သတင်းထောက် ၂ဦး အမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်မှတ်ချက် Nikki Haley ဝေဖန်

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley 

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ကျူးလွန်ခဲ့တယ်ဆိုတဲ့ နိုင်ငံတကာရဲ့ ပြောဆိုမှုတွေအပေါ် ငြင်းဆိုခဲ့တာအပြင် အဲဒီအဖြစ်အပျက်တွေအကြောင်း သတင်းယူနေတဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ဒဏ် စီရင်လိုက်တဲ့ ကိစ္စဟာလည်း တရားမျှတမှုရှိကြောင်း နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုမှုတွေဟာ ယုံနိုင်စရာ မရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က Twitter လူမှုကွန်ယက်ကတဆင့် ပြောကြားလိုက်ပါတယ်။

ရိုက်တာသတင်းထောက် ၂ ဦးဟာ သတင်းထောက်တွေဖြစ်လို့ အဖမ်းခံရတာ မဟုတ်ကြောင်း၊ သူတို့ဟာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖေါက်တဲ့အတွက်ဆိုပြီး တရားရုံးက စီချင်ချက်ချခဲ့တာ ဖြစ်ကြောင်း၊ သူ့အနေနဲ့ တရားဥပဒေ စိုးမိုးရေးကို ယုံကြောင်း၊ သတင်းထောက်တွေအနေနဲ့ အယူခံဝင်ခွင့် ရှိကြောင်း၊ ဒီတရားစီရင်ရေးဟာ ဘာကြောင့်မှားတယ်ဆိုတာကို ပြောပြနိုင်တယ်၊ မှားတယ်လို့ မြင်ရင် ထောက်ပြနိုင်ကြောင်း ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ညှိနှိုင်း ဆွေးနွေးပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က ကြာသပတေးနေ့မှာ မှတ်ချက်ပေး ပြောဆိုသွားခဲ့တဲ့အပေါ် သံအမတ်ကြီး Haley က Twitter ကနေ တုံ့ပြန် ရေးသားလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီလို ပြောဆိုမှုအပေါ် သဘောမတူကြောင်း၊ သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ အမေရိကန် ပြည်ထောင်စုအတွက် အရေးပါတဲ့အကြောင်းအရာ တခုဖြစ်ကြောင်း၊ သတင်းထောက်တွေကို ပြန်လွတ်ပေးသင့်ကြောင်း၊ ဒီကိစ္စကို အစိုးရအဖွဲ့အတွင်း တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေထံ အမေရိကန်ပြည်ထောင်စုအနေနဲ့ တင်ပြ တောင်းဆိုသွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Heather Nauert က ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း အခွင့်အရေး ချိုးဖောက်ခံရသူတွေအတွက် ဥပဒေအရ အရေးယူနိုင်ရေး နည်းလမ်းတွေကို ဝိုင်းဝန်းရှာဖွေကြဖို့ မဟာမိတ်နိုင်ငံတွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း Heather Nauert က ပြောပါတယ်။

ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲ Federica Mogherini ကလည်း - ရိုက်တာ သတင်းထောက် ၂ ဦးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပြီး၊ ဥရောပသမဂ္ဂနဲ့ မြန်မာကြား လက်ရှိ စီးပွားရေး အစီအစဉ်တွေကို ဆက်ပြီး ထားရှိနိုင်ဖို့ အတွက် မြန်မာနိုင်ငံဘက်က အခြေအနေတွေ တိုးတက်အောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ပြောကြားလိုက်ပါတယ်။

သတင်းထောက်တွေရဲ့ အကျိုးဆောင်ရှေ့နေကတော့ ဒီပြောဆိုချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရင်ကပြောဆိုခဲ့ဘူးတဲ့ ရပ်တည်ချက်တွေနဲ့ ကွဲလွဲနေပြီဆိုပြီး ဝေဖန်ပါတယ်။

ရိုက်တာ သတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ တို့ဟာ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်ကြောင်း ပြစ်မှု ထင်ရှားတဲ့အတွက် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက စက်တင်ဘာလ ၃ ရက်နေ့မှာ ထောင်ဒဏ် (၇) နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

သတင်းထောက် ၂ဦး အမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်မှတ်ချက် Nikki Haley ဝေဖန်