မြောက်ကိုရီးယားနယ်စပ်မှာ၊ ကန်ဗုံးကြဲလေယာဉ်တွေနဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေ စစ်ရေးလေ့ကျင့်

အမေရိကန် ဗုံးကြဲလေယာဉ်တွေ နဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေ ပူးပေါင်းပြီး မြောက်ကိုရီးယားနိုင်ငံ နယ်စပ်နားမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့တယ်လို တောင်ကိုရီးယားစစ်တပ်က ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားဘက်က တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်တာတွေ ဆက်တိုက်လုပ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ဒီစစ်ရေးလေ့ကျင့်မှုကို လုပ်ခဲ့တာဖြစ်ပါတယ်လို့ တောင်ကိုရီးယားစစ်တပ်ရဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်ရဲ့ B-1B Lancer ဗုံးကြဲလေယာဉ် ၂ စင်း နဲ့ အတူ အမေရိကန်နဲ့ တောင်ကိုရီးယားတိုက်လေယာဉ်တွေက နိုင်ငံ အရှေ့ဘက်ခြမ်း က Gangwon ပြည်နယ်မှာ စစ်ရေးလေ့ကျင့်ခဲ့ကြတာဖြစ်ပြီး၊ အဲဒီမှာ ရန်သူရဲ့ တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်တဲ့စင် နဲ့ မြေအောက်စခန်းလို ဟာတွေကို ပစ်မှတ်ထားတိုက်ခိုက်သလိုမျိုး စစ်ရေးလေ့ကျင့်ခဲ့ကြတာဖြစ်ပါတယ်။မြောက်ကိုရီးယားက အခုသီတင်းပတ်အစောပိုင်းမှာ နျူးကလီးယားထိပ်ဖူးတပ်ပြီး ကမ္ဘာ့လေထုထဲကို ပြန်ဝင်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်တခု စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ အဲဒီဒုံးကျည်ဟာ ကီလိုမီတာ ၅၅၀၀ လောက် ပျံသန်းနိုင်ပြီး၊ အမေရိကန်ပြည်ထောင်စု အနောက်မြောက်ဘက်ပိုင်းလောက်အထိ ရောက်နိုင်ချေရှိတယ်လို့ အမေရိကန်စစ်ဘက်တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။

မြောက်ကိုရီးယားက အခုလိုဒုံးကျည်စမ်းသပ်လိုက်ပြီးတဲ့နောက်၊ မြောက်ကိုရီးယားရဲ့ နျူးကလီးယားရည်မှန်းချက်ကို ရပ်တန့်ဖို့အတွက် သူအနေနဲ့ ကြီးမားတဲ့ တချို့ကိစ္စရပ်တွေကို လုပ်သွားဖို့ ပြင်ဆင်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ အလွန်ကို အန္တရာယ်ရှိတဲ့ အပြုအမူတွေကို လုပ်ဆောင်နေပြီး၊ တခုခုတော့ လုပ်မှဖြစ်မယ်။ သူတို့ရဲ့ ဆိုးရွားတဲ့လုပ်ရပ်တွေအတွက် အကျိုးဆက်တွေရှိတယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီးယားနယ်စပ်မှာ၊ ကန်ဗုံးကြဲလေယာဉ်တွေနဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေ စစ်ရေးလေ့ကျင့်