ကုလအဆင့်မြင့်အရာရှိ မြောက်ကိုရီးယား ရောက်ရှိ

ကုလသမဂ္ဂ နိုင်ငံရေးရာ လက်ထောက် အတွင်းရေးမှူးချုပ် Jeffrey Feltman မြောက်ကိုရီးယား ရောက်ရှိ

မြောက်ကိုရီးယား အစိုးရရဲ့ နျူးကလီးယားနဲ့ ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်မှု အစီအစဉ်တွေ အပေါ် တင်းမာမှုတွေ လျော့ကျရေး ဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂရဲ့ အဆင့်မြင့် တာဝန်ရှိသူ တဦး မြောက်ကိုရီးယားကို ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂ နိုင်ငံရေးရာ လက်ထောက် အတွင်းရေးမှူးချုပ် Jeffrey Feltman ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကို တထောက်ဝင်ရောက်ပြီး နောက်တနေ့ ဒီကနေ့ အင်္ဂါနေ့မှာ မြောက်ကိုရီးယား နိုင်ငံ ပြုံယမ်းမြို့တော်ကို သွားရောက်တာပါ။ ၂၀၁၀ ပြည့်နှစ်က ကုလသမဂ္ဂရဲ့ အရင် နိုင်ငံရေးရာ လက်ထောက် အတွင်းရေးမှူးချုပ် Lynn Pascoe ရဲ့ မြောက်ကိုရီးယား ခရီးစဉ်နောက်ပိုင်း ကုလ အဆင့်မြင့်တာဝန်ရှိသူ တဦးရဲ့ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။

မစ္စတာ Feltman ရဲ့ ခရီးစဉ်အတွင်းမှာတော့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Ri Yong Ho၊ နောက် ဒုတိယ ဝန်ကြီး Pak Myong Guk တို့နဲ့ တွေ့ဆုံပြီး နှစ်ဘက် အကျိုးတူ ကိစ္စရပ်တွေနဲ့ စိုးရိမ်ချက်တွေကို ဆွေးနွေးမှာ ဖြစ်ပြီး သောကြာနေ့မှာ ခရီးစဉ် အဆုံးသတ်မယ်လို့ ကုလပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

အမေရိကန် ပြည်မကြီး အထိ ရောက်အောင်ပစ်နိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းတပ် ဒုံးကျည်သစ်ကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ပြီလို့ မြောက်ကိုရီးယားဘက်က ကြေညာခဲ့ပြီး သတင်းတပတ် အတွင်းမှာဘဲ ကုလ အဆင့်မြင့် တာဝန်ရှိသူ တဦးရဲ့ မြောက်ကိုရီးယား ခရီးစဉ် ထွက်ပေါ်လာတာပါ။ ဒီစမ်းသပ်မှုကြောင့် မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ပိုပြီး တင်းမာစေခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဘက်က အကြီးမားဆုံး လေကြောင်း စစ်ရေးလေ့ကျင့်မှုကို မနေ့ တနလာၤနေ့က စတင်လိုက်ချိန်နဲ့ တပြိုင်တည်းမှာဘဲ ကုလ အဆင့်မြင့် တာဝန်ရှိသူရဲ့ မြောက်ကိုရီးယား ခရီးစဉ် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကုလအဆင့်မြင့်အရာရှိ မြောက်ကိုရီးယား ရောက်ရှိ