မုန်တိုင်းသင့် ထိုင်ဝမ်ရေပြင်မှာ မြန်မာသင်္ဘောသား ၉ ဦးပျောက်ဆုံးနေ

Gaemi တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်နေစဉ် ထိုင်ဝမ်ကျွန်းမြောက်ပိုင်း Yilan မြို့မှာ လေသည်းထန်နေသည်ကိုတွေ့ရစဉ် (ဇူလိုင် ၂၅၊ ၂၀၂၄)

အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း Gaemi ဝင်ရောက်နေတဲ့ ထိုင်ဝမ်ကျွန်းရဲ့ အနောက်တောင် ကမ်းလွန်မှာ Tazania နိုင်ငံ မှတ်ပုံတင် ကုန်တင်သ‌င်္ဘောတစင်း နစ်မြုပ်ခဲ့တာကြောင့် သင်္ဘောပေါ် ပါလာတဲ့ မြန်မာနိုင်ငံသား ဝန်ထမ်း ၉ ယောက်ဟာ အသက်ကယ်အင်္ကျီတွေ ဝတ်ပြီး သင်္ဘာပေါ်ကနေ ခုန်ဆင်းခဲ့ရကြောင်း ထိုင်ဝမ် မီးသတ်ဌာနက ပြောပါတယ်။ ဒီလူတွေက ရေထဲမှာ မျောပါနေတကြောင့် အနီးနားက ထိုင်ဝမ်ကုန်တင်သင်္ဘာကို အကူအညီပေးဖို့ အကြောင်းကြားထားတယ်လို့လည်း မီးသတ်ဌာနအကြီးအကဲ Hsiao Huan-chang က AFP သတင်းဌာနကို ပြောပါတယ်။

သင်္ဘော ဘယ်အချိန်မှာ နစ်မြုပ်ခဲ့တယ်ဆိုတဲ့ အချိန်အတိအကျကို သူက မပြောပေမယ့် ကယ်ဆယ်ရေးသင်္ဘောကတော့ သူတို့ရှိရာကို ဒေသစံတော်ချိန် မနက် ၈ နာရီ ၃၅ မိနစ်မှာ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လေက အရမ်းပြင်းပြီး မြင်ကွင်း မရှင်းတဲ့အတွက် ကယ်ဆယ်ရေးလုပ်ရတာ ခက်ခဲကြောင်းလည်း သူက ပြောပါတယ်။

ထိုင်ဝမ်တောင်ပိုင်း Kaohsiung မြို့ကနေ ကယ်ဆယ်ရေးရဟတ်ယာဉ်ထွက်ခွာလာပြီး သင်္ဘာမြုပ်တဲ့နေရာဆီကို နေ့လည် ၃ နာရီခွဲမှာ ရောက်လာခဲ့ကြောင်း ထိုင်ဝမ်မီးသတ်ဌာနက ကြေညာထားပြီး အခုလက်ရှိလည်း ရှာဖွေရေး ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ၈ နှစ်တာကာလအတွင်း အင်အားအပြင်းဆုံး တိုင်ဖုန်မုန်တိုင်း Gaemi ထိုင်ဝမ်ကျွန်း မြောက်ပိုင်းကို ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ ဝင်ရောက် တိုက်ခတ်တာကြောင့် အနည်းဆုံး လူ ၂ ယောက်သေဆုံးပြီး ၂၆၆ ယောက် ဒဏ်ရာရကြောင်း အစိုးရက ကြေညာထားပါတယ်။

Gaemi တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်နေစဉ် ထိုင်ဝမ်ကျွန်းရှိ Kaohsiung မြို့မှာ ရေကြီးနေတဲ့လမ်းတွေကို တွေ့ရစဉ် (ဇူလိုင် ၂၅၊ ၂၀၂၄)

အရှေ့မြောက်ကမ်းခြေ Yilan ကနေ မနေ့ည သန်းခေါင်ယံ အချိန်လောက်က ကုန်းတွင်းပိုင်းကို ဝင်ရောက်လာပြီး မုန်တိုင်းကျချိန် တနာရီကို ၁၄၁ မိုင်နှုန်းထိ လေပြင်းတိုက်ခဲ့တာပါ။ မုန်တိုင်းကြောင့် အိမ်ခြေ ၅ သိန်းလောက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ရပြီး အများစုကတော့ ဒီနေ့လည်ပိုင်းမှာ မီးပြန်ရကြတယ်လို့ ဒေသဆိုင်ရာ လျှပ်စစ် ပေးဝေရေးဌာနက ပြောပါတယ်။ မုန်တိုင်းဒဏ်ကြောင့် ထိုင်ဝမ်ကျွန်းတဝှမ်း မိုးကြီးပြီး တောင်ပိုင်းမြို့ Kaohsiung မှာလည်း ရေကြီးနေတာကို တွေ့ရပါတယ်။

တိုင်ဖုန်မုန်တိုင်း Gaemi က တရုတ်ပြည်မကြီးဆီကို ရွေ့လာပြီး လေပြင်းအရှိန်လျော့သွားနိုင်ပေမယ့် မိုးတော့ ဆက်ရွာနိုင်သေးကြောင်း မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံ ကမ်းရိုးတန်းက Fuijan နဲ့ Zhejiang ပြည်နယ်တွေမှာတော့ ရထားလိုင်းတွေ ခေတ္တဆိုင်းငံ့ထားပြီး လူအယောက် တသိန်းခွဲလောက်ကို ပြောင်းရွှေ့နေရာ ချထားပါတယ်။

Your browser doesn’t support HTML5

မုန်တိုင်းသင့် ထိုင်ဝမ်ရေပြင်မှာ မြန်မာသင်္ဘောသား ၉ ဦးပျောက်ဆုံးနေ