မြောက်ကိုရီးယားခြိမ်ခြောက်မှု နိုင်ငံအားလုံးရင်ဆိုင်ဖြေရှင်းဖို့ သမ္မတ Trump တိုက်တွန်း

သမ္မတ Trump

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို နိုင်ငံအားလုံးက ရင်ဆိုင်ဖြေရှင်းကြဖို့နဲ့ ဆိုးရွားလွန်းတဲ့ လုပ်ရပ်အတွက် နောက်ဆက်တွဲ အကျိုးဆက်တွေ ခံစားရမယ် ဆိုတာကိုသိအောင် လူသိရှင်ကြား လက်တွေ့ပြသကြဖို့ အမေရိကန်သမ္မတ Donald Trump က တိုက်တွန်းလိုက်ပါတယ်။

တိုင်းပြည်တွေကို အကြမ်းဖက်ဝါဒအန္တရာယ်က ကာကွယ်ဖို့ သာမက၊ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့လည်း လိုအပ်တဲ့အကြောင်း ပိုလန်သမ္မတနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ မြောက်ကိုရီးယားအပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ဆောင်ရွက်သွားဖို့ စဉ်းစားနေကြောင်းလည်း ပိုလန်နိုင်ငံမှာ အလည်အပတ် ရောက်နေတဲ့ သမ္မတ Trump က ပြောဆိုခဲ့ပေမဲ့၊ အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောဆိုမသွားပါဘူး။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကတော့ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး အန္တရာယ်ကို ကာကွယ်ဖို့ အမေရိကန် ပြည်ထောင်စုက စစ်ရေးအရ ပြင်ဆင်ထားကြောင်း မနေ့တုန်းကပဲ လုံခြုံရေးကောင်စီမှာ ပြောကြားခဲ့တာပါ။ ဒါပေမဲ့လည်း သံတမန်ရေး၊ စီးပွားရေးအရ ပြဿနာကို ဖြေရှင်းနိုင်မယ် ဆိုရင်တော့ အကောင်းဆုံးဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ အမေရိကန် အတွက်ရော မဟာမိတ်တွေ အတွက်ပါ ကာကွယ်ဖို့ အမေရိကန်က ပြင်ဆင်ထားကြောင်းလည်း သံအမတ်ကြီး Haley က ပြောဆိုခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုကတော့ မြောက်ကိုရီးယားနဲ့ အိမ်နီးချင်း တောင်ကိုရီးယားမှာ တပ်ဖွဲ့ဝင် ၂၈၅၀၀ ချထားပြီး၊ ဂျပန်နိုင်ငံမှာ ၅ သောင်း တာဝန်ပေးထားပါတယ်။ အမေရိကန် အနေနဲ့ လိုအပ်လာမယ်ဆိုရင် စစ်အင်အားကို အသုံးပြုမှာ ဖြစ်ပေမဲ့လည်း တတ်နိုင်သမျှ ရှောင်လွဲလိုကြောင်းလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သံအမတ်ကြီး Haley က ပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယားက ပထမဆုံးအကြိမ် တိုက်ချင်းပစ် ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး စမ်းသပ် ပစ်လွှတ်လိုက်တဲ့အတွက် နိုင်ငံတကာ အသိုင်းအဝန်းက ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့သလို၊ သံတမန်ရေးရာ ပြဿနာတွေလည်း ပေါ်ပေါက်လာနေတာပါ။ ကျွမ်းကျင်သူတွေကတော့ မြောက်ကိုရီးယားက အင်္ဂါနေ့မှာ စမ်းသပ်လိုက်တဲ့ မစ်ဇိုင်းဒုံးဟာ အမေရိကန် အပါအဝင် မြောက်အမေရိကအထိ ရောက်နိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီးယားခြိမ်ခြောက်မှု နိုင်ငံအားလုံးရင်ဆိုင်ဖြေရှင်းဖို့ သမ္မတ Trump တိုက်တွန်း