မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု ကန် နဲ့ဂျပန် ရှုတ်ချ

အမေရိကန်နဲ့ မြောက်ကိုရီးယားကြားဆွေးနွေးမှုတွေပြန်စဖို့ အစီအစဉ်တွေလုပ်နေတဲ့ ကြားက လတ်တလော မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဟာ မလိုအပ်ပဲတမင်သက်သက်ရန်စတဲ့လုပ်ရပ် အဖြစ် အမေရိကန်နဲ့ ဂျပန်က ဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယားက သူတို့ရဲ့ ခေတ်မီ လက်နက်ကရိယာ စီမံချက် တခုဖြစ်တဲ့ ပဲ့ထိန်းတပ်ဒုံးကျည်ပစ်လွှတ်နိုင်အောင် ပုံစံထုတ်လုပ်ထားတဲ့ ရေငုပ်သင်္ဘောပေါ်ကနေ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။

ဒီလုပ်ရပ်ဟာ တမင်သက်သက်ရန်စတဲ့ လုပ်ရပ်ဖြစ်ပြီး သံတမန်ရေးအရ ဆွေးနွေးဖို့ အနေအထားမရှိတဲ့ အတွက် မြောက်ကိုရီးယားအနေနဲ့ ဒီလို စမ်းသပ်မှုတွေကို ရပ်ဆိုင်းဖို့လိုအပ်တယ်ဆိုတာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper နဲ့ ဂျပန် ကာကွယ်ရေးဝန်ကြီး Taro Kono တို့ တယ်လီဖုန်းဆက်သွယ်ပြောဆို ဆွေးနွေးခဲ့ကြကြောင်း ပင်တဂွန် ပြောခွင့်ရ Jonathan Hoffman က ကြာသပတေးနေ့က ပြောပါတယ်။

ကိုရီးယားဗဟို သတင်းဌာန KCNA က ကြာသပတေးနေ့က ရေထဲကနေ ဒုံးကျည် စမ်းသပ် ပစ်လွှတ်တာကို သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။ ရေငုပ်သင်္ဘောကနေ စမ်းသပ်တယ်လို့ အတိအကျမပြောနိုင်ပေမဲ့ ပင်လယ်တွင်း အခြေစိုက်စခန်းတခုက ပစ်လွှတ်တာ ဖြစ်တယ်လို့ ပင်တဂွန်ပြောခွင့်ရ ဗိုလ်မှူးကြီး Pat Ryder က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကစပြီး မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှု ၁၁ ကြိမ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။ အရင်က တာတိုပစ် စမ်းသပ်မှုတွေ အပေါ် သမ္မတ ထရမ့် က ပြဿနာမရှိဘူးလို့ပြောခဲ့ဖူးပေမဲ့ အခုတကြိမ်နဲ့ ပတ်သက်လို့တော့ ဘာမှ မှတ်ချက်မပေးသေးပါဘူး။

မြောက်ကိုရီးယားက အမေရိကန်နဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ပြန်စ တော့မယ်လို့ စနေနေ့ ကကြေညာပြီးနောက် နာရီပိုင်းအကြာမှာပဲ အခုလို ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။ ဒီလုပ်ရပ်အတွက် အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိလာမလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

.................

{Unicode}








Your browser doesn’t support HTML5

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု ကန် နဲ့ဂျပန် ရှုတ်ချ