ကန် မြောက်ကိုရီယားထိပ်သီးတွေ့ဆုံမှု ဇွန်လထဲ ဖြစ်နိုင်ချေရှိဆဲ

ဇွန်လ ၁၂ ရက်လုပ်ဖို့ စီစဉ်ထားတဲ့ အမေရိကန်- မြောက်ကိုရီယားခေါင်းဆောင်နှစ်ဦး ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ အမေရိကန်နဲ့တိုက်ရိုက် ချိတ်ဆက်ဆောင်ရွက်ဖို့ မြောက်ကိုရီယားခေါင်းဆောင် Kim Jong Un ကို တိုက်တွန်းခဲ့တယ်လို့ တောင်ကိုရီယားသမ္မတ Moon Jae-In က ပြောပါတယ်။ စနေနေ့တုန်းက တောင်မြောက် ခေါင်းဆောင်နှစ်ဦး ဒုတိယအကြိမ် တွေ့ဆုံတဲ့အချိန်မှာ ခုလို တိုက်တွန်းလိုက်တာပါ။

စင်ကာပူမှာ ဇွန်လလုပ်မယ့်အစည်းအဝေးကို သမ္မတ Trump က ကြာသပတေးနေ့က ဖျက်ခဲ့ဲတဲ့နောက်၊ တောင်မြောက် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဖို့ မြောက်ကိုရီယားဖက်က ကမ်းလှမ်း လုပ်ဆောင်ခဲ့တာပါ။ တောင်မြောက်ခေါင်းဆောင်နှစ်ဦးဟာ အရင် ဇွန်လကတွေ့ခဲ့တဲ့ Panmunjom ကျေးရွာမှာပဲ တွေကခဲ့တာပါ။ လာမယ့် ဇွန်လ ၁၂ ထိပ်သီးဆွေးနွေးပွဲဟာ အောင်အောင်မြင်မြင်ဖြစ်သင့်တယ်လို့ သူရော မြောက်ကိုရီယားခေါင်းဆောင်ကင်ရော နှစ်ဦးလုံး သဘောထား တူခဲ့တယ်လို့ တောင်ကိုရီယားသမ္မတ Moon Jae In က တွေ့ဆုံမှုအပြီး သတင်းထောက်တွေကို ပြောပါတယ်။

သမ္မတ Trump ဖက်တော့ သူ့ဖျက်ခဲ့တဲ့ စင်ကာပူဆွေးနွေးပွဲ ပြန်ဖြစ်လာနိုင်တယ်လို့ စနေနေ့ကတော့ ပြောလာပါတယ်။ မြောက်ကိုရီယားခေါင်းဆောင် Kim Jong Un အနေနဲ့ ကိုရီယားကျွန်းဆွယ်မှာ နျူကလီယားလက်နက်ကင်းစင်ရေးအတွက် သမ္မတ Donald Trump နဲ့ တွေ့ဆုံဆွေးနွေးဖို့ ပိုင်းဖြတ်ထားဆဲရှိတယ်လို့ တောင်ကိုရီယားသမ္မတက ပြောပါတယ်။

ဒီအတွက် ထိပ်တိုက်တွေ့မှုကို အဆုံးသတ်ပြီး ပူးပေါင်းဆောင်ရွက်လိုတယ်လို့လည်း မြောက်ကိုရီယားခေါင်းဆောင်က ပြောတယ်လို့ဆိုပါတယ်။ တောင် မြောက် ခေါင်းဆောင်နှစ်ဦးဟာ အခုလာမယ့် ဇွန်လ ၁ ရက်နေ့ ထပ်တွေ့ဖို့ သဘောတူခဲ့ပြီး၊ နှစ်ဖက် ထိပ်တန်းစစ်ခေါင်းဆောင်တွေ တွေ့ဆုံကြဖို့ အစီအစဉ်ကိုလည်း ညှိုနှိုင်းကြမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကန် မြောက်ကိုရီယားထိပ်သီးတွေ့ဆုံမှု ဇွန်လထဲ ဖြစ်နိုင်ချေရှိဆဲ