်ရာဆိုရင်တော့ ငါတို့က ညှိနှိုင်းဖြေရှင်းပေးလို့ရတယ်။ အဲဒီအခါမှာလည်း ခုနက ကာယကံရှင်က တိုင်ကြားမှ ဖြေရှင်းနိုင်မည်ဆိုတာကြောင့်မို့လို့ ငါတို့လုပ်ခွင့်မရတာရှိတယ်။ အဲဒါတောင်မှပဲ တကယ်တမ်းပြောရရင် ပြီးခဲ့တဲ့ ၂ နှစ်ခွဲလောက်မှာ case ပေါင်း ၁၈၀ ကျော်လောက် ငါတို့ ညှိနှိုင်းဖြေရှင်းပေးလို့ရခဲ့တယ်။ အခုက ကာယကံရှင် ကိုက ဥပဒေ Awareness နည်းတယ် နောက်ပြီးတော့ complain mechanism ရှိတယ်ပေါ့နော် ညှိနှိုင်းဖြေရှင်းဖို့နည်းစဉ်ရှိတယ်ဆိုတာကို သိပ်ပြီးတော့ အသိအမှတ်မပြုကြဘူး မလုပ်ကြဘူး။ Especially တော့ အင်အားကြီးတဲ့ သတင်းမီဒီယာ House တို့ ၊ အဲဒီအစိုးရပိုင်း သူတို့ဘက်ကလည်း အဲဒီလိုမျိုးပြဿနာတွေရှိတယ်။”

အခုလို သတင်းရေးသားဖော်ပြမှုနဲ့ ပတ်သက်လို့ မီဒီယာ တစ်ခုကို တပ်မတော်ဘက်က အမှုစွဲဆိုလိုက်တာဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိပါးတာဖြစ်တာကြောင့် သတင်းသမားတွေက ရှုတ်ချသလို လက်ရှိအစိုးရသစ်ကို အကြပ်အတည်းဖြစ်အောင် တွန်းပို့တာဖြစ်တယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိပါတယ်။ မြန်မာ ဂျာနယ်လစ် ကွန်ရက် MJN ကတော့ သတင်းမီဒီယာတွေရဲ့ သတင်းရေးသားတာနဲ့ ပတ်သတ်လို့ အချက်အလက်မှားယွင်းတာတွေ ရှိရင် အရင်ဆုံး သတင်းမီဒီယာကောင်စီထံ တိုင်ကြားဖြေရှင်းသင့်ပြီး နှစ်ဘက် ညိုနှိုင်းဖြေရှင်းသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နောက်အခါတွေမှာ တပ်မတော်အနေနဲ့ မီဒီယာတွေမှာ ဖော်ပြတဲ့ ရေးသားဖော်ပြချက်တွေနဲ့ ပတ်သတ်လို့ အချက်အလက်လွဲမှားမှုတွေ နစ်နာမှုတွေရှိရင် သတင်းမီဒီယာ ဥပေဒေများနဲ့ အညီ စာနယ်ဇင်းကောင်စီသို့ တိုင်းကြားပြိး ပူးပေါင်းဆောင်ရွက် ဖို့အတွက် တိုက်တွန်းထားပါတယ်။

Your browser doesn’t support HTML5

7 Day အမှု တရားဝင်ကျေအေးစာ မရရှိသေး