မြောက်ကိုရီးယား ပစ်လွှတ်တဲ့ဒုံးကျည် ပေါက်ကွဲပျက်စီး

ဧပြီလ ၆ ရက်နေ့တုန်းကမြောက်ကိုရီးယား ပစ်လွှတ်တဲ့ဒုံးကျည်

မြောက်ကိုရီးယား အစိုးရက ဆိပ်ကမ်းမြို့ ဆင်ပိုကနေ ဒုံးကျည် စမ်းသပ်လိုက်တာကြောင့် အုတ်အုတ်ကျက်ကျက် ဖြစ်နေတဲ့ တောင်ကိုရီးယား နိုင်ငံကို အမေရိကန် ဒုတိယ သမ္မတ ရောက်ရှိနေပါတယ်။

မြောက်ကိုရီးယား နိုင်ငံရဲ့ ဒုံးကျည် စမ်းသပ်မှုကတော့ မအောင်မြင်ခဲ့ပါဘူး။ အခုအချိန်က စိန်ခေါ်ချက်တွေရှိနေတဲ့ အချိန်ဖြစ်ပေမယ့် ရဲရင့်တဲ့ ပြည်သူတွေနဲ့ အမေရိကန်ရဲ့ သမိုင်းဝင် မဟာမိတ် တောင်ကိုရီးယား နိုင်ငံနဲ့ ဆက်ဆံရေး ကတော့ အရင်က မရှိခဲ့ဘူးတဲ့ အခြေအနေမျိုး အထိ ခိုင်မာ တောင့်တင်းနေပါတယ်လို့ ဒုတိယ သမ္မတ Mike Pence က ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

အခုအချိန်ဟာ ကမ္ဘာတလွှား အခက်အခဲ အကြပ်အတည်းတွေ ရှိနေချိန်ပါ။ အထူးသဖြင့်တော့ အာရှ ပစိဖိတ် ဒေသမှာ ဖြစ်ပါတယ်လို့ ဒုတိယ သမ္မတ Mike Pence က ပြောဆိုခဲ့တာပါ။ ညစာစားပွဲ မတိုင်ခင်မှာလည်း ဒုတိယ သမ္မတက အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ အတူ ဘုရားကျောင်းမှာ အီစတာ ဝတ်ပြုပွဲကို တက်ရောက်ခဲ့ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un အစိုးရရဲ့ စစ်အင်အား ပြတဲ့ပွဲလို့ ကမ္ဘာတလွှား အစိုးရတွေက ရှုမြင်ကြတဲ့ မြို့တော် ပြုံယမ်းက ကြီးကျယ်လှတဲ့ စစ်ရေးပြ အခမ်းအနားတွေ အပြီး နောက်တနေ့မှာ ဒုံးကျည် စမ်းသပ်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ မအောင်မမြင် ဖြစ်ခဲ့တဲ့ ဒုံးကျည် စမ်းသပ်မှုကို အမေရိကန် သမ္မတနဲ့ သူ့ရဲ့ စစ်ရေးဆိုင်ရာ အဖွဲ့တို့က သိရှိထားပြီ ဖြစ်ကြောင်းနဲ့ သမ္မတဘက်က တစုံတရာ မှတ်ချက် ပေးထားတာ မရှိသေးဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Jim Mattis က အကျဉ်းချုပ် ကြေညာချက် ထုတ်ခဲ့ပါတယ်။ မြောက်ကိုရီးယား တို့ ဒုံးကျည် စမ်းသပ်အပြီး မကြာခင်မှာဘဲ အမေရိကန် စစ်တပ်ရဲ့ ပစိဖိတ် ဒေသ ကွပ်ကွဲရေး ဌာနက ထုတ်တဲ့ ကြေညာချက်မှာတော့ ဒုံးကျည်က ပစ်ပြီးပြီးချင်းမှာဘဲ ပေါက်ကွဲသွားတာ ဖြစ်ပြီး ဒုံးကျည် အမျိုးအစားကို ဆန်းစစ်နေပါတယ်လို့ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီးယား ပစ်လွှတ်တဲ့ဒုံးကျည် ပေါက်ကွဲပျက်စီး