Your browser doesn’t support HTML5
ရွှေ့ပြောင်းအလုပ်သမားရဲ့ အခြေခံရပိုင်ခွင့်ကို ကာကွယ်ဖို့အတွက် အရပ်သားအဖွဲ့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း အလုပ်သမားနဲ့ ပြည်သူ့အင်အားဝန်ကြီးက အောက်တိုဘာလ (၂၀) ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ ပြောသွားပါတယ်။ ရွှေ့ပြောင်းလုပ်သားလို့ပြောရင် နိုင်ငံခြားရောက် မြန်မာအလုပ်သမားကို မြင်ကြတာ များပါတယ်။ ပြည်တွင်းက ရွှေ့ပြောင်းလုပ်သားအကြောင်းကို လူသိနည်းပါတယ်။ ILO ခေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ဟာ ပြည်တွင်းက ရွှေ့ပြောင်းလုပ်သား (၇၂၉၅) ဦးကို တွေ့ဆုံမေးမြန်းပြီး Internal Labour Migration in Myanmar ဆိုတဲ့ စာမျက်နှာ တရာကျော် အစီရင်ခံစာကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ မနှစ်က ထုတ်ဝေခဲ့ပါတယ်။
အဓမ္မခိုင်းစေမှုဆိုတာ အစိုးရဝန်ထမ်းက ပြည်သူကို အဓမ္မခိုင်းတာမျိုး ဖြစ်ပေမယ့် အခုတော့ ပုဂ္ဂလိကဏ္ဍမှာလည်း တွေ့နိုင်တယ်လို့ ဆိုပါတယ်။ အဓမ္မခိုင်းစေတယ်လို့ ပြောနိုင်တဲ့ အချက် (၃) ချက်ကို ရှင်းပြထားပါတယ်။ အင်အားသုံးပြီး (သို့မဟုတ်) လိမ်လည်လှည့်ဖြားပြီး ခိုင်းစေမှု၊ အတင်းအကျပ် ခိုင်းစေမှု၊ အလုပ်မထွက်နိုင်အောင် လုပ်ထားမှုစတဲ့ အခြေအနေတခုခုရှိရင် အဓမ္မ ခိုင်းစေမှုလို့ ခေါ်နိုင်တယ်လို့ ဆိုပါတယ်။ ILO အဖွဲ့ဟာ အဓမ္မ ခိုင်းစေမှု ပြဿနာကို စောင့်ကြည့်နေတာ (၁၅) နှစ် ရှိပါပြီ။
နောက်ဆုံးအခြေအနေကို သိနိုင်ဖို့အတွက် ၂၀၁၃ နှစ်ဆန်းနဲ့ ၂၀၁၅ ဧပြီလအကြားမှာ ရွှေ့ပြောင်းတဲ့ အလုပ်သမားတွေကို ရွေးပြီး မေးမြန်းတယ်လို့ ဆိုပါတယ်။ တိုင်း (သို့မဟုတ်) ပြည်နယ်တခုမှာ မြို့နယ် (၄) ခုနှုန်းနဲ့ စစ်တမ်းကောက်ယူပါတယ်။ မေးမြန်းသူအားလုံးဟာ အလုပ်အကိုင်မကောင်းလို့ နေရာရွှေ့ပြောင်းရတာလို့ ဆိုပါတယ်။ ဆွေမျိုးမိတ်သင်္ဂဟ အကူအညီနဲ့ အလုပ်အကိုင် ပြောင်းရွှေ့သူက အမာျးစု ဖြစ်ပေမယ့် (၁၀) ရာခိုင်နှုန်းဟာ အလုပ်ပွဲစားကို အခကြေးငွေပေးပြီး အလုပ်ရွှေ့ပြောင်းတယ်လို့ ဆိုပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေဟာ နေရာသစ်မှာ အိမ်ငှားနေနိုင်တဲ့ အခြေအနေ မရှိတဲ့အတွက် အလုပ်အနီးမှာ ဖြစ်သလို တဲဆောက်ပြီး နေထိုင်ကြသလို အလုပ်ရှင်းပေးတဲ့ နေရာမှာလည်း နေထိုင်ကြပါတယ်။ မကျေနပ်တာကို မပြောရဲတဲ့ အလုပ်သမားဘဝ ရောက်သွားတယ်လို့ ဆိုပါတယ်။
အလုပ်သစ်မရမီက ပြောထားတာနဲ့ လက်တွေ့အလုပ် တခြားစီ ဖြစ်နေတာမျိုးရှိတဲ့အတွက် လိမ်လည်လှည့်ဖြားခံရသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ မူလသဘောတူထားတဲ့ အလုပ်ချိန်ထက်ပိုပြီး ခိုင်းမှု၊ နားချိန်မရှိမှု၊ အပြင်လောကနဲ့ ဆက်သွယ်ခွင့် မရမှု စတာတွေကြောင့် အဓမ္မခိုင်းလို့ အလုပ်လုပ်ရသလို ဖြစ်ပါတယ်။ အလုပ်ထဲက မထွက်နိုင်အောင် အလုပ်ရှင်ဘက်က ဖန်တီးထားတာ အဓမ္မခိုင်းစေမှုနဲ့ အတူတူပဲလို့ ဆိုပါတယ်။ မေးမြန်းတဲ့ အလုပ်သမား (၇၂၉၅) ထဲမှာ (၂၆) ရာခိုင်နှုန်း (သို့မဟုတ်) ၁၉၀၈ ဟာ အဓမ္မခိုင်းစေခြင်း ခံရသူတွေဖြစ်ပြီး (၁၄) ရာခိုင်နှုန်း (သို့မဟုတ်) ၁၀၀၇ ဟာ အဓမ္မခိုင်ခံရတဲ့ ဘဝရောက်သွားအောင် လိမ်လည်လှည့်ဖြားခံရသူ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဒီအထဲမှာ (၅၃၈၇) (သို့မဟုတ်) (၇၄) ရာခိုင်နှုန်းဟာ အဓမ္မခိုင်းစေမှုက ကင်းလွတ်တယ်လို့ ဆိုပါတယ်။
လူကုန်ကူးမှုဟာ ပြည်တွင်းမှာလည်း ဖြစ်ပွားပါတယ်။ နိုင်ငံခြားခေါ်သွားမှသာ ဖြစ်ပွားတဲ့အမှု မဟုတ်ပါဘူး။ ဒါကြောင့် ပြည်တွင်းရွှေ့ပြောင်းလုပ်သားကိစ္စမှာ လူကုန်ကူးမှုနဲ့ အဓမ္မစေခိုင်းမှု ပါဝင်နေပုံကို ILO က ဖော်ပြထားပါတယ်။ စစ်တမ်းကောက်ယူတဲ့လူ (၇၂၉၅) ကျော်ထဲမှာ အသက် (၁၈) နှစ်အောက် ကလေးအရွယ်က (၆) ရာခိုင်နှုန်းပါဝင်ပါတယ်။ ပဲခူးတိုင်းမှာ ရွှေ့ပြောင်းလုပ်သား အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းက ဒုတိယအများဆုံး ဖြစ်ပါတယ်။ နေရာဟောင်းက မရွှေ့ပြောင်းမီ နေရာသစ်မှာ အလုပ်လုပ်ဖို့ စီစဉ်နိုင်သူက (၅၄) ရာခိုင်နှုန်းရှိပြီး (၄၆) ရာခိုင်နှုန်းကတော့ ရွှေ့ပြောင်းပြီးမှာ အလုပ်ရှာကြပါတယ်။ အလုပ်ကန်ထရိုက်ကို စာနဲ့ရေးဖို့ မြန်မာဥပဒေက ပြဌာန်းထားပေမယ့် အများစုဟာ နှုတ်ကတိနဲ့ အလုပ်လုပ်ကြပါတယ်။
အလုပ်စာချုပ်ရှိသူ အနည်းအကျဉ်းရှိပေမယ့် သတ်မှတ်တဲ့အချက်အလက် ပြည့်စုံတာ မဟုတ်တဲ့အတွက် လုပ်ငန်းခွင်မှာ ပြဿနာဖြစ်ရင် အလုပ်ရှင်ကို အရေးယူဖို့ ခက်ခဲပါတယ်။ ရွှေ့ပြောင်းလုပ်သား (၇၂၉၅) မှာ (၄၀) ရာခိုင်နှုန်းဟာ လုပ်ခများတဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်ကြပါတယ်။ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ သတ္တုတွင်း၊ ငါးလုပ်ငန်း၊ သစ်တောလုပ်ငန်း စတာတွေမှာလည်း လုပ်ကိုင်ကြပါတယ်။ ရွှေ့ပြောင်းလုပ်သား (၉၀) ရာခိုင်နှုန်းဟာ အလုပ်ကြောင့် ထိခိုက်ဒဏ်ရာရရင် လျှော်ကြေးရဖို့ မမျှော်လင့်ကြပါဘူး။ လူနည်းစုလောက်သာ အလုပ်ရှင်ရဲ့ အကူအညီ ရရှိပါတယ်။
ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ တိုင်းတာတဲ့အခါမှာ ရွှေ့ပြောင်းလုပ်သားအားလုံးရဲ့ လုပ်ငန်းခွင်နဲ့ နေထိုင်မှုအခြေအနေဟာ အဓမ္မခိုင်းစေမှုနဲ့ ပတ်သက်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ရွှေ့ပြောင်းလုပ်သားနဲ့ လူကုန်ကူးမှု ဆက်စပ်နေပုံကိုလည်း ဖော်ပြပါတယ်။ နေရာရွှေ့ပြောင်းလုပ်ကိုင်သူဦးရေ ဆက်လက်တိုးပွားဖို့ များပါတယ်။ ဒါကြောင့် ILO အဖွဲ့က မြန်မာအစိုးရနဲ့ရော အရပ်သားအဖွဲ့အစည်းနဲ့ရော ပူးပေါင်းဆောင်ရွက်ပြီး ရွှေ့ပြောင်းလုပ်သား စစ်တမ်းကောက်ယူတာ ဖြစ်ပါတယ်။ ဒီစစ်တမ်းကြောင့် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေအနေ တိုးတက်ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။